သတင်း

Cafe 99 ဆိုင်ရှင်နှင့် ဝန်ထမ်းတချို့ကို ပန်းပန်မှုဖြင့် ဆက်ဖမ်းထား 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ Café 99 ဆိုင်တွင် ပန်းဝေ၊ ပန်းပန်မှုအတွက် ဖမ်းထားသည့် ဆိုင်ပိုင်ရှင်ကို ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ပြင်ဦးလွင်-လားရှိုးလမ်းမကြီးပေါ်ရှိ Cafe 99  ဆိုင်သို့ ဇွန် ၁၉  တွင် စစ်သားနှင့်ရဲများ ဝင်ရောက်လာပြီး ဆိုင်ရှင်နှင့် ဇနီး၊ ရှယ်ယာဝင်တစ်ဦး၊ ပန်းပန်ထားသည့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

နောက်တစ်နေ့ ဇွန် ၂၀ ၌ ဆိုင်ရှင်၏ ဇနီး၊ သူငယ်ချင်းဖြစ်သူ ရှယ်ယာဝင်တစ်ဦးနှင့် ဝန်ထမ်းအမျိုးသမီး ၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ထိုဆိုင်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်၊ 

ဆိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဦးမောင်ကြီးနှင့် ဝန်ထမ်း ၅ ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။ 

ဇွန် ၁၉ သည်  နေ့စဉ် ပန်းပန်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့လည်းဖြစ်ရာ နိုင်ငံအနှံ့မှ ပြည်သူအများအပြားက ပန်းပန်ကြခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။  

ပြည်သူများက ​ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခြင်း လူမှုကွန်ရက်တွင်လည်း ပန်းပန်ထားသည့် ဓာတ်ပုံများဖော်ပြ၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းစာများ ရေးသားခဲ့ကြသည်။ 

Cafe 99 ဆိုင်တွင်လည်း ယင်းနေ့က ပန်းဝေပြီး ကိတ်မုန့်ခွဲခြင်းမှာ ဆိုင်ရှင်၏ ဇနီးဖြစ်သူမွေးနေ့ပွဲအတွက် ရည်ရွယ်သည်ဟု မေမြို့ ခေါ် ပြင်ဦးလွင်မြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။

“ပန်းဝေတာက ဆိုင်ရှင်အန်တီရဲ့မွေးနေ့မှာ ယတြာချေတာလို့ ကြားတယ်။ မွေးနေ့ကိတ်လုပ်ပြီး ပန်းကို ယတြာချေတဲ့အနေနဲ့ ခင်တဲ့သူတွေ အကုန်လုံးကို လက်ဆောင်အနေနဲ့ ပေးတာတဲ့။ ဆိုင်ကကလေးတွေကိုလည်း ပန်ချင်တဲ့ ကလေးတွေ ပန်ဆိုပြီး ပေးတာ။ အဲဒါကို သူတို့က ပန်းဝေတယ်ဆိုတဲ့ ပုဒ်မတပ်တာပေါ့” ဟု ၎င်းက ပြောသည်။

“ပန်းပန်ထားတဲ့ကလေးတွေနဲ့ ပြီးရင် ဆိုင်ရှင်ကိုလည်း ခဏလောက်ထွက်ခဲ့ပါဦးဆိုပြီးတော့ ခေါ်သွားတာ”  

စစ်တပ်နှင့် စစ်အာဏာရှင်ဆန့်ကျင်သူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်နေသည်။

Show More

Related Articles

Back to top button