
ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း အရှင်ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများနှင့်မိသားစုဝင် စုစု ပေါင်း ၇၅၅ ဦး ကို အာရက္ခတပ်တော်(AA) က လေးကြိမ်ခွဲ၍ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
AA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းနှင့် မိသားစုဝင် ၁၈၄ ဦးကို မေ ၁၉ ရက်နေ့က ပြန်လွှတ်ပေးရာ မြောက်ဦးအခြေစိုက် အမှတ် (၅၄၀) ခြေမြန်တပ်ရင်း တပ်ရင်းမှူး၏ဇနီး ဒေါ်မေသူဝင်းလည်း ပါဝင်သည်။
ထိန်းသိမ်းထားသည့်ကာလတစ်လျှောက် AA သည် စားဝတ်နေရေး၊ ကျန်းမာရေး စသည်တို့ကို ထောက်ပံ့ ပေးခဲ့ကြောင်း ဒေါ်မေသူဝင်းက ပြောသည်။
“ကျွန်မတို့ ဒီမှာ ထိန်းသိမ်းထားတဲ့ ကာလတစ်လျှောက်လုံးမှာ AA တပ်တော်ကနေပြီး ကျွန်မတို့ မိသားစု ဝင်တွေအားလုံးကို လူမှုရေး၊ စားဝတ်နေရေး၊ နောက်တစ်ခါ ကျန်းမာရေး အဲဒါတွေအားလုံးကိုလည်း လို လေသေးမရှိအောင် ထောက်ပံ့ပေးခဲ့ပြီးတော့ သေချာဂရုစိုက်ပေးခဲ့တဲ့အတွက် မိသားစုဝင်တွေ ကိုယ်စား ကျွန်မတို့က အထူးပဲကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ ကျွန်မတို့ စိတ်ဓာတ်တွေအရမ်းကျတဲ့အခါ မှာ ကျွန်မတို့ဆီကို လာလာပြီးအားပေးတယ်”ဟု ၎င်းက ဆိုသည်။
ဒေါ်မေသူဝင်းပြောသည့် ရုပ်သံဗွီဒီယိုဖိုင်ကို AA နှင့်နီးစပ်သည့် အာရက္ခမင်းသမီးမီဒီယာက ယမန်နေ့ (မေ ၂၀) တွင် ဖော်ပြခဲ့သည်။
အလားတူ မေ ၁၉ ရက်တွင်လည်း မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးကို မိသားစုဝင်များနှင့်ချိတ်ဆက်ပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း AA နှင့်နီးစပ်သူများထံက သိရသည်။
ထို့ပြင် မေ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တိုက်ပွဲ တွင်း ဖမ်းဆီးရမိ ခဲ့သော ၃၁၄ ဦးကို လွှတ်ပေးခဲ့သည်။

လွှတ်ပေးသူများတွင် စကခ (၁၅)နှင့်ခမရ (၅၅၁)တပ်ရင်းတို့မှ သုံ့ပန်းမိသား စုဝင်များပါဝင်သည်ဟု သိရ သည်။
အလားတူ မေ ၁၆ ရက်ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီး ရမိခဲ့သော သုံ့ပန်းမိသားစုဝင် ၂၂၅ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း AA နှင့်နီးစပ်သူများက ပြောသည်။
