အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်ရှိ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးတစ်ခု ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ပကဖ အဖွဲ့ဝင် လေးဦးနှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက စုံစမ်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်နေ့) ည ၁၁ နာရီခန့်က တိုက်လေယာဉ်တစ်စီးက မော်လူးမြို့နှင့် ၄ မိုင်ခန့် အကွာ မန်ဟဲကျေးရွာအနီး ဖွင့်လှစ်ထားသည့် ပကဖရုံးကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးတစ်လုံးမှာ ပကဖရုံးကို တိုက်ရိုက်ထိမှန်ခဲ့ရာ ရုံးအတွင်းရှိနေသည့် ပကဖ လေးဦးနှင့် KIA တပ်ဖွဲ့ဝင် တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပကဖ အဖွဲ့နှင့် နီးစပ်သူ မော်လူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“(ပကဖ)ရုံးက မန်ဟဲရွာထိပ်မှာရှိတာ။ အဲဒီရုံးကို ကြဲသွားတာ။ Location( ရုံးတည်နေရာ) ပေါက်ထားတာ ကြာပြီ။ သူတို့က မပြောင်းဘဲနေကြတာ” ဟု ၎င်းက ဆိုသည်။
ကချင်နှင့် စစ်ကိုင်းတိုင်းနယ်စပ် မော်လူးမြို့သည် NUG ၏ အမှတ် (၁) စစ်ဒေသတွင် ပါဝင်ကာ KIA တပ်ဖွဲ့ဝင်များလည်း အသွားအလာရှိကြသည်။ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူများအနက် KIA တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်သည်ဆိုသော ကိစ္စနှင့်ပတ်သက်ပြီး KIA ၏ အတည်ပြုချက်မရသေးပေ။
လေကြောင်းဗုံးကြဲမှုကြောင့် ပကဖရုံးအနီးရှိ လူနေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့သည့်အပြင် ဒေသခံ နှစ်ဦး ဒဏ်ရာရကာ နွားတစ်ကောင်လည်း သေဆုံးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနှင့် ရွာရှည်ရွာအကြား ပဲခူးရွာစာသင်ကျောင်း အနီး ဖွင့်လှစ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးနား ကျောင်းမှ Grade 12 ကျောင်းသူတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အခြားကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့သည်။
ယခုရက်ပိုင်း NUG အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ပကဖ၊ ပအဖ နှင့် ပလဖ အဖွဲ့တည်နေရာများကို ဦးတည်၍ လေကြောင်းမှ တိုက်ခိုက်နေရာ ဇန်နဝါ၇ီလ ၂၀ ရက်နေ့ကလည်း ကောလင်းအရှေ့ခြမ်းရှိ ပကဖရုံးတစ်ခု လေယာဉ်၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ပကဖ ရှစ်ဦး သေဆုံးခဲ့သည်။
မော်လူးနယ်တွင် ဒေသခံများရှိရာနေရာအနီး တော်လှန်ရေးအဖွဲ့များ ရုံးထိုင်ခြင်းများရှိသောကြောင့် အရပ်သားများလည်း မကြာခဏ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
“ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရုံးထိုင်မယ်။ ဂိတ်ထိုင်မယ်ဆိုရင် ကျေးရွာနဲ့ အနည်းဆုံး သုံးမိုင်အကွာမှာ နေရမယ်ဆိုပြီး စည်းမျဉ်းစည်းကမ်းရှိတာလည်း သူတို့မလိုက်နာကြဘူး ရွာထဲမှာပဲနေကြတာ” ဟု ၎င်းက ပြောသည်။
မော်လူးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကျောင်းသားတပ် (ABSDF) တို့ ပူးပေါင်းကာ သိမ်းပိုက်ခဲ့ပြီး NUG အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် မြို့ဖြစ်သည်။
မော်လူးမြို့တောင်ဘက် ၂၂ မိုင်အကွာတွင် ယမန်နှစ် ဧပြီလတွင် NUG သိမ်းထားသော အင်းတော်မြို့ တည်ရှိသည်။
အာဏာသိမ်းစစ်တပ်ကို NUG လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ် နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားနိုင်သည်။
ကချင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် စစ်ကိုင်းအထက်ပိုင်း ကောလင်းမြို့၊ တော်လှန်ရေးတပ်များ က မြို့သိမ်းတိုက်ပွဲပြုလုပ်နေသည့် ကသာမြို့တို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA)တို့ကလည်း ဗန်းမောက်မြို့ကို အပြင်းအထန် ထိုးစစ်ဆင် နေရာ မြို့၏ နေရာအများစုကို ရရှိထားပြီဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း ၂,၃၂၆ ဦး၊ ဒဏ်ရာရရှိသူ ၄,၁၄၆ ဦး ရှိခဲ့ပြီး အောက်တိုဘာလ၊ ဩဂုတ်လ နှင့် မေလ တို့တွင် လေကြောင်းက တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ က ထုတ်ပြန်ထားသည်။




