သတင်း

ပြည်ခိုင်ဖြိုးအမတ်ဟောင်း လုပ်ကြံခံရသည့်နေရာအနီး ၅ ဦး အဖမ်းခံရ

ဇွန် ၁၆ ည ပိုင်းက ဗိုလ်တထောင်ဘုရားအနီး နေထိုင်သူ  ၅ ဦးထက်မနည်း ဖမ်းဆီးခံရခြင်းမှာ ဇွန် ၁၀ ရက်နေ့က  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးနေမျိုးအောင် ပစ်သတ်ခံရမှုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု  ဒေသခံများက ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းအများအပြားနေထိုင်သည့် ရဲရိပ်သာရပ်ကွက်နှင့် မိသားစုရပ်ကွက်တို့မှ ဖမ်းဆီးခံရသည့် ထို ၅ ဦးနှင့် အဆက်အသွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အဖမ်းခံရသူတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်ခြင်းမရှိကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မြို့ပြအင်ဂျင်နီယာဌာနမှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်ကြောင်း ဘုရားအနီးတွင်နေထိုင်သည့် NLD ပါတီဝင်တစ်ဦးက ပြောသည်။

“ကိုနေမျိုးအောင် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ကိစ္စကို အရင်းတည်ပြီးတော့ ရပ်ကွက်ထဲမှာ ထင်သမျှဟာတွေကို လက်ညှိုးလိုက်ထိုးနေတဲ့ ကြံ့ခိုင်ရေးက လူတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

ဝန်ထမ်း ၂ ဦးဖြစ်သည့် ဦးဝင်းဌေး၊ ဦးလှဌေး၊ ရဲရိပ်သာရပ်ကွက်တွင် နေထိုင်သည့် ဦးစိုးသောင်းနှင့် ဦးထိန်လင်း၊ လင်းစဒေါင်းတွင်နေထိုင်သည့် ဦးကျော်ဆန်းဝင်းတို့ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဗိုလ်တထောင်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လုပ်ကြံသတ်ဖြတ်ခံရသူ ဦးနေမျိုးအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်မြေတွင် NLD ကို ရှုံးနိမ့်ခဲ့သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်မြေမှပင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲအရေအတွက် ရာဂဏန်းဖြင့် အနိုင်ရခဲ့သော်လည်း ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ခဲ့ပြီး ဒုတိယ ဆန္ဒမဲအများဆုံးရရှိခဲ့သည့် NLD ကိုယ်စားလှယ်က တိုင်းလွှတ်တော်အမတ်ဖြစ်လာသည်။

ဦးနေမျိုးအောင် လုပ်ကြံခံရသည့်အပေါ်တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တရားဥပဒေနှင့်အညီ တုံ့ပြန်နိုင်ရန် ကြိုးပမ်းနေပြီး အာဏာသိမ်းသည့် ဖေဖော်ဝါရီမှစ၍ ဒလန်၊သတင်းပေးဟု စွပ်စွဲခံရသူ ပြည်ခိုင်ဖြိုးပါတီဝင် အယောက် ၄၀ ကျော်ခန့် လုပ်ကြံခံခဲ့ရသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

စစ်ကောင်စီအတွက် ဒလန်လုပ်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံအနှံ့ ပြည်ခိုင်ဖြိုးပါတီ၏ အဆောက်အအုံများ၊ ပါတီဝင်များသည် နေ့စဉ်နှင့်အမျှ ပစ်ခတ်၊ မီးရှို့၊ တိုက်ခိုက်ခံနေရပြီး ပြည်ခိုင်ဖြိုးပါတီဝင်များကလည်း NLD ထောက်ခံသူများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၅ တွင် အရပ်ဝတ်လက်နက်ကိုင်များက မန္တလေးမြို့ရှိ NLD ပါတီရုံးချုပ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်နှင့် ရန်ကုန်ရှိ NLD ပါတီရုံးချုပ်တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရီးဒွေးရွာတွင် ဇွန် ၁၆ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီဝင်များက လက်နက်ကိုင်ခြိမ်းခြောက်၍ NLD ပါတီထောက်ခံသူများ၏ နေအိမ်လေးလုံးကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button