“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား သိမ်းပိုက်စဉ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တပ်ဖွဲ့ဝင်များထဲမှ ၅၀၀ ဦး နှင့် အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးလိုက်သည်ဟု ကိုးကန့်တပ် (MNDAA) က ယမန်နေ့တွင် ထုတ်ပြန်သည်။
လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အကောင်အထည်ဖော်သည့် အနေဖြင့် တရုတ်ရိုးရာ ပြက္ခဒိန်အရ ယမန်နေ့တွင် ကျရောက်သည့် တရုတ်ရိုးရာ အာဇာနည်ဝိညာဉ်ပူဇော်ပွဲ (တာကျောင် (Da Jiao) မဟာပူဇော်ပွဲ) သတ္တမမြောက်နေ့တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု MNDAA ထုတ်ပြန်ချက်ကို ၎င်းတို့တပ်ဖွဲ့၏ အာဘော် The Kokang သတင်းတွင် ဖော်ပြထားသည်။
ပြန်လွှတ်ပေးမည့်သူများအား ကိုးကန့်တရားစီရင်ရေးအာဏာပိုင်များက တင်းကျပ်စွာ စိစစ်ခဲ့ပြီး ပြစ်မှု သေးငယ်သူ ကိုးဦး၊ ကောင်းမွန်သော အပြုအမူဖြင့် နေထိုင်ခဲ့သည့် စစ်သုံ့ပန်း ၅၀၀ ကို ပြန်လွှတ်ပေးခဲ့ပြီး အခြား အကျဉ်းသား ၄၉ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်ဟု MNDAA က ဆိုသည်။
ချင်းရွှေဟော်မြို့အချုပ်ထောင်များတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၈၀ ကျော်ကို ယခုလ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် စစ်သုံ့ပန်းအကျဉ်းသားများကို ထပ်မံလွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အများစုသည် ကိုးကန့်တပ် ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ကျန်းမာရေးချို့တဲ့လာသောကြောင့် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ယခုလအတွင်း ပြန်လွတ်လာသည့် စစ်သုံ့ပန်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ထောင်ထဲမှာ အဖမ်းခံထားရတဲ့သူတွေကို ပဲဟင်းရည်ကြဲနဲ့ ထမင်းကို ဖြစ်သလို ကျွေးထားတယ်။ အိပ်ရတာက သံမံတလင်းမှာ အခင်းမလောက်၊ ဘာမလောက်နဲ့ဆိုတော့ ကြာလာတော့ လူတွေက ချည့်နဲ့ပြီး နေမကောင်းဖြစ်တဲ့သူတွေ များလာတယ်။ အဲဒီလို လူတွေပဲ လွှတ်တာ များတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ရမခ အပါအဝင် စစ်တပ် တပ်ရင်း၊ တပ်ဖွဲ့အများအပြား အခြေစိုက်သော လားရှိုးမြို့အား MNDAA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်လုံး၏ လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် အဓိက တာဝန်ယူထားသော ရမခကို ဇူလိုင်လနောက်ဆုံးပတ်တွင် သိမ်းနိုင်ခဲ့ပြီး ဩဂုတ်လဆန်းတွင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ သိမ်းပိုက်စဉ် ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ကျောက်မဲမြို့အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ အပါအဝင် စစ်ကော်မရှင်တပ်သားများနှင့် မိသားစုဝင် ၄၀၀၀ ကျော်ကို MNDAA က လက်ရဖမ်းဆီး နိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများအနက် စစ်သုံ့ပန်း မိသားစုဝင် ၃၀၀၀ ကျော်အား ၂၀၂၄ ခုနှစ်အတွင်း ပြန်လွှတ်ပေးခဲ့ပြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ အပါအဝင် ကျန်းမာရေး မကောင်းသည့် စစ်ကော်မရှင်တပ်သားများကို MNDAA တပ်ဖွဲ့က မကြာခဏဆိုသလို လွှတ်ပေးနေသည်။

ပြန်လွတ်လာသူများအား စစ်တပ်က မူလရာထူးတာဝန်များတွင် ပြန်လည်ထမ်းဆောင်ခွင့် ပြုထားသည်ဟု စစ်တပ်အသိုင်းအဝိုင်းမိသားစုဝင်များ အဆိုအရ သိရသည်။
MNDAA လက်မှ ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးအား ဟိုးပုံးမြို့နယ် တပ်နယ်မှူးအဖြစ် ပြန်လည်တာဝန်ပေးထားပြီး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြန်လည်ခန့်အပ်ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်သုံ့ပန်း ၅၀ ဝန်းကျင်အား MNDAA က ပြန်လွှတ်ပေးခဲ့သည်။ နောက်တစ်လ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ထပ်မံလွှတ်ပေးခဲ့သည်။
ယခုလ ၁၅ ရက်နေ့တွင် စစ်သုံ့ပန်း ၈၀ ကျော်အား ကိုးကန့်တပ်ဖွဲ့က လွှတ်ပေးခဲ့ပြီးနောက် ယမန်နေ့တွင် စစ်သုံ့ပန်း ၅၀၀ ကို ထပ်မံလွှတ်ပေးလိုက်သည်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်အစိုးရ၏ ဖိအားကြောင့် ကိုးကန့် တပ်ဖွဲ့များသည် လားရှိုးမြို့မှ ဆုတ်ခွာသွားခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၈၇ စု ရှိရာ မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ အပြင် ကျန်ရှိနေသည့် ကျေးရွာများအား ကိုးကန့်တပ်ဖွဲ့က ၎င်းတို့၏ အထူးဒေသ (၁) သိန္နီခရိုင်အတွင်း ထည့်သွင်းထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် မဟာမိတ်များ၏ “ ၁၀၂၇ စစ်ဆင်ရေးများ” အတွင်း ရှမ်းမြောက်တစ်ခုလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်တပ်၏ စစ်ဌာနချုပ်ကြီးများ၊ အခြေစိုက်တပ်များ စစ်ရှုံးနိမ့်ခဲ့ကြသည်။
စစ်သုံ့ပန်း ထောင်နှင့်ချီ ဖမ်းဆီးခံရပြီး ဗိုလ်မှူးချုပ်များသည်လည်း လက်နက်ချအညံ့ခဲ့ကြရာ အများအပြားကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းသိမ်းထားပြီး အချို့အား ပြန်လွှတ်ပေးနေသည်။
ရခိုင်တွင်လည်း စစ်ဌာနချုပ်အပါအဝင် မြို့ကြီးအများအပြားကို မြောက်ပိုင်းသုံးဖွဲ့ဝင် အာရက္ခတပ်တော် (AA) က ထိန်းချုပ်ခဲ့ပြီး လက်ရဖမ်းဆီးမိသူ၊ လက်နက်ချအညံ့ခံသူများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
တအာင်းတပ် (TNLA) အပါအဝင် MNDAA၊ AA တို့သည် မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို အလျဉ်းသင့်သလို ပြန်လွှတ်ပေးနေသည်။



