စစ်ကော်မရှင်တပ်သည် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ပြီးနောက် မီးငြှိမ်းသတ်ရန်ကြိုးစားသည့် ရွာသားများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ်တွင် ပုလောမြို့မှတဆင့် ရှပ်ပုံကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်လာပြီးနောက် အရပ်သားနေအိမ် ၄၀ လုံးထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သားထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဟု ဒေသခံများထံမှ သိရသည်။
ရှပ်ပုံကျေးရွာသည် ပုလောမြို့၏အနောက်ဘက် ကပ်လျက်တည်ရှိပြီး အလယ်တွင် ပုလောချောင်းမှ ပိုင်းခြားထားသည်။
ရှပ်ပုံ ကျေးရွာမီးလောင်မှုဖြစ်ပွားပြီးနောက် ရှပ်ပုံဒေသခံအချို့သည် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်ရန်ကြိုးစားခဲ့သလို ရွာသူရွာသားအချို့သည် မီးစတင်လောင်သောနေအိမ်များကို မီးငြှိမ်းသတ်ရန် ကြိုးစားရာ စစ်တပ်သည် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
“မီးငြှိမ်းဖို့သွားတဲ့အချိန် အရမ်းမလောင်သေးခင်အချိန်က ရွာသားတွေ မီးငြှိမ်းဖို့လာကြတာကို သေနတ်နဲ့ ပစ်တာတော့ သေချာတယ်။ သူတို့ပြောတာတော့ ဆွဲမိုင်းတွေ ကွဲနေလို့ မဝင်ခိုင်းဘူးလို့ပြောတယ်။” ဟု မီးငြှိမ်းသတ်ရန်ကြိုးစားချိန်တွင် ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
မီးစတင်လောင်သည့် နေရာသည် ရှပ်ပုံကျေးရွာ၏ အရှေ့ဘက်ခြမ်း၊ စစ်တပ်တပ်စွဲထားသည့် ပြည်တော်သာ ဘုန်းတော်ကြီးကျောင်းတိုက်အနီးတွင် ဖြစ်သည်။ အဆိုပါရပ်ကွက်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များ ဝင်ထွက်သွားလာရန် ခက်ခဲသောနေရာဖြစ်သည်ဟု အဆိုပါအမျိုးသားက ပြောသည်။
မီးစတင်လောင်ပြီး မိနစ် ၂၀ ကြာပြီးနောက်တွင် ပုလောမြို့အခြေစိုက် ခလရ (၂၈၅) မှ လက်နက်ကြီးဖြင့် နှစ်ချက်ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ရှပ်ပုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ခလရ ၂၈၅ သည် ပုလောမြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး ရှပ်ပုံကျေးရွာနှင့် သုံးမိုင်ခွဲခန့် အကွာအဝေးတွင်တည်ရှိသည်။ အဆိုပါ အကွာအဝေးသည် ၈၁ မမ၊ ၁၂၀ မမကဲ့သို့သော လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုပါက ရောက်ရှိနိုင်သောအကွာအဝေးဖြစ်သည်။
ဒေသခံများ၏အဆိုရ စစ်တပ်၏ လက်နက်ကြီးသံမှလွဲ၍ မီးစတင်လောင်ချိန်တွင် ပေါက်ကွဲသံမကြားရဟု ဆိုကြသည်။
သို့သော် အဆိုပါကျေးရွာ မီးလောင်ခဲ့သည့် ဖြစ်စဉ်အပေါ် တော်လှန်ရေးတပ်များ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တို့တွင် စွပ်စွဲရေးသားကြသော်လည်း စစ်တပ်မှ တစ်စုံတစ်ရာ တုံ့ပြန်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းဘက်ကမူ ရှပ်ပုံရွာဖြစ်စဉ်အပေါ် ၎င်းတို့ လက်ချက်မဟုတ်သလို ထိုနေ့တွင် တိုက်ပွဲလည်း မဖြစ်ဟု ဆိုသည်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပုလောမြို့ပေါ် ရပ်ကွက်မဲရုံအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုသာ နောက်ဆုံးရှိသည်ဟု ပြောသည်။
“မီး စလောင်တော့ ရွာလယ်ရပ်ကွက်ကနေ စလောင်ပါတယ်။ အဲဒီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားပါတယ်ဗျ” ဟု ကိုအာနိုးက ပြောသည်။
