အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးညှင်းတွင် သားအဖနှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်တွင် ယမန်နေ့(ဇွန်၂၅) သန်းခေါင်ယံအချိန်ခန့်၌ သားအဖနှစ်ကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားသည်။

သတင်းမှားကြောင့် အဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဖောက်ခွဲရေးပစ္စည်းတွေ သယ်တယ်ဆိုပြီးကြားလို့ လာဖမ်းတယ်လို့ ပြောတယ်။ အဲဒီလို သတင်းပေးတဲ့သူရှိလို့ လာဖမ်းတာပေါ့။ အမှန်က သတင်းကအမှားကြီး၊ မကျေနပ်တဲ့သူကတိုင်တာ”ဟု အဆိုပါ ဒေသခံက ပြောသည်။

“တစ်အိမ်လုံးမွှေသွားတာ ဘာမှရစရာမရှိတော့ဘူး။ ဘာမှမတွေ့တာနဲ့ သူတို့နှစ်ယောက်ကို ဖမ်းသွားတာ။ အိမ်မှာရှိသမျှ ဖုန်းတွေလဲ အကုန်သိမ်းသွားတယ်။ ပိုက်ဆံတွေလဲ ပျောက်သွားတယ်လို့ ပြောတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းနေ့ ည ၆နာရီခန့်ကပင် မြစ်ကြီးနားမှ ပြန်လာကြသည့် အသက် ၆၀ကျော်အရွယ် အင်ဂျင်နီယာ ဦးစံလွင်နှင့် သားဖြစ်သူ အသက် ၂၀ အရွယ် ကိုလင်းလက်အောင်တို့ကို ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည်ဟု သတင်းမှားပေးပို့သူမှာ ရပ်ကွက်အတွင်းမှ ဒလန်တစ်ဦးဖြစ်နိုင်သည်ဟု သူက ယူဆသည်။  

ဦးစံလွင်တို့သားအဖကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ဦးစံလွင်သည် လမ်း/တံတား အင်ဂျင်နီယာတစ်ဦးဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ကန်ထရိုက်ရယူလုပ်ကိုင်နေသူဖြစ်ပြီး ၎င်း၏ လုပ်ငန်းအများစုရှိရာ မြစ်ကြီးနားသို့ သားဖြစ်သူနှင့်အတူ မကြာခဏ သွားရောက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“သူတို့က နိုင်ငံရေးတွေဘာတွေလဲ မလုပ်ဘူး” ဟု ဒေသခံက ဆိုသည်။

လက်ရှိအချိန်ထိ ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးဟု ဒေသခံတို့ကပြောသလို Myanmar Now ကလည်း စုံစမ်း၍မရသေးပေ။

ဤဖြစ်ရပ်အပါအဝင် နိုင်ငံအနှံ့မှ ဖမ်းဆီးမှုအများစုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

အာဏာသိမ်းပြီးနောက် ၅လနီးပါးအတွင်း နိုင်ငံအနှံ့မှ ပြည်သူများကို ဖမ်းဆီးခဲ့ရာ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၁၅၆ ဦး၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၉၆၅ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၅တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ ၈၈၁ ဦးရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီကမူ သေဆုံးသူ ၃၀၀ ဝန်းကျင်သာ ရှိသည်ဟု ဆိုသည်။

ထိုသို့ရက်စက်စွာဖိနှိပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC)သို့ တင်သွင်းအရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ကြိုးစားနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button