အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငါန်းဇွန်မြို့နယ် ရွာဘုရားပွဲ ဗုံးကြဲခံရ၊ ၃ဦးသေဆုံး

ဒေသခံများ နှစ်စဉ်လုပ်လေ့ရှိသည့် ရွာဓလေ့ဘုရားပွဲကျင်းပနေစဉ် စစ်ကော်မရှင်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် တလင်းကုန်းကျေးရွာတွင် ဘုရားပွဲကျင်းပနေစဉ် ဗုံးကြဲခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ထိုရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဘုရားပွဲတော် ကျင်းပနေချိန် ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀နာရီခန့်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီး သုံးစီးဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားက ပြောသည်။

“ရွာဓလေ့ ဘာသာရေးဘုရားပွဲပါ မနက်ပိုင်းဆိုတော့ သံဃာ့ဒါန ဆွမ်းလောင်းကြတာ။ ဆွမ်းလောင်းနေတဲ့ အချိန်ကို လာကြဲတာ။ ကြဲတာက တည့်တည့် မကျပေမယ့် အဲဒီ ပတ်ဝန်းကျင် ကျတာပေါ့။ အဲဒီမှာ ကလေးမလေးတွေ ဆုံးတယ်” ဟု ပြောသည်။

သေဆုံးသူများသည် ရှစ်နှစ်အရွယ် မိန်းကလေးငယ်၊ အသက် ၁၆ နှစ်နှင့် အသက် ၂၀ အရွယ် အမျိုးသမီးများ ဖြစ်ကြသည်ဟု သိရသည်။

“ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာရပြီးဆုံးတာ။ မနေ့က ရွာသုသာန်မှာပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု အထက်ပါဒေသခံကဆိုသည်။

တလင်းကုန်းရွာသည် ငါန်းဇွန်မြို့ အနောက်ဖက် သုံးမိုင်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ရွာဖြစ်သည်။ ထိုရွာတွင်အိမ်ခြေ ၁၅၀ ခန့် ရှိပြီး လူဦးရေ ၁၀၀၀ နီးပါး နေထိုင်ကြသည်။ ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်ကြသူများ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တလင်းကုန်း၊ ထနောင်းကုန်း၊ မရိုးကုန်း၊ ရေဆင်းစသည့်ဧရာဝတီမြစ်ဘေး ကျေးရွာများတွင်နေထိုင်သည့် ဒေသခံထောင်နှင့်ချီသည် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အထက်ပါဗုံးကြဲမှုမတိုင်မီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ငါန်းဇွန်မြို့နယ်၏ အနောက်တောင်ဘက် မြို့သာစက်မှုဇုန်နှင့် ငါးမိုင်ခန့်အကွာ ဆုံရွာအနီးတွင် စစ်တပ်ယာဉ်တန်းအား ငါန်းဇွန်မြို့နယ်အခြေစိုက် ပူးပေါင်းမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ စီးနင်းလာသည့် ဆိုင်ကယ် ၁၅ စီးခန့်ပါဝင်သော အဆိုပါ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သား ၁၀ ဦးခန့် သေဆုံးသည်ဟု ငါန်းဇွန်ဒေသခံ နောက်တစ်ဦးကဆိုသည်။

“ဆုံရွာမှာ အထိုင်ချထားတဲ့ပျူတွေရော၊ စစ်သားတွေရောပါတယ်။ သူတို့ ရိက္ခာဝယ်ပြီး ပြန်လာတာ။ သူတို့ဘက်က ပွဲချင်းပြီးဆုံးတာရော ဆေးရုံမှာဆုံးတာရော အတော်များတယ် တော်လှန်ရေး ဘက်ကလည်း တစ်ဦးကျတယ်” ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်သား ခြောက်ဦး၊ ရဲ နှစ်ဦး၊ ပျူစောထီး နှစ်ဦးတို့ နေရာတွင်ပွဲချင်းပြီး သေဆုံးသည်ဟု Special Task Force(NgaZun)အဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သေနတ် သုံးလက်၊ ဒရုန်းတစ်စီးနှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ငါန်းဇွန်မြို့နယ်ရှိ သံကုန်း၊ ဆပ်ပြာကျင်း၊ သပြေကန်၊ ခလမ်းရိုး၊ ကုန်းလယ်၊ ငါန်းမြှာကြီး၊ မိုးတောင် စသည့်ရွာများမှ စစ်ဘေးရှောင်များသည်လည်း ပြီးခဲ့သည့် နှစ်နှစ်ခန့်မှစ၍ တိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အကူအညီများ လိုအပ်နေသည်ဟု ငါန်းဇွန်မြို့နယ် သံကုန်းရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးကလည်း ဆိုသည်။

“နီးစပ်ရာ တောတောင်တွေ၊ရွာတွေမှာ စစ်ဘေးရှောင်နေရပါတယ် အရေးပေါ်အကူအညီအနေနဲ့လည်း စားနပ်ရိက္ခာတွေလို အပ်နေပါတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ ပြည်သူတွေမှာ စစ်ဘေးရှောင်ရ စီးပွားရေးကျပ်တည်းကြ၊ အကူအညီတွေလိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

မန္တလေးမြို့နှင့် မိုင် ၄၀ အကွာတွင်ရှိသည့် ငါန်းဇွန်မြို့နယ်သည် စစ်ရေးတည်ငြိမ်မှုမရှိဘဲ မြို့အနီးကျေးရွာများကို စစ်တပ်ကစစ်ကြောင်းထိုးမှုများ၊ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။ ထို့ကြောင့် ငါန်းဇွန်မြို့နယ်အတွင်းရှိ  ဒေသခံ တစ်သောင်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟုသိရသည်။

Related Articles

Back to top button