အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကွတ်ခိုင်မြို့ရှိ MNDAA ရုံးများအား  TNLA ဖယ်ရှား၊ ပြေလည်ရေး ဆက်ညှိနှိုင်းနေ

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော TNLA နှင့် MNDAA တို့သည် ပြီးခဲ့သည့် နှစ်များအတွင်း အောက်ခြေတပ်အချို့ ဆက်ဆံရေးတင်းမာလာခဲ့ပြီး ထိုးကြိတ်ရိုက်နှက်မှုများ ပေါ်ပေါက်ပြီးနောက် ယခု ပစ်ခတ်စီးနင်းသည်အထိ ပြင်းထန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်လမ်းမများပေါ်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်မှုနှင့်ပတ်သက်၍ ယခုရက်ပိုင်း ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ ကိုးကန့် (MNDAA) တပ်ဖွဲ့ရုံးများအား တအာင်းတပ် (TNLA) က အင်အားသုံး ဖယ်ရှားလိုက်သည်ဟု မြို့ခံများထံက သိရသည်။

မြို့လုံခြုံရေးအတွက်ဟုဆိုကာ MNDAA တပ်ဖွဲ့သည် ယခုလဆန်းတွင် မြို့ပေါ်ရပ်ကွက်လမ်းများတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့ရာ TNLA တပ်ဖွဲ့နှင့် မကြာခဏ ပွတ်တိုက်မှုရှိခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“တရုတ်နှစ်သစ်ကူးကာလဆိုတော့ မြို့ထဲမှာ ခိုးဆိုးနှိုက်တွေကို ခြေရာခံဖို့ ဆိုပြီး ကိုးကန့်ဘက် လမ်းဆုံတွေမှာ CCTV တွေ လိုက်တပ်တာ။ အဲဒါ ပလောင်အဖွဲ့က သူတို့ရုံးနေရာတွေပါ မြင်နေရလို့ လိုက်ဖြုတ်ခိုင်းရင်းနဲ့ ဖြစ်ကြတာ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

ထို့နောက် ယခုလ ၁၃ ရက်နေ့တွင် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုအမြင့်ဆုံးအထိ ရောက်ခဲ့ပြီးနောက် ကိုးကန့်တပ်ဖွဲ့ရုံးများအား တအာင်းတပ်က  ထိုနေ့တွင် ပစ်ခတ်စီးနင်းမှု ဖြစ်ပေါ်ခဲ့သည်။

“TNLA တပ်ဖွဲ့က ကိုးကန့်ရုံးကို ဝိုင်းတော့ ပစ်ခတ်တာတွေ ဖြစ်တယ်။ အဲဒီမှာ ပြဿနာက ပိုကြီးသွားတယ်။ ဘယ်လိုမှ ညှိလို့ မရတော့ဘူး။ ရိုက်ကြနှက်ကြဖြစ်ကုန်ရော” ဟု ဖြစ်စဉ်အခြေအနေသိရှိသည့် အထက်ပါမြို့ခံက ပြောသည်။

ထိုသို့စီးနင်းမှုကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တွင် သေနတ်ကျည်ထိမှန်ပြီး အပြန်အလှန် ရိုက်နှက်မှုတွင် နှစ်ဖက်တပ်ဖွဲ့ဝင် ငါးဦးနီးပါး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ရုံးများအား TNLA ကပိတ်သိမ်းခဲ့ပြီး တပ်ဖွဲ့ဝင်အချို့အား သိန္နီမြို့အထွက် ခုနစ်မိုင်အကွာရှိ အဆောက်အအုံတစ်ခုသို့ ပို့ဆောင်လိုက်သည်ဟု မြို့ခံများကပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့၏ လက်ကျန်ရုံး အားလုံးအား တအာင်းတပ်က ထပ်မံဖယ်ရှားလိုက်ပြီး ကွတ်ခိုင်မြို့အား ထိန်းချုပ်လိုက်သည်ဟု သိရသည်။

