အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်နေ့) ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ် နှင့် မိသားစုအပါအဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ်တစ်စီးက မော်လူးမြို့၊ လေဖိုရွာကို ဗုံး နှစ်လုံးကြဲချခဲ့ရာ ရွာထဲ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ခုနစ်ဦးနှင့် အိမ်နီးချင်းဘေးအိမ်မှ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသည့် Indaw Revolution အဖွဲ့က ထုတ်ပြန်သည်။
“ (ခန္ဓာကိုယ်) အကောင်းတိုင်းက နှစ်ယောက်ပဲ ရတယ်။ ကျန်တာကတော့ တစ်စစီကောက်ရတယ် ပြောတယ်။ ရှစ်ဦး ကတော့ အတည်ပြုထားနိုင်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် အင်တာနက်အခက်အခဲကြောင့် ထိခိုက်သေဆုံးသူများ၏ အသက်အရွယ်၊ ကျား၊ မနှင့် ထိခိုက်ဒဏ်ရာရသည့်အခြေအနေကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
အိမ်ခြေ ၁၀၀ ခန့်ရှိသည့် လေဖိုရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးအင်အားစုများ အခြေစိုက်ထားသည့်ကျေးရွာလည်းမဟုတ်ကြောင်း အထက်ပါ ဒေသခံကဆိုသည်။
“ တစ်ခါမှလည်း အဲ့ဒီဘက်တွေက ဗုံးကြဲခံရတာမရှိဘူး။ တိုက်ပွဲတောင်ဖြစ်ဖူးတာမရှိဘူး အဲ့ဒီဘက်တွေက။ တော်လှန်ရေး စဖြစ်ကတည်းက အဲ့ဒီဘက်တွေက လွတ်မြောက်နယ်မြေလိုဖြစ်သွားတာ။ NUG ထိန်းချုပ်နယ်မြေပဲလို့ ပြောလို့ရတယ်။ စစ်ကြောင်းတွေတောင် မထိုးဖူးဘူး”ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
မော်လူးမြို့နယ်တွင် ယခုလအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ရှိခဲ့သည်။
ဇန်နဝါရီလ ၂ ရက်နေ့က မော်လူးမြို့၊ ပဲခူးရွာစာသင်ကျောင်းအနီး ဖွင့်လှစ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးနား ကျောင်းမှ Grade 12 ကျောင်းသူတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး အခြားကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့သည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ညပိုင်းကလည်း မော်လူးမြို့နှင့် လေးမိုင်ခန့်အကွာ မန်ဟဲရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ) ရုံးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပကဖနှင့် KIA အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သည်။
ထို့နောက် ရက်ပိုင်းအကြာ မော်လူးဒေသတွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်စဉ် အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးကြခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် အင်းတော်မြို့နှင့် ၂၂ မိုင်ခန့်သာဝေးသည့် မော်လူးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစပြီး တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေစိုးမိုးထိန်းချုပ်သည်။
မော်လူးမြို့ကို ရပြီးနောက် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အင်းတော်မြို့ကို NUG တပ်များက စတင်ထိုးစစ်ဆင်ခဲ့ရာ ရှစ်လအကြာ ၂၀၂၅ ခုနှစ် ဧပြီလတွင် မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကသုံးလုံးဒေသဟု လူသိများသည့် ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်အတွင်းမှ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။
ကသာမြို့ကိုလည်း ပြီးခဲ့သည့် နှစ်ကုန်၌ တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ် ရပ်ကွက်အချို့ ရရှိခဲ့သော်လည်း ပြန်ဆုတ်ခဲ့ရပြီး မြို့ကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားသည်။
စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်ပြုလုပ်နေပြီး အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ပိုမိုများပြားလာကြောင်း CDM စစ်သားများဖြင့် ဖွဲ့ထားသည့် မြန်မာ့စစ်ဘက်နှင့်လုံခြုံရေးဆိုင်ရာ အင်စတီကျု (MDSI) က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ တတိယပတ်က မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မင်္ဂလာဆောင်ကိုလေကြောင်းတိုက်ခိုက်မှု ကြောင့် လသားကလေးငယ်အပါအဝင် ဒေသခံ ငါးဦးသေဆုံးခဲ့ပြီး၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စလင်းမြို့နယ်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုရားဝင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် လသား အရွယ်ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။
နိုင်ငံတဝန်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့်၂၀၂၅ ဒီဇင်ဘာလအတွင်းအသက် ၁၈ နှစ်အောက် ကလေး ၁၅ ဦးအပါအဝင် ပြည်သူ ၁၉၈ ဦးသေဆုံးခဲ့ပြီး ၃၇၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။



