တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုနှင့် စစ်သင်္ဘောများမှတဆင့် လက်နက်ကြီး ပစ်ခတ်မှုအရှိန်မြှင့်လာနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တနင်္သာရီတိုင်း စစ်ဌာနအပါအဝင် လောင်းလုံမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကဆိုသည်။
(NUG) ၏ တနင်္သာရီတိုင်း စစ်ဌာန၊ တိုင်းကွပ်ကဲရေးရုံးတာဝန်ခံ ကိုရေဘဲက စစ်ကော်မရှင်တပ်သည် လေယာဉ်ဖြင့် ဗုံးကြဲရာတွင် ဗုံးအလုံးရေပိုမိုကြဲချတိုက်ခိုက်လာသည်ကို တွေ့ရကြောင်း ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်သည့် Fe5 Tanintharyi ၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အဖြစ်အပျက်များဆိုင်ရာ အွန်လိုင်း ရှင်းလင်းပွဲတွင် ပြောသည်။
Fe5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို စောင့်ကြည့်မှတ်တမ်းတင်နေသော လွတ်လပ်သည့် သုတေသနအဖွဲ့အဖြစ်သည်။
ကိုရေဘဲက “FTC-2000 တရုတ် လေယာဉ်တွေရှိလာတော့ အရင်က တရုတ်လေယာဉ်နဲ့ ဗုံးတစ်ခါကြဲရင် အခုဆို နှစ်ခါကြဲလာနိုင်တာဖြစ်လာတယ်။ Area Strike လည်းတက်လာတယ်။ အရင်က လေယာဉ်အကြီးတွေနဲ့ ဗုံးချတယ်ဆိုတာမရှိဘူး။ အခုနောက်ပိုင်း ၂၀၂၅ မှာမှ လေယာဉ်အကြီးနဲ့ ဗုံးချရင် ဗုံးအလုံး ၂၀၊ ၃၀ ချတယ် ဆိုတာဖြစ်လာတယ်။ Carpet Bombing လို့ခေါ်တဲ့ ဧရိယာအနှံအပြားကို ဗုံးကြဲတာတွေဖြစ်လာတယ်” ဟုဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုစွမ်းရည်တက်လာမှုကြောင့် အရပ်သားအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုနှင့် ပတ်သက်၍မူ ဆွေးနွေးပွဲတွင် ကိုရေဘဲက အသေးစိတ်မပြောပေ။
စစ်ကော်မရှင်တပ်သည် အသေခံဒရုန်းသုံး၍ တိုက်ခိုက်မှုများလည်း လုပ်ဆောင်လာကြောင်း ကိုရေဘဲက ပြောသည်။
“ဆူဆိုက်(အသေခံ)ဒရုန်းကတော့ သုံးနေပြီးသား တနင်္သာရီတိုင်းမှာ မသုံးသေးဘူး။ အခုသုံးလာတယ်ပေါ့။ ဆူဆိုက်ဒရုန်းနဲ့ပတ်သက်လို့ ကျွန်းစုမြို့နယ်ထဲက စခန်းတစ်ခုကို ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်တာရှိတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအတိုက်ခံရတာရှိသလို သိန်းခွန်ရွာဘက်တွေမှာလည်း သုံးတယ်လို့ ဆိုတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကမူ တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်သည် တိုက်ပွဲအတွင်းအထိနာသည့်အခါတွင် လေကြောင်းတိုက်ခိုက်မှုလုပ်တတ်သလို တိုက်ပွဲမဖြစ်ဘဲ ရုတ်တရက် လေယာဉ်ဖြင့်ရောက်လာကာ ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်လာကြောင်း Myanmar Now ကိုပြောသည်။
စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်မှုထက် ပင်လယ်အတွင်း စစ်သင်္ဘောများအား စစ်ကူပို့သည့်နေရာတွင်သာမက လက်နက်ကြီးဖြင့် ပစ်ကူပေးရန်အတွက်ပါ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
စစ်မှုထမ်းပေါ်တာဆွဲထားတဲ့အင်အားတွေနဲ့ လက်နက်ခဲယမ်း ပို့ဆောင်တာတွေကို ရေကြောင်းကနေ စစ်သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်လေ့ရှိတယ်။တိုက်ပွဲဖြစ်ရင်တော့ ထိထိမထိထိ စစ်သင်္ဘောက လက်နက်ကြီးက အကြီးအကျယ်ထုတော့တာပဲ” ဟု ထားဝယ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်တပ်သည် တနင်္သာရီတိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်သင်္ဘောများအပြင် ဂျွန်ဆင်လှေဟု တော်လှန်ရေးတပ်အချို့ အလွယ်ခေါ်သည့် လူခြောက်ယောက်ခန့်လိုက်ပါနိုင်သော Speed Boat များသုံးကာ ပင်လယ်ပြင်စိုးမိုးရေး လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း ထားဝယ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စစ်သင်္ဘောတွေအပြင် ဂျွန်ဆင်လှေငယ်တွေနဲ့ပါ ကင်းလှည့်တဲ့ပုံစံမျိုးနဲ့ငါးဖမ်းလှေတွေကိုဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက်လုပ်နေတာရှိတယ်” ဟု ၎င်းက ပြောသည်။
