သတင်း

မင်းတပ်တွင် ကလေးတစ်ဦး မိုင်းထိပေါက်ကွဲပြီး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ယှက်ရွာအနီးတွင် ယမန်နေ့ (ဇွန် ၂၄) ၌ မိုင်းပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

ညနေပိုင်း ရွာအပြင် တောင်ယာခင်းသို့ ၎င်းကလေးငယ်သွားရောက်စဉ် မိုင်းထိခြင်းဖြစ်ပြီး လက်တစ်ဖက်ပြတ်တောက်၍ ခြေထောက်၊ ခါးအောက်ပိုင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။ 

ထိုရွာသည် ဇွန်လဆန်း၌ စစ်တပ်နှင့် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့်ရွာ ဖြစ်သည်။ 

မည်သို့သော မိုင်းအမျိုးအစားပေါက်ကွဲခြင်းဖြစ်မှန်း မသိရသေးသော်လည်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကမူ စစ်တပ်က မိုင်းထောင်ထားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“(CDF) မိုင်းက အဝေးထိန်းနဲ့ပဲ လုပ်တဲ့အတွက်ကြောင့် ဒီမိုင်းတွေက တော်ရုံတန်ရုံပေါက်ဖို့ မဖြစ်နိုင်ဘူး။ ဆော့မိတယ်ဆိုလည်း ပေါက်ဖို့မလွယ်ဘူး။ အခုပေါက်ခဲ့တဲ့မိုင်းကတော့ စစ်ကောင်စီမိုင်းဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဖိနှိပ်မှုများကို တွန်းလှန်ရန် ဒေသခံများဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြရာ မင်းတပ်တွင်လည်း ဖွဲ့စည်းထားသည်။

စစ်တပ်နှင့် CDF တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကျေးရွာများတလျှောက် မိုင်းအန္တရာယ်ကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြသည်။

“ရွှေအောင်သာကနေ ဝမ္မသူး၊ ဝုန်းခုန်ဘက် ၊ ထင်ချောင်းဘက်တောက်လျှောက်၊ မင်းတပ်ကနေ ယှက်ဘက်ကို လာတဲ့ တစ်ကြောမှာ မိုင်းတွေရှိမယ်လို့ ယူဆတယ်။ ကျွန်တော်တို့ဘက်က မိုင်းတွေထောင်ခဲ့တာမရှိဘူး။ ထောင်ခဲ့တယ်ဆိုလည်း တပ်ဆုတ်လာတာနဲ့တစ်ပြိုင်နက် မိုင်းတွေကို ပြန်ဖြုတ်ခဲ့တယ်” ဟု ၎င်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

မေလကုန်ခန့်တွင် မင်းတပ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပူကွန်းကျေးရွာ၌ မိုင်းပေါက်ကွဲပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းထံမှ သိရသည်။

တောင်ယာအနီး စစ်တပ်က မိုင်းထောင်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ကလေးတစ်ဦးသေဆုံးသော ထိုပေါက်ကွဲမှုအကြောင်းကိုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်အပါအဝင် ချင်းပြည်နယ်ရှိ မြို့များတွင် စစ်တပ်ကို ပြန်ခုခံနေသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

တိုက်ပွဲများပြင်းထန်ခဲ့သော မင်းတပ်မြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

ရခိုင်ပြည်နယ်တွင်လည်း နှစ်နှစ်တာစစ်ပွဲကာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ပွဲများရပ်တန့်သွားသော်လည်း ဒေသအတွင်း မိုင်းအန္တရာယ်၊ မပေါက်ကွဲသေးသော လက်နက်မျိုးစုံ၏ အန္တရာယ်များ ရှိနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၉ ထိ ၉ နှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိကြောင်း ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၀ ဒီဇင်ဘာလမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အဆိုပါ အစီရင်ခံစာအရ ၂၀၁၉ တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆၉ ဦး ရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်။ 

Show More

Related Articles

Back to top button