သတင်း

လားရှိုး တိုင်းစစ်ဌာနချုပ်ကို MNDAA သိမ်းပြီးနောက်၊ ပြင်းထန်သည့်တိုက်ပွဲများ ဆက်ဖြစ်

စစ်ခေါင်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီး ၃ ရက်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ် (MNDAA) က သိမ်းယူလိုက်ပြီး သမိုင်းဝင်အောင်ပွဲဖြစ်သည်ဟု MNDAA က ကြေညာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ် (MNDAA) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီးနောက် ပြင်းထန်သည့်တိုက်ပွဲများ ဆက်ဖြစ်နေသည်။

စစ်ခေါင်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ် (MNDAA) က သိမ်းယူလိုက်ပြီး သမိုင်းဝင်အောင်ပွဲဖြစ်သည်ဟု MNDAA က ကြေညာသည်။

MNDAA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက်စောစောတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းယူလိုက်သည်ဟု ဆိုသည်။

“လားရှိုးမြို့ကို လုံးဝ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်၊ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်တွင် ဖော်ပြသည်။

လားရှိုးမြို့စစ်ဆင်ရေးကို ၂၃ ရက်ကြာ ဆင်နွှဲခဲ့ရပြီးနောက် အောင်မြင်မှုရရှိခဲ့ကြောင်း၊ မြို့တွင်းရှိ ပြည်သူများသည် ကိုးကန့်နှင့် မဟာမိတ်တပ်များ မြို့တွင်းသို့ အလုံးအရင်းဝင်လာသည့်ပေါ် ကြောက်ရွံ့မှုမရှိကြရန်နှင့် ကျန်းမာရေး၊ ပညာရေးနှင့် နိုင်ငံ့ဝန်ထမ်းများ မိမိတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြပါရန် ကိုးကန့်တပ်က ယနေ့ နေ့လယ်တွင် ထပ်ဆင့်သတင်းထုတ်ပြန်သည်။

လားရှိုးမြို့တိုက်ပွဲတွင် MNDAA ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်နေသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် ကိုဆောင်းခကလည်း ရမခကို သိမ်းပိုက်လိုက်နိုင်သည်ကို အတည်ပြုသည်။

“ရမခကို သိမ်းတာက မှန်တယ်။ အခုကတော့ ရမခကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားပြီ။ အဲဒီထဲကလူတွေကလည်း ထွက်ပြေးနေကြတယ်။ အနီးအနားမှာ ကျန်တဲ့ လက်ကျန်ကုန်းတွေကို ဆက်ပြီးသိမ်းဖို့နဲ့ ကစင့်ကလျားပြေးနေတဲ့ ရန်သူတွေကို လိုက်လံဖမ်းဆီးထိန်းသိမ်းဖို့ရှိတယ်၊ ရမခကို ရပြီလို့ ပြောလို့ရပါတယ်”

လားရှိုးမြို့ပေါ်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနေရာများ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA လက်အောက် ရောက်သွားသည်ကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။ လားရှိုးမြို့စွန် ရပ်ကွက်များသို့ တော်လှန်ရေးတပ်များ ဝင်ရောက်လာခြင်းကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု BBC သတင်းဌာနကို ပြောသည်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးနှင့် ပရဟိတသမားတစ်ဦးက လက်ရှိတွင် စစ်တပ်တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့အနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ရာ အခြေအနေရှုပ်ထွေးနေဆဲဖြစ်၍ တိုင်းရုံးကို ကိုးကပ်တန့်က သိမ်းနိုင်၊ မသိမ်းနိုင်သတင်းမှာ အတည်ပြုရန် ခက်ခဲသည်ဟု Myanmar Now ကို ပြောသည်။

အလားတူ စစ်ရှောင်များကို ကယ်ထုတ်နေသည့် မြို့ခံ ပရဟိတသမားတစ်ဦးကလည်း လက်ရှိတွင် မြို့ပေါ်တွင် ကျန်ခဲ့သူများဆက်သွယ်ရန် ဖုန်းလိုင်းများပြတ်တောက်နေသဖြင့် သတင်းကို အတည်မပြုနိုင်သေးဟု ပြောသည်။

လတ်တလော လာရှိုးအခြေအနေ

လတ်တလောတွင် MNDAA စစ်ကြောင်းများ လားရှိုးမြို့ မန်ဆူရပ်ကွက်၊ မြို့လယ်အဝိုင်းပတ်နှင့် လားရှိုးလေဆိပ်အနီးသို့ ရောက်ရှိနေကြောင်း မြို့ခံများက အတည်ပြုကြသည်။

မြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်နေသည်၊ စစ်ကောင်စီတပ်သားများကို MNDAA တပ်သားများက လိုက်လံဖမ်းဆီးနေသည်၊ အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့တွင်းရှိ အထပ်မြင့်တိုက်ခန်းတချို့တွင် စစ်ကောင်စီနှင့် MNDAA တို့၏ လက်ဖြောင့်စနိုက်ပါတစ်ဖွဲ့ဝင်များ နေရယူထားသည်ဟုလည်း သိရသည်။

မြို့ပေါ် ရပ်ကွက်အများစုတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း မြို့ပေါ်မှ စွန့်ခွာတိမ်းရှောင်မည့် စစ်ရှောင်များပိတ်မိနေသည်ဟုလည်း လူမှုစာမျက်နှာများတွင် ဒေသခံများက ရေးသားကြသည်ကို တွေ့ရသည်။

လားရှို့မြို့အဝင်ဆိုင်းဘုတ် (ဓာတ်ပုံ – လူမှုကွန်ရက်)

လားရှိုးမြို့တွင်း အမှတ် ၁၂ ရပ်ကွက်၊ ၁၅ ရပ်ကွက်များတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီလေတပ်ကလည်း လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။

“ရှမ်းကုန်း ရပ်ကွက် ၁၂ မှာ အကြီးအကျယ်ဖြစ်နေတယ်။ မီးတွေလဲ လောင်နေတယ်။ ရပ်ကွက် ၇ ဘက်မှာရော မီးလောင်နေတာတွေ့တယ်။ အိမ်ခေါင်မိုးပေါ် တက်ကြည့်တော့ ရှမ်းကုန်း ရပ်ကွက် ၁၂ မှာ အကြီးအကျယ်ဖြစ်နေတယ်။ လေယာဉ်နဲ့လဲ ပစ်တယ်ရှင့်”

ရပ်ကွက် ၄၊ ၅၊ ၉ ၊၁၀၊ ၁၁၊ ၁၂  များတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည် ရပ်ကွက် ၁၂ သို့ လက်နက်ကြီးကျပြီး မီးလောင်နေသည်၊ ရပ်ကွက် ၅ ရှိ ဈေးလည်း မီးလောင်နေသည်ဟုလည်း အထက်ပါ ဒေသခံက ဆိုသည်။

“လက်နက်ကြီးအသံတွေ ကြားနေရတယ်။ လေယာဉ်ကတော့ ခဏခဏပစ်တယ် ၁၀ ကြိမ်မကတော့ဘူး။ တစ်ခါဝဲ တစ်ခါ ပစ်ရင်တော့ သုံးလေးလုံး၊ လေးငါးလုံးလောက် ပစ်တာ” ဟုလည်း သူက ပြောသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ထိတ်လန့်နေပြီး မြို့ခံတချို့ ရှောင်တိမ်းနိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း သိရသည်။ အချို့က အလံဖြူထောင်၍ တိမ်းရှောင်ရန် ကြိုးစားနေသည်၊ ဆိုင်ကယ်များစီးကာ တိမ်းရှောင်သွားသူများရှိသည်ဟုလည်း သိရသည်။

“နေအိမ်တွေ စွန့်ခွာပြီး ထွက်ကြတယ်။ ကျန်ခဲ့တဲ့သူကတော့ မတတ်နိုင်လို့ ပြီးတော့ ပစ္စည်းတွေပျောက်မှာစိုးရိမ်လို့ ပေပြီးတော့ နေနေကြတာပေါ့။ ကျွန်မလဲ အဲဒီထဲမှာ ပါတယ်။ ပစ္စည်းတွေ သူများခိုးသွားမှာလဲ ကြောက်တယ်၊ တခြားနေရာကို ပြောင်းဖို့ဆိုတာလဲ မလွယ်ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘယ်လောက်ထိ အရေးပါလဲ

လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှာ ဗိုလ်မှူးချုပ်စိုးလှိုင်ဖြစ်သည်၊ တပ်မ ၉၉ တပ်မမှူးအဆင့်မှ ဇူလိုင် ၁၈ တွင် တိုင်းမှူးအဖြစ် ပြောင်းလာသူဖြစ်သည်။ ၎င်း၏ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သူမှာ ဗိုလ်ချုပ်စိုးတင့် ဖြစ်သည်။