“ရွာသားတွေ မီးငြှိမ်းဖို့ ကြိုးစားတာ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ် ခတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လုပ်တာ မဟုတ်ပါဘူးဗျ” ဟု ၎င်း က ဆက်ပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များထဲတွင် ရှပ်ပုံ ရွာသူရွာသားအများစုသည် ရေပုံးကိုယ်စီ ဆွဲကိုင်ကာ မီးငြှိမ်းသတ်ရန်ကြိုးစားလျက်ရှိသည်ကို တွေ့ရသည်။ နောက်တစ်နေ့ (ဖေဖော်ဝါရီလ ၁ ရက်နေ့) မီးငြိမ်းသွားပြီးနောက် ပုလောမြို့ပေါ် ခလရ -၂၈၅ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီနေ့ကို လက်နက်ကြီးတွေပစ်နေတာ တအားပဲ။ တိုက်ပွဲဖြစ်နေတာတော့ ကြာပြီ။ တိုက်ပွဲက ရှေ့လ (ဇန်နဝါရီ ၂၅) မဲထည့်တုန်းကနေပြီး နှစ်ဖက်အတင်းအမာဖြစ်နေတာ။ ဒီလမဲထည့်တုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တအားပစ်တယ်” ဟု ၎င်းအမျိုးသမီးက ဇန်နဝါရီလ နောက်ဆုံးပတ်က ပြောသည်။
ရှပ်ပုံကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များတပ်ဆွဲထားပြီး အရှေ့ဘက်ခြမ်းတွင် စစ်တပ်တပ်ဆွဲထားသောကြောင့် ယနေ့အချိန်ထိ နှစ်ဖက်အပြန်အလှန်စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်သည်ဟု ဒေသခံများကလည်းပြောသည်။
လက်ရှိအချိန်တွင် ရှပ်ပုံကျေးရွာတွင် ဒေသခံတချို့ပြန်လည်ဝင်ရောက်နေထိုင်ခြင်းရှိသော်လည်း စစ်တပ်နေထိုင်သော မီးလောင်သည့်ရပ်ကွက်တွင် နေထိုင်သူ သိပ်မရှိတော့ကြောင်း ရှပ်ပုံဒေသခံအမျိုး သမီးတစ်ဦးကပြောသည်။
“လက်ရှိက စစ်ရေးတင်းမာမှုတွေရှိနေဆဲပါဗျ။ စစ်ကောင်စီတပ်ကလည်း ရွာကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်။ လက်ရှိတော့ ထိတွေ့မှု ကြီးကြီးမားမားဖြစ်တာ မရှိသေးပါဘူးဗျ။ ထိတွေ့မှု တစ်စုံတစ်ရာမဖြစ်ဘဲနဲ့ ပလမြို့ ဆားဖိုဆိပ်ရပ်ကွက်၊ တိုရွာ၊ ရှပ်ပုံရွာတွေကို မီးရှို့သွားတာပါဗျ” ဟု ကိုအာနိုးက ပြောသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပုလောမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာအဝေးရှိသော ပလမြို့ အမှတ် ၄ ဆားဖိုဆိပ် ရပ်ကွက်အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများနှင့် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်တပ်၏ မီးရှို့မှုကြောင့် မြို့ပေါ်နေအိမ် ၇၀ ထက်မနည်း မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကော်မရှင်တပ်သည် ပလမြို့၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တိုရွာရှိ တောင်ကုန်းတစ်ခုတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ပလမြို့သို့ စစ်ကြောင်းထိုးမီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ၎င်းတို့တပ်စွဲထားသည် တိုရွာကိုလည်း ဆက်လက်မီးရှို့ခဲ့သည်ဟု ဒေသခံများမှပြောသည်။ တိုရွာသည် ၂၀၂၂ ခုနှစ်မှ စတင်၍ စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မီးမကြာခဏရှို့ခံရပြီးနောက် ဒေသခံများနေထိုင်ခြင်းမပြုတော့သည့် ကျေးရွာဖြစ်သည်။
