အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်တလင်းမြို့အနီး ဗုံးကြဲမှုကြောင့် စစ်ရှောင်အမျိုးသမီး သေဆုံး

မြို့အရှေ့ပိုင်းတွင် စစ်ရေးပြင်းထန်နေသည်မှာ သီတင်းတစ်ပတ်ခန့် ရှိလာချိန် တောင်ညိုဆည် အရှေ့မြောက်ဘက် စောဖြူတောင်ခြေအနီးရှိ ကျေးရွာ နှစ်ရွာကို လူအများ အိပ်မောကျချိန် ဗုံးကြဲချရာ စစ်ရှောင်လာသော မိသားစုမှ အမျိုးသမီး သေဆုံးပြီး ခင်ပွန်းနှင့် ၁၁ နှစ်အရွယ် သားငယ်တို့ ဒဏ်ရာရသွားသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်နေရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ခင်ပွန်းနှင့် အသက် ၁၁နှစ်အရွယ် သားဖြစ်သူ  ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ 

ယင်းနေ့ နံနက်အစောပိုင်း ၁ နာရီကျော်အချိန်တွင် နတ်တလင်းမြို့နယ်အရှေ့မြောက်ဘက် ၂၃ မိုင်ကျော်အကွာ၊ စောဖြူတောင်ခြေအနီးရှိ ကျောက်ပြုတ်ရွာကို လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲချပြီး ကပ်လျက် ဆင်ဝိုင်း ကျေးရွာတို့ကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ကျောက်ပြုတ်ရွာတွင် အသက် ၃၁ နှစ်အရွယ် မအေးအေးတိုး ဗုံးစထိမှန် သေဆုံးခဲ့ပြီး ၎င်း၏ ခင်ပွန်း အသက် ၃၅ နှစ် အရွယ် ကိုရဲနှင့် သားဖြစ်သူ အသက် ၁၁နှစ်အရွယ် မောင်လှိုင်ထက်ကျော်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း နတ်တလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

“လေကြာင်းတိုက်ခိုက်တာမှာအမျိုးသမီးတစ်ဦး သေဆုံးပြီး၊ သူ့အမျိုးသားကလည်း ပြင်းထန်ဒဏ်ရာရ ထားပါတယ်” နတ်တလင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။

ကိုရဲ ဆိုသူ၏ နဖူးတွင် လက်နက်ကြီးအစ ဖောက်ဝင်ဒဏ်ရာပြင်းထန်စွာရပြီး သားဖြစ်သူ၏ လက်ဒဏ်ရာသည် မစိုးရိမ်ရကြောင်း သိရသည်။ ဆင်ဝိုင်းကျေးရွာတွင် ကျရောက်သောဗုံးသည် ပေါက်ကွဲခြင်းမရှိဟု သိရသည်။ 

အဆိုပါမိသားစုသည် တိုက်ပွဲများဖြစ်နေသည့် တောင်ညိုဆည်တောင်ဘက် ကပ်လျက် မကျီးပင်ကျေးရွာ ဒေသခံများ ဖြစ်ပြီး တောင်ညိုဆည် အရှေ့မြောက်ဘက် စောဖြူတောင်ခြေအနီး ကျောက်ပြုတ်ကျေးရွာသို့ စစ်ဘေးရှောင်လာကြသူများဖြစ်ကြောင်း နတ်တလင်း ဒေသခံများအဆိုအရ သိရသည်။

အသက် ၃၁ နှစ်အရွယ် မအေးအေးတိုး (ဝဲ) ဗုံးစထိမှန် သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူ အသက် ၁၁နှစ်အရွယ် မောင်လှိုင်ထက်ကျော် (ယာ) လက်ခုံတွင် ဒဏ်ရာရခဲ့စဉ်။ (ဓာတ်ပုံ- ပေးပို့) 

ယခုလ ပထမပတ်မှ စတင်ကာ နတ်တလင်းမြို့နယ်အရှေ့ပိုင်း၊ ရန်ကုန်- ပြည်လမ်းမကြီးအရှေ့ဘက်ရွာများတွင် စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းနှစ်ကြောင်း ထိုးနေပြီး ဒေသအခြေစိုက် ကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကင်းစခန်း တစ်ခုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရသလို လက်နက်ကြီးနှင့်မြေပြင်တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦး ထက်မနည်း ဒဏ်ရာရကာ PDF ခုနစ်ဦး သေဆုံးခဲ့သည်။

စစ်တပ်က မြို့နယ်အရှေ့ပိုင်း ဒမငယ် ကျေးရွာနှင့် ငုတ်တရာကျေးရွာ (ဒေသအခေါ် ငုတ်တိုရွာ) တွင် ယနေ့အထိ တပ်စွဲထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်နံနက်တွင်လည်း ပဲခူးရိုးမအစပ်ဖြစ်သော နတ်တလင်းမြို့နယ်၏ အရှေ့ပိုင်းတွင် မြေပြင်တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်းရှိကြောင်း ထိုဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် အမှတ် (၃၈၀၁) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုညီညီက ပြောသည်။