AA သည် ဧပြီအတွင်းက မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့်မိသားစုဝင် ၃၁၃ ဦးနှင့်မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၇၀ ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လွှတ်ပေးခြင်းသည် အာရက္ခတပ်တော်က စစ်တပ်ကို စိတ်ဓါတ်စစ်ဆင်ရေးအနေဖြင့် ပြန်လွှတ် ပေးခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“ ဘာလို့လဲဆိုတော့ စစ်ကောင်စီက မိသားစုဝင်တွေကိုတောင်မှ ဖမ်းဆီးနေတဲ့အချိန်မှာ မိထားတဲ့ စစ်သုံ့ပန်းမိသားစုတွေကိုပါ ကောင်းကောင်းမွန်မွန်ထားတဲ့အပြင် ပြန်ပြီးတော့ စေလွှတ်ပေးတယ်ဆိုတာ ပြယုဂ်တစ်ခုအနေနဲ့ ပြလိုက်တာပဲဖြစ်ပါတယ်”ဟု သူက ဆိုသည်။
“စိတ်ဓါတ်စစ်ဆင်ရေးပဲဗျာ။ ဒီဥစ္စာက တကယ့်စိတ်ဓါတ်စစ်ဆင်ရေး။ပြီးတော့ စစ်သုံ့ပန်းတွေမှာကလည်း မိသားစုဝင်တွေဖြစ်တယ်ပေါ့နော်။ ပြီးရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်လည်း အာဏာမသိမ်းခင်မှာ သူ့ရဲ့ဇနီးနဲ့မိသားစုဝင်တွေကို ထိုင်းနိုင်ငံကနေတစ်ဆင့် ဖမ်းဆီးဖို့ စစ်ကောင်စီက ကြိုးပမ်းခဲ့ဖူးတယ် ။ အဲတုန်းကတောင်မှ တချို့စစ်ဗိုလ်ချုပ်တော်တော်များများကတောင်မှ ရခိုင်မှာရှိတဲ့စစ်ဗိုလ်ချုပ်တွေ၊ တပ်ရင်းမှူးတွေတောင်မှပဲ လူကြီးတွေက လုပ်ပြန်ပြီကွာ။ မဆိုင်တဲ့ဟာ ဘာလို့မိသားစုကိုဖမ်းရတာလဲ ဆိုတဲ့ဟာမျိုးရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ အဲဒါမျိုးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူကိုယ်တိုင်လည်း လက်မခံသလို သူ့ရဲ့ အာရက္ခတပ်တော်မှာ လည်း ဒီလိုမျိုး မိသားစုဝင်တွေကို ဒုက္ခလိုက်ပေးတာမျိုးကို မကြိုက်တဲ့အနေအထားတစ်ရပ်လို့ မြင်တယ်”
AA သည် စစ်သုံ့ပန်းများကို ယခင်က အချုပ်ထောင်များတွင် ချုပ်နှောင်စစ်ဆေးလေ့ရှိပြီး ယခုနောက် ပိုင်း ပြန်လွှတ်ပေးမှုများပြုလုပ်လာခြင်းဖြစ်သည်။
AA ၏ မဟာမိတ်ဖြစ်သော ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ကလည်း “၁၀၂၇” စစ်ဆင် ရေးများအတွင်း ဖမ်းဆီးရမိသူ အမြောက်အမြားကို ပြန်လွှတ်ပေးခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA)သည် ကျောက်ဖြူမြို့နယ် အမှတ် (၃၂)ရဲတပ်ရင်း နှင့် ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
အလားတူ စစ်တွေမြို့နယ်တွင် AA က အပစ်အခတ် ရပ်ထားသော်လည်း စစ်ကောင်စီဘက်က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိနေကြောင်း AA တပ်ဖွဲ့ဝင်များထံက သိရသည်။
လက်ရှိတွင် AA က ရခိုင် ၁၄ မြို့နှင့် ချင်း ၁ မြို့ကို သိမ်းထားပြီး ရိုးမနှင့်ထိစပ်နေသော ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းအနောက်ခြမ်းများတွင်ပါ စစ်မျက်နှာဖွင့်ထားသည်။ ကချင်လွတ်လပ်ရေးတပ် (KIA) ၏ စစ်ကိုင်း နှင့်ကချင်နယ်စပ်တိုက်ပွဲများ၊ ချင်းဒေသနှင့် ရှမ်းမြောက်တိုက်ပွဲများတွင် AA က မဟာမိတ်တပ်များနှင့် အတူ ပူးတွဲတိုက်ခိုက်ခဲ့သည်။