အလားတူ ပုလောမြို့နယ်တွင် စစ်တပ်မှ စစ်ကြောင်းထိုး၍ မကြာခဏမီးရှို့မှုများကြောင့် တိုရွာအပါအဝင် ကဒဲ၊ သင်္ကန်းတော၊ လယ်ပြင်တန်း၊ ပလ၊ မင်းပြင်၊ ဗိုင်းပြင်၊ မိမ္မမြို့၊ ဇရပ်ဆိပ်၊ တပို စသည့်ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများသည် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
တိုက်ပွဲဖြစ်ပြီးတာနဲ့ အားလုံး ထွက်ပြေးကြတယ်ရှင်။ စစ်ဘေးရှောင်ရွာတွေက တိုရွာမှာတော့ တစ်ရွာလုံး ရှောင်ရတယ်။ ကဒဲရွာမာလည်း တစ်ရွာလုံး ရှောင်ရတယ်။ ပိုက်ဆံရှိသူကတော့ မြို့ပေါ်တက်နေကြတယ်။ မရှိတဲ့သူကြတော့ ဓနိတောတွေထဲ ဝင်နေကြတယ်ရှင်။ သူတို့က ဝင်နေလို့ရတယ်ပြောတာပဲ ဘယ်မှဝင်မရဲဘူး” ဟု ပုလောမြို့ပေါ်တွင် စစ်ရှောင်နေရသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
Myanmar Information Management Unit(MIMU) မှ ၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသော သန်းခေါင်စာရင်းအရ အဆိုပါကျေးရွာ ၁၀ ရွာတွင် လူဦးရေ ၁၇,၁၃၉ ဦးရှိသည်။
“မြို့ပေါ်မှာ ရှောင်ရတယ်။ တောမှာ ရှောင်ရင် လက်နက်ကြီးနဲ့ ရမ်းပစ်တယ်။ ရှပ်ပုံရွာမှာက ရွာထဲမှာပဲ နေကြတယ်။ တချို့လူတွေက ပုလောမြို့ပေါ်မှာ လာနေကြတယ်။ ကျန်တဲ့နေရာတွေက လက်နက်ကြီး အမြဲလာနေလို့ စိတ်မချရဘူး” ဟု ရှပ်ပုံဒေသခံတစ်ဦးက ပြောသည်။
ပုလောမြို့နယ်ရှိ စစ်ရှောင်များသည် တောင်ယာတောများ၊ ဓနိတောများတွင် ဆက်လက်၍ စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး အလှူရှင်အထောက်အပံ့မရရှိသည်မှာ နှစ်နှစ်ကျော်ကြာပြီဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
“ရှာကြံပြီးစားရတာပေါ့။ တချို့လူတွေက လယ်ရှိတော့ လယ်လုပ်စားကြတယ်။ သူတို့မှာအရင်က အလှူရှင်တွေ လာလှူထားတာ ရှိတယ်။ တစ်ယောက်ကို သုံးသိန်းကျော်ရကြတယ်။ ကျွန်မတို့က ပုလောဘက်ကိုပြောင်းလာ တော့ မရလိုက်ဘူး။ ကျန်ရစ်တဲ့သူတွေအားလုံး ရကြတယ်ရှင် လွန်ခဲ့သော နှစ်နှစ်ခန့်က” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ပုလောမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) အထူးတပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း (၇) နှင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း စသည့်တော်လှန်ရေးတပ်များ လှုပ်ရှားသည်။
KNDO Drone Forces ၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ပုလောမြို့နယ်ရှိ သင်္ကန်းတောရွာနှင့် တပိုရွာတို့တွင် စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုရှိခဲ့သည်ဟု သိရသည်။
စစ်ကော်မရှင် ရွေးကောက်ပွဲစတင်ခဲ့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ တော်လှန်ရေးတပ်များသည် ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု KNLA တပ်မဟာ ၄ အထူးတပ်ရင်း က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်တပ်စွဲထားသော ပုလောမြို့ပေါ်ဂိတ်များ၊ ကျောက်စုကျေးရွားဂိတ်နှင့် နန်းတောင် စခန်းကုန်း စသည်တို့ကို ပြီးခဲ့သည့် နှစ်လအတွင်း ခုနစ်ကြိမ်ထက်မနည်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။
ဒေသခံများအနေနှင့် စစ်ကော်မရှင်၏ တပ်ဖွဲ့များ၏ အနီးအနားတွင် နေထိုင်ခြင်းမပြုလုပ်ရန်လည်း (KNLA) တပ်မဟာ (၄) အထူးတပ်ရင်း နှင့် KNDO Drone Forces တို့က သတိပေးထုတ်ပြန်ထားကြသည်။



