ပဲခူးတိုင်းအရှေ့ပိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ထံက သိရသည်။
လတ်တလော ပဲခူးအရှေ့ပိုင်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း တောင်ပိုင်းစစ်ဒေသ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဆိုသော်လည်း အသေးစိတ်ကို မပြောပေ။
ဒေသတွင်းစစ်ရေးအခြေအနေများကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်များက ဇန်နဝါရီလ ၁၉ ရက်နေ့ တိုက်ပွဲတွင် PDF များ အထိအခိုက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းနေ့ နံနက် ၂ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မြောက်ဘက် လေးမိုင်ကျော်အကွာ မအူပင်ကျေးရွာရှိ KNU၊ PDF စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ် ခုနစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်က တစ်ဦးဒဏ်ရာရကြောင်း ဝါဒဖြန့် တယ်လီဂရမ်အချို့က ဖော်ပြထားသည်။
မအူပင်ရွာသည် တောကျွဲအင်းမြို့၏ အရှေ့ဘက် သုံးမိုင်ကျော်ခန့်အကွာအဝေးတွင်တည်ရှိပြီး PDF ဘက်မှ အကျအဆုံးနှင့် အခြေအနေအသေးစိတ်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မကြာသေးခင်ရက်ပိုင်းက ကျောက်တံခါးနှင့် ဖြူးမြို့နယ် တိုက်ပွဲများအတွင်း ဗိုလ်မှူး တစ်ဦးသေဆုံးခဲ့သဖြင့် စစ်တပ်က ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် အပြင်းအထန် စစ်ကြောင်းထိုးနေခြင်း ဖြစ်နိုင်ကြောင်း တောင်ငူခရိုင်တွင် လှုပ်ရှားသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
“ကျောက်တံခါးနဲ့ ဖြူးဘက်မှာ စစ်တပ်က အထိနာပြီး ဗိုလ်မှူးကျဆုံးတော့ အဲဒီဘက်ကိုဖိပြီး စစ်ကြောင်းထိုး နေတော့ တိုက်ပွဲတွေတော့ ပြင်းထန်နေတဲ့အခြေအနေတော့ရှိတယ်။ အသေးစိတ်ကတော့ ထုတ်ပြန်မှ သိရမှာ” ဟု အထက်ပါ ရဲဘော်က ဆိုသည်။
ဇန်နဝါရီလ ၁၂ရက်နေ့က ပဲနွယ်ကုန်း ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို PDF များက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး သေဆုံးခဲ့ပြီး လက်နက်များ ခဲယမ်းများ သိမ်းဆည်းရမိသလို တော်လှန်ရေးတပ်ဖွဲ့မှလည်း နှစ်ဦးကျဆုံးခဲ့သည်။
ဗိုလ်မှူး သေဆုံးမှုနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ဓာတ်ပုံနှင့်တကွ NUG/ MOD ၏ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ခဲ့သည်။
အဆိုပါ လမ်းဟောင်းတစ်လျှောက် ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ အုတ်တွင်းစသော မြို့များ တည်ရှိကြပြီး NUG ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။

အာဏသိမ်းစစ်တပ်ကို ထောက်ခံသည့် ဝါဒဖြန့်မီဒီယာအချို့က ပဲနွယ်ကုန်းမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာ ကြိမ်ခါးကုန်း၊ သင်နှီးခေါင်း ၊ သရက်အုပ်၊ အင်ကုန်း၊ ဆေးရိုးခင် စသော ကျေးရွာများအနီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ပြထားကြသည်။
အလားတူ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာ ၊ အမြန်လမ်း၏ အရှေ့ဘက် ညောင်လွင့်ရွာအနီး ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲများဖြစ်ခဲ့သဖြင့် စစ်တပ်က လမ်းပိုင်းအချို့ ပိတ်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများလည်း တောင်ငူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ ရွေးကောက်ပွဲလုပ်မယ့်နေ့အထိ တိုက်ပွဲတွေက ရှိနေမှာပဲ။ အခုရွာတွေက ဒေသခံတွေထွက်ပြေးတော့ မဲတွေ ဘယ်တွေ ပေးကြမလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲအပိုင်း(၂)တွင် ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီး မဲရုံနှင့် ပစ္စည်းများ ဖျက်ဆီးခံခဲ့ရသည့် ဆွာမကြီးကျေးရွာရှိ ဒေသခံ တစ်ရာကျော်ကို စစ်ကားများဖြင့် သယ်ဆောင်၍ ဆွာမြို့ရှိ မဲရုံတွင် မဲပေးခိုင်းမှုများရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
ထို့ကြောင့် စစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များတွင် နယ်မြေ မရှင်းလင်းနိုင်ပါကလည်း ဒေသခံများ ရောက်ရှိသည့် နေရာတွင် အုပ်ချုပ်ရေးပိုင်းမှ ဖိအားပေး၍ မဲထည့်ခိုင်းသည့် အခြေအနေမျိုး ရှိလာနိုင်ကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် ပါဝင်သည့် ပဲခူးတိုင်းမြို့နယ် အချို့တွင် PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တောင်ငူခရိုင် အုပ်ချုပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိသည်။
လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့၌ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပဲခူးတိုင်းမှ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ သဲကုန်း၊ ဝေါ၊ ကြို့ပင်ကောက်၊ အုတ်ဖိုမြို့နယ်များ ပါဝင်သည်။
စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ရွေးကောက်ပွဲ အပိုင်း (၂) မတိုင်မီ ပဲခူးအရှေ့နှင့် အနောက်အခြေစိုက် PDF တပ်ဖွဲ့များက တပြိုင်နက် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြသေးသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၏ ပဲခူးတိုင်း စစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ၏ “အောင်မြင်စစ်ဆင်ရေး” အဖြစ် ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဖြူးမြို့နယ်နှင့် ကျောက်တံခါး မြို့နယ်အကြားတွင် တည်ရှိသော စစ်တပ်အထိုင်စခန်း ၁၄ ခုကို တိုက်ခိုက်ခဲ့ကြသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လေကြောင်းဗုံးကြဲမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်း ပျက်စီးခဲ့သဖြင့် ရန်ကုန်-မန္တလေး ရထား ခရီးစဉ်များ နှစ်ရက်ခန့်ဖျက်သိမ်းခဲ့ရသည်။
ယင်းမတိုင်မီ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ကလည်း ပဲခူးတိုင်း နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်များ ရှိ စစ်တပ်စခန်းများကို PDF တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသေးသည်။
ပဲခူးတိုင်းအရှေ့ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းဟု ခေါ်သော လမ်းဟောင်းရှိပြီး လမ်းဟောင်းအရှေ့ဘက် ခုနစ်မိုင်ခန့်အကွာတွင် စစ်တောင်းမြစ်ရှိသည်။ PDF များသည် လမ်းဟောင်းနှင့် စစ်တောင်းမြစ်ကြားတွင် အခြေစိုက်လှုပ်ရှားနေကြပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃)က အဓိက စိုးမိုးထားသည်။
ယမန်နှစ် ဇန်နဝါရီလ ၃ ရက်ကလည်း နေပြည်တော်နှင့် မိုင် ၅၀ ခန့်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့သေးသည်။