“အခြားမြို့နယ်တွေကို ဒီလောက်မဖိဘဲနဲ့ နတ်တလင်းမြို့ကိုပဲ ဖိနေတာ၊ ဘာလို့ဖိလဲဆိုတော့  လိုရင်းပဲ ပြောတော့မယ်။ ကျေးရွာ ၈၄ အုပ်စုရှိတာကို အုပ်စု၂၀ လောက်ကို ကျွန်တော်( PDF)တို့က ကိုင်တွယ် ထားသလိုဖြစ်တဲ့အတွက် သူတို့ပစ်မှတ်ထားပြီး အဲဒါတွေအကုန်လုံးကို လုပ်နေတာ။ တိုက်ပွဲက နေ့တိုင်း ဖြစ်နေတာ။ အခု မနက်လည်း ဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

နတ်တလင်းမြိုနယ်အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်နေသော်လည်း ထိခိုက်ကျဆုံးမှုနှင့် တိုက်ပွဲ သတင်းများကို စစ်တပ်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

နတ်တလင်းမြိုနယ်တွင် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ပဲခူရိုးမအစပ် အရှေ့ခြမ်း ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နတ်တလင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“တောတောင်တွေမှာ အမှီအခိုမရှိဘဲ ဒုက္ခရောက်နေတဲ့ ပြည်သူတွေက ပိုဆိုးနေပါတယ်။ နတ်တလင်း အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေ အကုန်လုံးနီးပါးကို ဒုက္ခရောက်နေတာပါ” ဟု ၎င်းက ဆက်ပြောသည်။

နတ်တလင်းမြိုနယ်တွင် ၂၀၂၃ ခုနှစ် မတ်လကုန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ ကျေးရွာအုပ်စု ၇၇ အုပ်စုနှင့် ရပ်ကွက် ခုနစ်ခုရှိပြီး လူဦးရေ ၁၇၈,၂၁၈ ဦး နေထိုင်ကြသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက်တွင် ပဲခူးတိုင်းအရှေ့ပိုင်း ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မြို့နယ်၏ တောင်ဘက်တွင် ဇီးကုန်းမြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။  အနောက်ဘက်တွင် သာယာဝတီခရိုင် မိုးညို၊ ရွှေတောင်၊ မြောက်ဘက်တွင် ပြည်ခရိုင် ပေါင်းတည်၊ သဲကုန်း မြို့တို့နှင့် ထိစပ်နေသည့် မြို့ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နတ်တလင်းမြို့၊ ကွက်သစ်ကျေးရွာကို စစ်တပ်မှ မီးရှို့ခဲ့ပြီး ယင်းနေ့မှာပင် ပေါင်းတည်မြို့နယ် ကျွဲတဲရွာဆည်ဘောင်ဘက်မှလည်း လက်နက်ကြီးဖြင့် နတ်တလင်းမြို့အရှေ့ဘက် ကိုးမိုင်ကျော်အကွာ ဖလံပင် နှင့် သရက်ပင်ကန်ရိုးကျေးရွာသို့ ပစ်ခတ်နေကြောင်း နတ်တလင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

ထိုနေ့ တိုက်ခိုက်မှုအတွင်း အရပ်သားနှင့်နေအိမ်အဆောက်အအုံ ထိခိုက်မှုအခြေအနေ အသေးစိတ်အား မသိရှိရသေးကြောင်း ၎င်းအမျိုးသားက ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာနားရှိ အိမ်သုံးဆယ် ရွာတန်းနှင့် မင်းဘူးကျွန်းနားမှ ဥယျာဉ်စုရွာအနီးတွင်ရှိသည့် ဘန်ကောက်တန်းရွာတို့ရှိ အိမ်ခြေ ၅၀ ကျော်တို့ကို စစ်တပ်က မီးရှို့ခဲ့သည်။ 

ထိုမီးရှို့ ဖျက်ဆီးခံရသည့် ကျေးရွာများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်တပ်က သာယာဝတီနှင့် နတ်တလင်း ခရိုင်နှစ်ခု အခြေပြုကာ စစ်ကြောင်းထိုးခဲ့စဉ်က ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်သွားသည့် ကျေးရွာများ ဖြစ်သည်ဟု အထက်ပါ နတ်တလင်းဒေသခံ အမျိုးသမီးထံက သိရသည်။

ပဲခူး အနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ၊ မြို့ပြပြောက်ကျား တပ်ဖွဲ့များ၊ ဒေသခံအဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားသလို ပဲခူးအ‌ရှေ့ပိုင်း စစ်တောင်းမြစ်တစ်လျှောက် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များ၊ PDF တပ်များ လှုပ်ရှားကြသည်။

နတ်တလင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေပြမြေပုံ။ 

Related Articles

Back to top button