မြေပြင်တွင်မူ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး အရပ်သားနေအိမ် ၄၀ အထိမီးရှို့ခံထားရကြောင်း ထားဝယ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၎င်းက “အခုလက်ရှိမှာတော့ ပုလောမြို့နယ်ထဲက ရှပ်ပုံရွာကို စစ်ကော်မရှင်တပ် မီးရှို့လို့တစ်ရွာလုံးနီးပါး မီးဘေးသင့်ခဲ့ရတာရှိပါတယ်။ ကျွန်တော် သိရသလောက် အိမ်ခြေ ၄၀ လောက် မီးလောင်သွားတယ်ကြားပါတယ်။ ကျွန်တော် တို့ကတော့ အထိနာလို့ ဒီလိုလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့မြင်တယ်” ဟု မှတ်ချက်ပေးသည်။
Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာတစ်ဦးကမူ တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် တိုက်ခိုက်နေသလို တော်လှန်ရေးတပ်ဘက်ကလည်း ဒရုန်းအသုံးပြု၍ တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်အထိ ခြိမ်းခြောက်လာနိုင်သည်ကို တွေ့ရကြောင်း ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်သည့် အွန်လိုင်း ရှင်းလင်းပွဲတွင် ဆိုသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) ပြုလုပ်သည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ထားဝယ်မြို့ရှိ စစ်ကော်မရှင်၏ တိုင်းအစိုးရအဖွဲ့ရုံးကို တော်လှန်ရေးတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အား ဥပမာပေး၍ Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာတစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲလုပ်တဲ့မနက်မှာ တိုင်းအစိုးရအဖွဲ့ရုံးကို ဒရုန်းနဲ့တိုက်ခိုက်ရာက လဝက အရာရှိတစ်ဦးဒဏ်ရာရသွားတာပေါ့။ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အစိုးရရုံးရဲ့ မျက်နှာကြက်တွေပေါက်သွားတယ်ဆိုပြီး စစ်ကော်မရှင်ဘက်ကလည်း ဓာတ်ပုံနဲ့တကွ ဝန်ခံထားတယ်။ အဲဒီရုံးမှာက Jammer လို့ခေါ်တဲ့ ရေဒီယိုလှိုင်းဖြတ်စက်တွေကိုတပ်ထားပေမယ့် တိုင်းစစ်ကော်မရှင်ရုံးအထိ ဒရုန်းနဲ့ တိုက်ခိုက်နိုင်တာကိုတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာတစ်ဦးက တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်သည် တပ်ရင်းများရှိရာနေရာနှင့် ခရိုင်မြို့များတွင်သာ ၎င်းတို့၏ ဩဇာကို ထူထောင်နိုင်ပြီး နယ်ဘက် ကျေးလက်ဒေသများတွင် စစ်ကော်မရှင်၏ ဩဇာသက်ရောက်မှုမရှိတော့ကြောင်း ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့်တော်လှန်ရေး တပ်များ ထိန်းချုပ်ထားသည့် မောတောင်မြို့အား ပြန်သိမ်းနိုင်ရန် စစ်ကော်မရှင်တပ်သည် တနင်္သာရီမြို့နယ်ဘက်မှ စစ်ကြောင်းထိုးနေသော်လည်း သိန်းခွန်ရွာဝန်းကျင်နှင့် သဲဖြူရွာဝန်းကျင်တွင် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း Fe5 Tanintharyi အဖွဲ့၏ အယ်ဒီတာတစ်ဦးက ရှင်းလင်းပွဲတွင် ပြောသည်။
တနင်္သာရီတိုင်းတွင် ၂၀၂၅ ခုနှစ်နှစ်ဆန်း၌ စစ်ဘေးရှောင် ခုနစ်သောင်းကျော်ရှိရာမှာ ၂၀၂၅ ခုနှစ်အကုန်တွင် စစ်ဘေးရှောင် ကိုးသောင်းအထိ ရှိလာပြီး စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း Fe5 Tanintharyi ထံမှသိရသည်။



