သတင်း

ရခိုင်ပြည်နယ် မောင်တောတွင် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ နီးပါး ကိုဗစ်ကူးစက်ခံရ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင် ယမန်နေ့ (ဇူလိုင် ၁) က ကိုဗစ်နိုင်တင်း (Covid-10) အတည်ပြုလူနာ ၉၆ ဦးတွေ့ရှိခဲ့ရာ အများစုမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ 

ပိုးတွေ့လူနာ ၁၀၀ နီးပါးတွင် ဇွန် ၂၈ က မောင်တောသို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မိသားစုဝင် ၉၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂ ဦး၊ အကောက်ခွန်မှ တစ်ဦး၊ ကျောင်းသား ၂ ဦးဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းတွေဆိုတော့ ဌာနစုံပါပါမယ်။ နယ်ခြားစောင့်မှာဆိုရင် Custom (အကောက်ခွန်) ပါတယ်။ လဝကဝန်ထမ်းတွေလည်းပါတယ်။ ပိုးတွေ့လူနာတွေကို သူတို့စခန်းမှာ ဝင်လာတဲ့ လူတွေကို အစကတည်းက ကွာရန်တင်း (အသွားအလာကန့်သတ်ထားသည့်နေရာ) ထားတဲ့နေရာရှိတယ်။ အဲဒီမှာ ထားလိုက်ပါတယ်” ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ် ဒေါက်တာနုကေသီဇံက ပြောသည်။

ယမန်နေ့က လူပေါင်း ၁၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ၉၆ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကာ မောင်တောသို့ ကမ်းထိုးရေယာဉ်တစ်စီးတည်းဖြင့် အတူလာရောက်စဉ် ပိုးရှိလူနာမှတစ်ဆင့် တခြားသူများကို ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု ‌ဆိုသည်။

“ဒီ ၉၀ ကျော်တွေ့တာက မြို့ထဲကတွေ့တာ မဟုတ်ဘူးလေ။ သူတို့က အစုလိုက်အပြုံလိုက် သုံးရက် အတူတူလာကြတယ်။ သင်္ဘောတစ်စီးတည်းနဲ့ အတူလာကြတဲ့အချိန်မှာ ပိုးရှိတဲ့လူပါရင်တော့ ကူးတာပေါ့ ” ဟု ဒေါက်တာနုကေသီဇံက ပြောသည်။

မောင်တောမြို့တွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိလာပြီး ဘဏ်ဝန်ထမ်းတစ်ဦး၊ ကျောင်းဆရာမ ၂ ဦးနှင့် ကျောင်းသားကျောင်းသူတချို့တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ 

ဇွန် ၂၉ တွင် ကျောင်းဆရာမ ၂ ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေကြောင်း တွေ့ရှိခဲ့သောကြောင့် ၎င်းတို့တာဝန်ကျရာ စာသင်ကျောင်း ၂ ကျောင်းကို ယာယီရပ်နားလိုက်ကြောင်း မောင်တောမြို့နယ်ပညာရေးမှူး ဦးကြာစိန်အောင်က ပြောသည်။

ဆားကုန်ဘုတ် မူ(လွန်)ကျောင်းနှင့် အမှတ် (၆) မူ(လွန်) ကျောင်းဖြစ်ပြီး ယင်းနှစ်ကျောင်းမှ ပိုးတွေ့လူနာ ဆရာမ ၂ ဦး နှင့် ဆက်စပ်ပိုးတွေ့လူနာများကို မောင်တောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“မူ(လွန်) ၆ ဆိုတာ ဘုတ်ဆိပ်နားကကျောင်းက ဆရာမတစ်ယောက်မှာ ပိုးတွေ့တယ်။ နောက်ထပ် သူနဲ့ဆက်စပ်တဲ့ သူ့သားငယ်နဲ့ သမီးမှာ တွေ့တယ်။ နောက်တစ်ယောက်က မူ(လွန်) ဆားကုန်ဘုတ်က အလယ်တန်းပြဆရာမတစ်ယောက် တွေ့တယ်။ နောက်တစ်ရက်မှာ သူနဲ့ဆက်စပ်တဲ့ သူ့သမီးနဲ့ သူ့ယောက္ခမဆီမှာ ပိုးတွေ့တယ်။ သူတို့အားလုံး အခု မောင်တောဆေးရုံမှာပါ” ဟု မြို့နယ်ပညာရေးမှူး ဦးကြာစိန်အောင်က ဆိုသည်။

အမှတ် ၆ မူ(လွန်) ကျောင်းမှ ပိုးတွေ့ရှိထားသည့် ကျောင်းဆရာမနှင့် ဆက်စပ်မှုရှိသည့် အလက(ခွဲ) ၁ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင်လည်း ထပ်မံပိုးတွေ့ရှိခဲ့သောကြောင့် ယင်းကျောင်း ၂ ကျောင်းမှ အတည်ပြုလူနာ ၆ ဦး ဖြစ်သည်။ 

ယမန်နေ့ (ဇူလိုင် ၁) တွင် မောင်တောမြို့ အထက(၁) အလယ်တန်းကျောင်းသူတစ်ဦးနှင့် အထက (၄) မူလတန်းအဆင့်ကျောင်းသူတစ်ဦးတွင်လည်း ပိုးတွေ့ရှိခဲ့သည်။

လက်ရှိတွင် ၎င်းတို့တက်ရောက်ခဲ့သည့် ကျောင်းနှင့် စာသင်ခန်းများကို ပိုးသတ်ဆေးများဖျန်းပြီး ယာယီပိတ်ထားကာ ပြန်လည်ဖွင့်သင့်မဖွင့်သင့်ကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်ရယူပြီး လုပ်ဆောင်သွားမည်ဟု မြို့နယ်ပညာရေးမှူး ဦးကြာစိန်အောင်က ပြောသည်။

ကိုဗစ်တတိယလှိုင်းတွင် ရောဂါပိုးတွေ့ရှိမှုမှာ ယခင်ကထက် ပိုမိုများပြားနေသောကြောင့် စိုးရိမ်ရကြောင်း မောင်တောမြို့ခံ ဦးမောင်အုန်းက ဆိုသည်။

“အဝင်အထွက်တွေမှာ ဘင်္ဂလားဘက်က ဝင်လာတာထက် အခုဖြစ်နေတာက ဟိုဘက်က နယ်ခြားစောင့်တွေဆီမှာတောင် ပိုးတွေ့တယ်ဆိုတော့ အဲဒီရှေ့က လာတဲ့လူတွေကိုလည်း ကျွန်တော်တို့ သတိထားရမှာ။ ဒီထက် အခြေအနေဆိုးလာလို့ရှိရင် မောင်တောမြို့ဟာ Lock Down တောင်ချခံရနိုင်တဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button