သတင်း

နမ့်ခမ်းဆန္ဒပြပွဲတွင် ဗုံးပေါက်ကွဲပြီး တစ်ဦးသေ သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ကန့်ကွက်ကြောင်း ယနေ့ (ဇွန် ၂၈) မွန်းလွဲပိုင်းတွင် ဆန္ဒပြနေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦး သေဆုံး၊  ၃ ဦး ဒဏ်ရာရသွားသည်။ 

မန်ဆွမ်းကျေးရွာသား ဒေသခံတစ်ဦးကို SSPP/SSA ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ကြောင်း ဒေသခံ ၃၀၀ ခန့် ဆန္ဒပြနေစဉ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာသုံးနေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

“ပထမကြားတဲ့နှစ်ချက်က အသံ သိပ်မကျယ်တော့ ပေါက်တယ်မထင်ဘူး။ နောက်ဆုံးတစ်ချက်က ကျွန်တော့်အိမ်ရှေ့နားတင် ပေါက်တာဆိုတော့ အသံက တော်တော်ကျယ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

နမ့်ခမ်းမြို့မဈေးရှေ့ပေါက်ကွဲမှုတွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နောက်ထပ်ပေါက်ကွဲမှု၌ လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားသည်ဟု မြို့ခံနောက်တစ်ဦးက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများအရ ဆိုင်ကယ်နှင့် သေဆုံးသူတစ်ဦးအနီးတွင် ပစ္စတိုတစ်လက်တွေ့ရပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးမှာ ဆန္ဒပြသူများကို မတိုက်ခိုက်မီ ၎င်းတို့လက်ထဲ ဗုံးပေါက်ကွဲပြီး သေဆုံးခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ခန့်မှန်းပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး စစ်ကောင်စီတပ်သားများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

SSPP/SSA က မန်ဆွမ်းကျေးရွာသား စိုင်းစံအိုက်ခမ်းကို မေ ၃၁ တွင် ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားစဉ် ဇွန် ၂၇ ၌ သေဆုံးသွားခဲ့သည်။  

ဖမ်းဆီးခံရသူမှာ ရှမ်းလက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အတွက် အခွန်ကောက်ခံပေးနေခြင်းဖြစ်ကြောင်း SSPP/SSA က စွပ်စွဲထားသည်။ 

သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့ (ဇွန် ၂၇) ညတွင် ဒေသခံများက SSPP/SSA တပ်ဖွဲ့များထံ သွားရောက်တောင်းခံစအဉ် ချေအတင်ဖြစ်ခဲ့ကြသည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့သည် ဒေသအတွင်း အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

ဆိုင်ကယ်ဖြင့် လဲကျနေသူနှစ်ဦး၏ ဓာတ်ပုံကို ဖော်ပြပြီး နမ့်ခမ်းမြို့၌ ပြည်သူများဆန္ဒပြနေစဉ် ဗုံးလာခွဲသူသည် ကိုယ့်ကိုယ်ကို ပြန်ထိပြီး သေဆုံးဒဏ်ရာရခြင်းဖြစ်ကြောင်း SSPP/ SSA က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။   

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် အဆိုပါအဖွဲ့နှစ်ဖွဲ့လုံးကို Myanmar Now က ဆက်သွယ်မရသေးပေ။ 

နမ့်ခမ်းအနီးတစ်ဝိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လည်း အခြေချလှုပ်ရှားသည်။ 

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရှမ်းမြောက်တွင် အဆိုပါ ၃ ဖွဲ့လုံးနှင့်လည်း စစ်ကောင်စီတပ်က တိုက်ပွဲများဖြစ်ပွားနေသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ထက်မနည်း လှုပ်ရှားနေပြီး ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

SSPP အတွက် ၂၀၁၅ မှ ၂၀၁၈ အထိ အလုပ်လုပ်ကိုင်ဖူးသူတစ်ဦး (အသက် ၃၂ နှစ်အရွယ် ) ဇွန် ၂၆ ည ၇ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်၊ နောင်လောင်းအုပ်စု၊ ဟောင်းလွယ်ကျေးရွာနေအိမ်သို့ ပြန်လာစဉ် ပစ်သတ်ခံရပြီး ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာတွင်လည်း SSPP အတွက် အလုပ်လုပ်ကိုင်ပေးဖူးသူတစ်ဦး ပစ်သတ်ခံရမှု ဇွန်လအတွင်း ဖြစ်ပွားခဲ့ကြောင်း SSPP/SSA မှ ယနေ့ ထုတ်ပြန်ထားသည်။ ထို့ပြင် နမ့်ခမ်းမြို့တွင်းပေါက်ကွဲမှုသည် ၎င်းတို့လက်ချက် လုံးဝမဟုတ်ကြောင်းနှင့် ယင်းအကြမ်းဖက်လုပ်ရပ်အား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း SSPP က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button