ရန်ကုန် – ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်ဝင်းသည် ရန်ကုန်၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။
ဖေဖော်ဝါရီ ပထမပတ်က ဆက်သွယ်မေးမြန်းစဉ် တရားသူကြီးဟောင်း ဦးခင်မောင်ဝင်းက NLD ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရမှုအကြောင်း လွှတ်တော်တွင် ဆွေးနွေးခြင်း မရှိသေးသည့် အခြေအနေ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတို့အကြောင်း ပြောပြထားသည်။
မေး။ ။ ဦးကိုနီလုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ အဆိုတင်တာ၊ မေးခွန်းထုတ်တာတွေ ရှိပါသလား။
ဖြေ။ ။ ဘယ်သူမှ တင်တာမရှိသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်တော်တို့က ဘက်လိုက်တဲ့ သဘောမျိုးဖြစ်လို့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်တို့မှာ အဝန်းအဝိုင်းမှာ ကန့်သတ်ချက်ဘောင် ရှိတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လို့ပဲပြောပြော၊ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌလို့ပဲ ပြောပြောဗျာ၊ ရင်ကြားစေ့ရေးလုပ်နေချိန်မှာ ထိပ်တိုက် မတွေ့ဖို့အတွက် အများကြီး ဆင်ခြင်ရတာပေါ့။ ဦးကိုနီဆိုရင် သူအားသန်တာ ပြောတာ့၊ တချို့ဟာတွေကိုတော့ တပ်မတော်က ကြိုက်ချင်မှ ကြိုက်မှာပေါ့ဗျာ။ အဲဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့က လူကြီးတွေ သဘောထားမပါဘဲနဲ့ ကျွန်တော်တို့က ဝင်လုပ်ဖို့ကိုတော့ ဆင်ခြင်ရတာပေါ့ဗျာ။
မေး။ ။ ဦးကိုနီက ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေရေးရာပိုင်း အများကြီး အကူအညီပေးခဲ့တာ မဟုတ်ဘူးလား။
ဖြေ။ ။ ဦးကိုနီဆိုရင် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရွေးကောက်ပွဲ) နိုင်ဖို့အတွက် အများကြီး အကူအညီပေးခဲ့တာ။ ပြည်သူ့လွှတ်တော်ကျတော့ ပါတီတစ်ခု၊ အဖွဲ့တစ်ဖွဲ့ထဲကို ရပ်လို့ မရဘူး၊ ကျန်တဲ့လူတွေက ရှိသေးတာပေါ့ဗျာ။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောထားတာပေါ့ဗျာ၊ ကျွန်တော်တို့က တာဝန်ပေးခံရတာပဲဖြစ်တယ်၊ အနိုင်ရတယ်လို့တောင်မှ သိပ်ပြီး ပြောစေချင်တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့က ကျန်တဲ့ ပါတီ၊ တိုင်းရင်းသား ပါတီတွေကိုလည်း ကြည့်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ့်လူဖြစ်တာကြောင့် သိပ်ပြီးတော့ ခံစားမှု ပိုသွားရင်လည်း ရင်ကြားစေ့ရေးကိစ္စတွေ သွေဖည်သွားရာလည်း ကျကောင်းကျနိုင်ပါတယ်၊ ဒါပေမယ့် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး၊ ဒီနေ့မလုပ်ပေမဲ့လည်း နက်ဖြန် လုပ်ချင်လုပ်မှာပေါ့ဗျာ။
မေး။ ။ နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့က ဒီဖြစ်စဉ်ကို တရားရုံးချုပ်တို့ ရှေ့နေရုံးတို့နဲ့ ကော်မတီဖွဲ့ပြီး ကိုင်တွယ်စစ်ဆေးတာမျိုး ဘာကြောင့် မရှိသေးတာလို့ ထင်ပါသလဲ။
ဖြေ။ ။ လုပ်လို့ပဲ တော်တော်လေး လမ်းစပေါ်နေပြီဗျ။ ဒါတွေက သိုသိုသိပ်သိပ်လုပ်ရတဲ့ ကိစ္စလို့ ကျွန်တော်မြင်တာပေါ့ဗျာ။ ပျောက်သွားမှာလည်း စိုးရတယ်။ ဒီဘက်ကိုရောက်လာပြီဆိုရင် ဒီဘက်ကလူက အစဖျောက်လိုက်မှာလည်း စိုးရိမ်ရတယ်။ ဒါကတော့ စုံထောက်တွေရဲ့၊ စစ်ဆေးတဲ့လူတွေရဲ့ အသိဉာဏ် ကျယ်ပြန့်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စမှာတော့ စိတ်မပူပါနဲ့၊ နိုင်ငံတော်အကြီးအကဲတွေက အားလုံး သတိထားပြီးလုပ်နေမှာပါ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့လုပ်လို့ ဒီလောက်တည်ငြိမ်နေတာပါ။
