အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျည်ထိ ၇ တန်းကျောင်းသူ ကုသခွင့်ရရန် ဆေးရုံ ၇ ရုံ ရောက်ခဲ့ရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဂွေးတောက်ကုန်းရွာတွင် ကျည်သင့်ဒဏ်ရာရခဲ့သော ၇ တန်းကျောင်းသူတစ်ဦးကို ဆေးရုံများက ကုသပေးရန် ငြင်းဆန်ခဲ့ကြပြီးနောက် ယနေ့ (ဇွန် ၂၄) နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၌ ကုသခွင့်ရခဲ့သည်။

ယမန်နေ့ည ၉ နာရီခန့်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးက မိဘများ၏ကွမ်းယာဆိုင် သိမ်းပြီးအပြန် သေနတ်ပစ်ခတ်ခံရပြီး ပေါင်တွင် ဒဏ်ရာရသွားကြောင်း၊ မည်သူမည်ဝါပစ်ခတ်သည်ကို မသိလိုက်ကြောင်း ၎င်းမိသားစုကို ကိုးကား၍ ဒေသခံပရဟိတအသင်းက ပြောသည်။ 

ထို့ကြောင့် မိန်းကလေးကို မိတ္ထီလာမြို့မှ ပြည်သာယာလူမှုကူညီရေးအသင်းက လယ်ဝေးပြည်သူ့ဆေးရုံ၊ မိတ္ထီလာစစ်ဆေးရုံ၊ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၊ ခုတင် ၂၀၀ ဆေးရုံ၊ သံဃဆေးရုံ၊ နေပြည်တော်စစ်ဆေးရုံများသို့ ညတွင်းချင်း ကူညီပို့ဆောင်ပေးသော်လည်း ဆေးရုံများက အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းဆန်ခဲ့ကြသည်။

မိတ္ထီလာနှင့် နေပြည်တော်စစ်ဆေးရုံတို့က အရပ်သားဖြစ်၍ လက်ခံကုသ၍ မရကြောင်း ငြင်းဆန်ခဲ့ပြီး အခြားဆေးရုံများက မေ့ဆေးဆရာဝန်မရှိခြင်း၊ ခွဲစိတ်ပစ္စည်းမရှိခြင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆန်ကြသည်ဟု သိရသည်။

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံက ၎င်းတို့ဆေးရုံတွင် ကိုဗစ်နိုင်တင်းရောဂါလူနာများ များပြားနေ၍ ဆေးရုံအဆောင်များ မသန့်ရှင်းရသေးသောကြောင့် အခြားဆေးရုံသို့ သွားရန် ယမန်နေ့ညက တိုက်တွန်းခဲ့သည်ဟု အသင်းတာဝန်ရှိသူ ကိုသူရလွင်ဦးက ပြောသည်။

“တကယ်တမ်းက ဆေးရုံတစ်ရုံကနေ တစ်ရုံကို လွှဲရင် လွှဲစာပေးရတယ်လေ။ (အခုက) ပါးစပ်နဲ့ လွှဲတာပေါ့။ ဘယ်ဆေးရုံကို သွားကြည့်ပါလား။ ဘယ်ဆေးရုံကို သွားကြည့်ပါလားနဲ့ သွားရင်းက မနက်ခင်း မိုးလင်းသွားတာ” ဟု ၎င်းက ပြောသည်။

ထို့နောက် ယနေ့ နံနက်တွင် ပြည်သာယာလူမှုကူညီရေးအသင်းမှ ကိုသူရလွင်ဦးက အခြေအနေကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား၍ အကူအညီတောင်းခံခဲ့သည်။

“ကြာသွားရင် ပေါင်ဖြတ်ပစ်ရမှာစိုးလို့။ သွေးကတော့ မထွက်တော့ဘူး။ ဒါပေမဲ့ ပေါင်ထဲမှာ ကျည်ဆန်ကျန်နေသေးတာဆိုတော့ တစ်ခုခုဖြစ်သွားမှာစိုးလို့” ဟု ၎င်းက ဆိုသည်။ 

ယနေ့နံနက်တွင် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပြန်လည်ဆက်သွယ်ခဲ့သည်။ “ဖုန်းပြန်ဆက်ရတာပေါ့။ မနေ့က ညပိုင်း နေပြည်တော်ရောက်တော့ ဘယ်သူမှ ဖုန်းမကိုင်တော့ဘူးလေ။ အဲဒီတော့ ဖုန်းဆက်လို့မရတော့ဘူး။ ဒီနေ့မနက်ခင်းကျမှ ပြန်လှမ်းဆက်ကြည့်တော့ လာခဲ့လို့ ပြောတယ်” ဟု ကိုသူရလွင်ဦးက ပြောသည်။ 

လက်ရှိတွင် ၇ တန်းကျောင်းသူ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရသည်။ 

အာဏာသိမ်းပြီးနောက် အကြမ်းမဖက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ပါဝင်ခဲ့ကြပြီးနောက် ဆေးရုံ၊ ဆေးခန်းများသည် ဝန်ထမ်းအနည်းစုဖြင့်သာ လည်ပတ်နေရသည်။

စစ်ကောင်စီဘက်ကမူ ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း ဝါဒဖြန့်ထုတ်ပြန်နေသည်။

အထူးသဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်း ဇွန် ၂၃ က သတင်းထုတ်ပြန်ထားသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button