ထိုဖြစ်စဉ်အပြီးတွင် သိန္နီ၊ လားရှိုးလမ်းရှိ စစ်ဆေးရေးဂိတ်များတွင် ကိုးကန့်တပ်က စစ်ဆေးမှုများ တင်းကျပ်ထားပြီး ကွတ်ခိုင်နှင့် ၁၀ မိုင်အကွာတွင် စစ်အင်အားများ ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

“ရေပူဂိတ်နဲ့ လားရှိုးအထွက်မှာ ကိုးကန့်ရော စစ်တပ်ရော နှစ်ဖက်လုံး စစ်ဆေးတာ ပိုများလာတယ်။ မန်ပြိန်းမှာလည်း ကိုးကန့်က စစ်အင်အားတွေ ထပ်ဖြည့်ထားတော့ မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်မလား ကြောက်နေရတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အား တအာင်းတပ် (TNLA) က သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင် မြို့အရှေ့မြောက်အရပ် မိုင် ၅၀ အကွာ တာမိုးညဲမြို့နှင့် အနောက်ဘက် မိုင်နှစ်ဆယ်အကွာ  သိန္နီမြို့တို့အား ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ထားသည်။

အလားတူ ကွတ်ခိုင်မြို့ပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆက်ဆံရေးရုံးရှိပြီး မြို့နယ်အတွင်း ကချင်တပ် KIA ၏ တပ်မဟာ(၁၀) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားမှုရှိသည်။ 

တိုက်ပွဲကာလအတွင်း မဟာမိတ်အချင်းချင်း အပြန်အလှန် ကူညီမှုများရှိခဲ့ပြီး မြို့သိမ်းတိုက်ပွဲအပြီး ကွတ်ခိုင်မြို့တွင် တအာင်းတပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့၏ ပူးတွဲအုပ်ချုပ်ရေးစနစ် ပေါ်လာသည်။

ကွတ်ခိုင်မြို့ပညာရေး၊ ကျန်းမာရေး၊ ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စများအား TNLA  က တာဝန်ယူထားပြီး ရပ်ကွက်နှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးကိစ္စများအား MNDAA က တာဝန်ယူထားသည်။

ကွတ်ခိုင်မြို့အား သိမ်းပိုက်စဉ် စစ်တပ်၏ ကွတ်ခိုင်ဗျူဟာ လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချခဲ့ပြီး ကွတ်ခိုင်မြို့ပေါ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ကိုးကန့်တပ်ဖွဲ့နှင့် ပူးပေါင်းသွားခဲ့သည်။

ထိုသို့ ပူးပေါင်းသွားသူများတွင် ဦးတီခွန်မြတ် တာဝန်ယူခဲ့သည့် ကွတ်ခိုင်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် ဦးကျင်ဆန်းနှင့် အဖွဲ့ဝင်များလည်း ပါဝင်သည်။ ကိုးကန့်တပ်ဖွဲ့က ဦးကျင်ဆန်းအား ကွတ်ခိုင်ဒေသ ဒုခရိုင်မှူးတာဝန် ပြန်ပေးထားသည်ဟု မြို့ခံတို့က ဆိုသည်။

“ကျင်ဆန်းက အရင် ဦးတီခွန်မြတ်လူလည်း ဖြစ်တယ်။ စီးပွားရေးသမားပေါ့ဗျာ။ အခု ကွတ်ခိုင်မှာ အုပ်ချုပ်ရေးပိုင်းလည်း သူက အရင်ပုံစံအတိုင်း စီမံချင်ပုံရတယ်။ ကိုးကန့်ရဲတပ်ဖွဲ့မှာလည်း သူ့လူတွေ ပါလာတော့ မဟာမိတ်အချင်းချင်း ပြဿနာမှာ ဒီကိစ္စလည်း ပါနိုင်တယ်” ဟု ကွတ်ခိုင်မြို့ခံ နောက်တစ်ဦးက မှတ်ချက်ပြုသည်။