မေး။ ။ တရားဥပဒေစိုးမိုးရေးနဲ့ဥပဒေရေးရာကော်မတီက ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အထဲက လုပ်ပေးနိုင်တာတွေရှိတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊ တရားလွှတ်တော်ချုပ် အဲဒီလို သက်ဆိုင်တဲ့ ဌာနတွေကို တကယ်အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ဘက်က ခိုင်ခိုင်လုံလုံ မြင်ရရင်တော့ အဲဒီကိုပို့ပြီးတော့ အရေးယူခိုင်းတာတွေ ရှိပါတယ်။ တချို့ ဝန်ထမ်းတွေ အရေးယူတဲ့အခါမှာ လျှော့ပေးဖို့ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲနဲ့ ချထားတဲ့အတွက် အလုပ် ပြုတ်သွားတာမျိုးတွေ၊ ကျွန်တော်တို့ ပြန်ပြီးစိစစ်တဲ့ အခါမှာ တချို့လည်း အလုပ် ပြန်ရသွားတာတွေလည်း ရှိပါတယ်။ တချို့ကျတော့ လာဘ်ယူလို့ တိုင်တယ်။ အဲဒါမျိုးကျတော့လည်း အရေးယူဖို့ ပြည်ထဲရေးကို ပို့လိုက်တာပေါ့။ ပြည်ထဲရေးကလည်း အရေးယူနေပါတယ်။ တချို့ကလည်း တရားလွှတ်တော်အဆင့်ဆင့်ကနေ အရံႈး ပေးထားတဲ့လူတွေက သူ့အမှုကို ပြန်ပြီး နိုင်အောင်လုပ်ပေးပါ ဆိုတာကတော့ ကျွန်တော်တို့ကလည်း ကြိုးတော့ ကြိုးစားကြည့်ပါတယ် ၊အဆင်မပြေတာတွေများပါတယ်။ ဒါကတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မှ မရှိတာ။
မေး။ ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီး ၁၁ ယောက် အပြည့်အဝ ခန့်မထားပါဘူး။ လစ်လပ်နေရာတွေရှိနေတာကြောင့် နိုင်ငံရဲ့ တရားစီရင်ရေးမှာ ထိခိုက်မှု မရှိနိုင်ဘူးလား။
ဖြေ။ ။ တရားသူကြီးတွေ အပြည့်မခန့်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်တယ်လို့တော့ တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး။ တရားသူကြီး ၁၁ ယောက် ရှိနေပေမယ့် အဂတိလိုက်စားမှုတွေက ရှိနေရင်လည်း ရှိနေမှာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မှ ဒီဥစ္စာတွေက တစ်နွယ်ငင် တစ်စင်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားသူကြီးချုပ်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေက အရမ်း များနေတယ်လေဗျာ။ သူက ဝန်ထမ်းတွေကို ခန့်တယ်ဗျာ၊ ရွှေ့တယ်ဗျာ၊ ရာထူးတိုးပေးတယ်ဗျာ၊ ဖြစ်လာတဲ့ ပြဿနာက သူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူတွေပဲ ဖြစ်တာ။ အပြင်က ရှေ့နေရှေ့ရပ်တွေ ပါရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ တတ်နိုင်တဲ့ လိုင်းကတော့ အကြံပေးနေတာပါပဲ။
မေး။ ။ အဲဒီလို လစ်လပ်နေတဲ့ နေရာကို ခန့်အပ်ရေးအတွက် တိုက်တွန်းသွားဖို့ ရှိပါသလား။
ဖြေ။ ။ အဲဒီလုပ်ပိုင်ခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌတို့ပဲ ရှိတာပေါ့။ တစ်ယောက်ကတော့ ကွယ်လွန်သွားတဲ့ ဦးမြင့်ဟန် နေရာမှာ ခန့်ဖို့ရာအတွက် စီစဉ်နေပါတယ်။ တိုးချဲ့ခန့်ဖို့ဆိုတာကတော့ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ရဲ့သဘောပေါ့ဗျာ။ အဲဒီလို မခန့်တာတွေကလည်း တရားလွှတ်တော်ချုပ်နေရာမှာတင် မကဘူး၊ တခြားနေရာတွေမှာလည်း ရှိတာပေါ့ဗျာ။ ဥပမာအားဖြင့် လူ့အခွင့်အရေး ကော်မရှင်မှာ ဆိုရင်လည်း လစ်လပ်နေတာပဲ။ အဂတိလိုက်စားမှုတားမြစ်ရေးကော်မရှင်မှာ ဆိုရင်လည်း သမ္မတဦးသိန်းစိန်လက်ထက်က ခန့်ခဲ့တဲ့ ရာထူးတွေပေါ့။ ဒါတွေကိုလည်း ပြင်ဆင်ပြီး ပြောင်းလဲခန့်အပ်မယ် ဆိုရင်လည်း လိုအပ်နေတာပါပဲ။ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အကြံပေးတွေရဲ့ သဘောထားပေါ်မှာ မူတည်တာပေါ့။ သူတို့ကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်၊ သုံးစွဲရမယ့် ဘတ်ဂျက် စသဖြင့် တကယ် အကျိုးရှိမလား မရှိဘူးလား၊ ဒါကို ဖွဲ့စည်းပုံအရ ကြည့်ပြီးတော့ လုပ်မယ့် ကိစ္စတွေပါ။ ။