အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာပြည် အကြမ်းဖက်မှုအရေး အမေရိကန်နှင့် ကုလ ဆွေးနွေး

အ​မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဒုတိယဝန်ကြီးသည် ​ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယမန်နေ့ (ဇွန် ၂၂) တွင် တွေ့ဆုံကာ စစ်အာဏာရှင်၏ အကြမ်းဖက်ဖိနှိပ်မှုများအဆုံးသတ်ရေးအပါအဝင် မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီအာရှာမန်းသည် အထူးကိုယ်စားလှယ်ကို ထိုနေ့တွင်ပင် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ကျွန်မ ဒီနေ့ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂနာနဲ့ တွေ့ဆုံပြီး စစ်အာဏာရှင်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအဆုံးသတ်ရေး၊ မြန်မာပြည်သူလူထုနဲ့ သူတို့ရဲ့ဆန္ဒလိုလားမှုဖြစ်တဲ့ ဒီမိုကရေစီရရှိဖို့ အားပေးကူညီရေး၊ အဓိကကျတဲ့ လူသားချင်းစာနာမှုအကူအညီတွေရရှိရေးအတွက် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး အကျိုးရှိရှိဆွေးနွေးခဲ့ပါတယ်” ဟု ဒုဝန်ကြီးက ပြောသည်။

ထို့အပြင် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားနိုင်ရေး မြန်မာပြည်သူများ၏ အားထုတ်မှုများကို ကူညီရန်နှင့် သဘောတူဆုံးဖြတ်ချက်ငါးရပ်ကို အာဏာသိမ်းစစ်တပ်က တာဝန်ယူဆောင်ရွက်ရေး အာဆီယံက တိုက်တွန်းရန်တို့ကို ဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။ 

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီအာရှာမန်း (မျက်မှန်တပ်ထားသူ) နှင့် ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂနာ

ယင်းနောက် မြန်မာပြည်တွင်းရှိ ထိခိုက်လွယ်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး အားထုတ်ဆောင်ရွက်မှုများ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ ဒုက္ခသည်များကို လုံခြုံသည့်ခိုလှုံခွင့်​ပေးရေးနှင့် အကူအညီပေးနိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများကို အားပေးကူညီရန် အချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန် ၂၂ ယမန်နေ့က မန္တလေးမြို့တွင် ပစ်ခတ်မှုများပေါ်ပေါက်လာရာ အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရအရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးတချို့ကလည်း မန္တလေးပစ်ခတ်မှုအတွက် စိုးရိမ်ကြကြောင်း ကြေညာချက်ထုတ်ခဲ့ကြသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button