တိုက်ဆိုင်စွာပင် ဗိုလ်မှူးချုပ်စိုးလှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူပြီး တစ်ပတ်အကြာတွင် ယင်းကွပ်ကဲသည့် ဌာနချုပ် MNDAA လက်သို့ အပ်လိုက်ရခြင်းဖြစ်သည်။

MNDAA သည် ဇူလိုင်လဆန်းပိုင်းကတည်းက လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့သည်။ ရက်သတ္တပတ် သုံးပတ်နီးပါးအကြာတွင် စစ်တပ်၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို အပြီးသတ် သိမ်းယူလိုက်နိုင်သည်။

လားရှိုး ခမရ ၅၀၇ တပ်ရင်းကို သိမ်းပြီးနောက် MNDAA အလံလွှင့်ထူ။ (ဓာတ်ပုံ – MNDAA)

လားရှိုးမြို့ပေါ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၄၁၊ ၆၈၊ ခြေမြန်တပ်ရင်း (ခမရ) ၅၀၇ နှင့် ခမရ ၅၂၂ တို့ အခြေစိုက်သည်။ ထိုတပ်ရင်းများအနက် ခလရ ၄၁ နှင့် ခမရ ၅၀၇ တို့ကို MNDAA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ယမန်နေ့ (ဇူလိုင် ၂၄) ည ၈ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

MNDAA နှင့် ပူးပေါင်းတပ်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လားရှိုးလေယာဉ်ကွင်းအနီးရှိ ခလရ ၆၈ နှင့် ၅၂၂ တို့ကို ယမန်နေ့ ညပိုင်းတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရခမ) ကို စစ်တပ်က လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

ရမခ၏ တပ်စွယ်များဖြစ်သော ခလရ ၆၈ နှင့် ခမရ ၅၂၂ တို့သည် တိုင်းရုံးကို ကာရံထားသည့် တပ်များဖြစ်ပြီး စစ်တပ်က အခိုင်အမာခံစစ်ပြင်ထားသည့် နေရာများလည်းဖြစ်သည်။

စစ်တပ်၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ကချင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နောက်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် စစ်အင်္ဂါစဉ်အရ တတိယမြောက်နေရာတွင် ရှိသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။

လားရှိုး ခမရ ၅၀၇ တပ်ရင်းကို သိမ်းပြီးနောက် MNDAA အလံလွှင့်ထူ။ (ဓာတ်ပုံ – MNDAA)

တိုင်းစစ်ဌာနချုပ်တစ်ခုကို တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်၊ ၎င်း၏ လက်အောက်တွင် ဒုတိယတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အဆင့်ရှိသူတို့က စီမံကွပ်ကဲသည်။

ယခင်က တိုင်းစစ်ဌာနချုပ်များတွင် စစ်ဗျူဟာများပါ အထိုင်ချလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ဗျူဟာများသည့် ရှေ့တန်းသို့ ပို့ထားသည်။ ထို့ကြောင့် စစ်ကောင်စီက တိုင်းဌာချုပ်များတွင် ဗျူဟာမှူးများအစား ဗိုလ်မှူးကြီး သုံးဦးကို ထပ်မံခန့်အပ်ထားသည်။

တိုင်းစစ်ဌာနချုပ်တစ်ခုတွင် စစ်သည် ၂၀၀ ဝန်းကျင်သာ ရှိသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ နိုင်ငံတွင် တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိရာ တစ်ခု ပထမဆုံးကျသွားပြီဆိုလျှင် ကျန်စစ်ဌာနချုပ်များမှာလည်း ဆက်တိုက် လက်နက်ချလာဖွယ်ရှိသည်ဟုလည်း သူက ဆိုသည်။

“တိုင်းစစ်ဌာနချုပ်မကျအောင် တိုင်းမှူးမျိုးစုံ၊ တပ်မမှူးမျိုးစုံနဲ့ ပေါင်းပြီး ကာကွယ်ထားတာ။ ပိုဆိုးတာက သူ ယာယီသမ္မတသွားလုပ်လိုက်တဲ့အချိန်မှာ စစ်တပ်က စစ်သားစစ်စစ်တွေ တကယ်စိတ်ဓာတ်ကျသွားတာ။ ဒီမှာတော့ မသေရုံတစ်မည်တိုက်နေရပြီးတော့ သူက ဘာအရူးထတာလဲ။ နိုင်ငံရေးသမားလား၊ စစ်သားလားပေါ့နော်။ အဲဒီချိန်မှာ တကယ်စစ်သားစစ်စစ်တွေ တကယ်လက်နက်ချတော့တာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ယာယီသမ္မတ ၊ စစ်ခေါင်းဆောင်၏ ၂ ရက်အတွင်း ဆုံးရှုံးမှု

အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က သူ့ကိုသူ ယာယီသမ္မတအဖြစ် ခန့်လိုက်ပြီး ၂ ရက်အကြာ ဇူလိုင် ၂၄ တွင်လည်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်ရှိ ပတ္တမြားနယ်မြေ မိုးကုတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးထံ ပေးအပ်လိုက်ရသည်။

လားရှိုးမြို့တိုက်ပွဲများအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ တော်လှန်ရေးအင်အားများက ဆက်တိုက်အောင်ပွဲဆင်နေမှုမှာ ကြီးမားသည့် အပြောင်းအလဲများလည်းဖြစ်သည်ဟု ကိုဆောင်းခက မှတ်ချက်ပြုသည်။

“ထိုင်ခုံတစ်ခုလိုပေါ့ဗျာ။ ထိုင်ခုံက လေးချောင်းရှိပေမဲ့ လေးချောင်းလုံးကို ဖြတ်ထုတ်လိုက်စရာမလိုဘူး။ ထိုင်ခုံရဲ့ တစ်ချောင်းချောင်း မရှိရင် ထိုင်ခုံက ရပ်တည်ဖို့ ခက်သွားတာပေါ့။ လားရှိုးပြည်သူလူထုက အများကြီး သည်းခံပါဝင်ခဲ့ရတာဖြစ်တယ်။ ဒီလိုမျိုး အပြီးသတ်သိမ်းပိုက်ရရှိတယ်ဆိုရင် ပြည်သူလူထုက ကျေနပ်လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုဆောင်းခက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ သမိုင်းတစ်လျှောက် တိုင်းစစ်ဌာနချုပ်ပါမကျန် လက်လွှတ်လိုက်ရသည့် လက်ရှိစစ်ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်၏ စစ်ရှုံးနေမှုအခြေအနေ အဆိုးရွားဆုံးဖြစ်သည်ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

“တပ်မတော်သမိုင်းမှာက ဦးနေဝင်းလက်ထက်မှာ မိုင်းယောင်းက ချင်း ၃ ဆိုတဲ့ တပ်ရင်းဌာနချုပ်တစ်ခု ကျဖူးတယ်။ ဦးသန်းရွှေကာလမှာ ရွှေကျင်-ကျောက်ကြီးနားက ၅၉၉ တပ်ရင်းတစ်ရင်း ကျဖူးတယ်။ ဒါပဲရှိတယ်။ အခုဟာက မြန်မာ့သမိုင်းမှာ တစ်ခါမှ မရှိဖူးတဲ့ ဆိုးဝါးလွန်းတဲ့ကိစ္စပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ်၊ လားရှိုးစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး အပါအဝင် စစ်သည် ၃၁၇ ဦး ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် MNDAA ထံ လက်နက်ချသွားခဲ့သေးသည်။

တိုင်းစစ်ဌာနချုပ်ကျဆုံးမှု၊ စစ်အရာရှိကြီးများအပါအဝင် ရာနှင့်ချီသည့် စစ်သည်များ လက်နက်ချမှုတို့ကို အာဏာရှင်ချုပ်ငြိမ်းရေးလမ်းအဖြစ် ရှုမြင်သည်ဟုလည်း အထက်ပါ စစ်အရာရှိဟောင်းက ပြောသည်။

“နေဖူးတဲ့အဖွဲ့အစည်းအတွက်တော့ စိတ်မကောင်းစရာဖြစ်ပေမဲ့ ပြည်သူ့အတွက်ကတော့ ဝမ်းသာ အားတက်စရာ သတင်းကောင်းပါ၊ နိုင်ငံသမိုင်း တပ်မတော်သမိုင်းမှာ ယခင်က မဖြစ်ဖူးတဲ့ တိုင်းစစ်ဌာချုပ်တစ်ခုကျဆုံးမှုမှတစ်ဆင့် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် (ဖက်ဒရယ်ဒီမိုကရေစီစနစ်) ပေါ်ပေါက်လာဖို့ ဆန္ဒပြုပါတယ်” ဟု ပြောလိုက်သည်။

(စထွန်းအောင်၊ မောင်ရွှေဝါ၊ မင်းမောင်၊ မြတ်ပန်း၊ ကိုချို ပူးပေါင်းရေးသားသည်)

Show More

Related Articles

Back to top button