စစ်တပ်လက်အောက်ခံ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ) အဖွဲ့၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ ဦးတီခွန်မြတ် သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ကွတ်ခိုင်မြို့နယ်မှ အမတ်၊ ထိုမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်  ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းစဉ်မှ ယနေ့အထိ နေရာတည်မြဲခဲ့သူဖြစ်သည်။ 

ကွတ်ခိုင်မြို့အတွင်း တအာင်းနှင့် ကိုးကန့်တပ်တို့၏ ပဋိပက္ခနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ခြင်း မရှိပေ။

TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူ တစ်ဦးမူ ယခုပြဿနာအား နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင် များကြား ညှိနှိုင်းဆွေးနွေးနေကြောင်း ပြောသည်။

ဒေသခံများကမူ တရုတ်နှစ်ကူးကာလ ပျော်ရွှင်ရမည့်အချိန်တွင် မဟာမိတ်အချင်းချင်း ပြဿနာကြောင့် စိုးရိမ်ထိတ်လန့်နေရ၍ ပြဿနာများ အမြန်ပြေလည်စေလိုသည်ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော TNLA နှင့် MNDAA တို့သည် ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များဖြစ်ကြသော်လည်း “ ၁၀၂၇” စစ်ဆင်ရေးပြီးသည့်နောက် ၎င်းတို့အကြားတွင် နယ်မြေအငြင်းပွားမှုများ ရံဖန်ရံခါ ဖြစ်ပွားလာခဲ့သည်။


စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြသော KIA၊ TNLA နှင့် MNDAA တို့အကြားပြီးခဲ့သည့် နှစ်များအတွင်း အောက်ခြေတပ်အချို့ ဆက်ဆံရေးတင်းမာလာခဲ့ပြီး ထိုးကြိတ် ရိုက်နှက်မှုများ ပေါ်ပေါက်ခဲ့သည်။ 


၂၀၂၅ ခုနှစ် မတ်လအတွင်းကလည်း KIA တပ်များ ကွတ်ခိုင်မြို့တွင်းသို့ ဝင်ရာက်ရန် ကြိုးစားရာမှ တင်းမာမှုများဖြစ်ပေါ်လာသည်၊ မြို့ပေါ်ရှိ KIA ဆက်ဆံရေးရုံးမှ ဝန်ထမ်းများကို TNLA က ထွက်ခွာ ခိုင်းခဲ့မှုဖြစ်ပေါ်ခဲ့သေးသည်။

ထို့နောက် ဧပြီလတွင် ကွတ်ခိုင်မြို့ ဈေးအနီး၌ ငလျင်အတွက် အလှူငွေကောက်ခံနေသည့် MNDAA တပ်ဖွဲ့ဝင်များကို TNLA ရဲတပ်ဖွဲ့က လာ‌ရောက်တားမြစ်ရာက MNDAA က TNLA ရဲများကို ရိုက်နှက်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ လက်အောက်ခံပြည်သူ့စစ်စခန်းကို ကိုးကန့်တပ်(MNDAA) က ဖျက်ဆီးရာမှ အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားခဲ့သေးသည်။

ကွတ်ခိုင်မြို့သည် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မူဆယ်မြို့နှင့် မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသည့်မြို့ ဖြစ်သည်။

မြို့ပေါ်ရပ်ကွက် ရှစ်ခုရှိသည့် ကွတ်ခိုင်မြို့ပေါ်တွင် လူဦးရေ ငါးသောင်းနီးပါးရှိသည်။ ကချင်၊ ရှမ်း၊ တအာင်း (ပလောင်)၊ မုန်းဝန်းဗမာ စသည့် တိုင်းရင်းသားအများစုဖြစ်ပြီး ဗမာ၊ မြောင်ဇီး၊ ၀ တိုင်းရင်းသားများ၊ ဂေါ်ရခါးလူမျိုးများလည်း နေထိုင်ကြသည်။

Related Articles

Back to top button