စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် ယနေ့တွင် ပဲခူးတိုင်း မင်းလှ၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တွင် ပစ်ခတ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ အထိအခိုက်ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇန်ဝါရီလ ၁၁ ရက်နေ့) နံနက် ၅ နာရီတွင် ရန်ကုန်- မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဖြူးမြို့မြောက်ဘက် နှစ်မိုင်ခွဲအကွာ ဆားဂွန်းကျေးရွာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၂) လုပ်နေသည့် ထန်းတပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများ ယနေ့နှင့် ယမန်နေ့ညက တိုက်ခိုက်ခံရပြီး တောင်ငူခရိုင် အုပ်ချုပ်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် စစ်သားနှစ်ဦးသေဆုံးကြောင်း ပဲခူးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီးနောက် အုပ်ချုပ်ရေးပိုင်းမှ တစ်ဦး သေဆုံးပြီး ရဲဘော်နှစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရ ရှိထားကြောင်း တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် (၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့ထံက သိရသည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့ နံနက် ၈ နာရီကျော်အချိန်တွင်လည်း ထန်းတပင်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး တာဝန်ကျ ဗိုလ်မှူးတစ်ဦးနှင့် ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ရဲစခန်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပေ။
ထန်းတပင်မြို့နယ် ထွေအုပ်ရုံးတိုက်ခိုက်ခံရကြောင်း တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့ပြီး ရွေးကောက်ပွဲကို ဆက်ကျင်းပနေကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဌေးဝင်းက စစ်တပ်ကိုထောက်ခသည့်မီဒီယာအချို့အား အတည်ပြု ဖြေကြားထားသည်။
Myanmar Now က ဦးဌေးဝင်းကို ဆက်သွယ်မေးမြန်းရာ “တရားမဝင်မီဒီယာ ဖြစ်သဖြင့် မဖြေဆိုနိုင်ကြောင်း” ဖုန်းဖြင့် ပြန်လည်ဖြေကြားသည်။
ထန်းတပင်မြို့တွင် ထွေအုပ်ရုံးနှင့် ရဲစခန်းတိုက်ခိုက်ခံရ၍ ပြည်သူများအနေဖြင့် မဲပေးရန်ထက် လုံခြုံရေးအရ တိမ်းရှောင်မှုများရှိနေပြီး တောင်ငူမြို့ပေါ်သို့ တိမ်းရှောင်မှုများလည်းရှိနေကြောင်း တောင်ငူမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ပဲခူးအနောက်ခြမ်းတွင်လည်း ရွေးကေက်ပွဲ အပိုင်း(၂) ကျင်းပနေသည့် မင်းလှမြို့နယ်၊ ကျေးရွာအချို့ရှိ မဲရုံတို့ကို ယနေ့နှင့် ယမန်နေ့ညတို့တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်နေ့) ညနေ ၅ နာရီအချိန်တွင် မင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စု၊ အမှတ် (၁) မဲရုံအနီး နှင့် ယနေ့ (ဇန်နဝါရီ ၁၁ ရက်နေ့) နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင် လမ်းမတော်လမ်း၊ တရုတ်ကျောင်းမဲရုံအနီး တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မင်းလှမြို့နယ်ပကဖက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုနှစ်ခုကို မြို့ပြပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုဟု အမည်ပေးထားသည့် သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း တပ်ခွဲ (၄) နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းဆဲဖြစ်သည်ဟု ထိုအဖွဲ့များက ထုတ်ပြန်ထားသည်။
စစ်တပ်မှပြုလုပ်သည့် တရားမဝင် ရွေးကောက်ပွဲအား ကန့်ကွက်ရှုတ်ချသည့်အတွက် တရားမဝင် ရွေးကောက်ပွဲကို အားပေးကူညီသူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်အဖွဲ့ဝင်အချို့ ထိခိုက်မှုများရှိကြောင်း သိရှိရပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ တရားမဝင် ရွေးကောက်ပွဲ သူတို့ရွေးကောက်ပွဲ မအောင်မြင်အောင်ပါ” ဟု၎င်းက ဆိုသည်။
ပြည်သူများသည် ရွေးကောက်ပွဲတွင် မဲမထည့်ချင်ဘဲ ပါဝင်နေရပြီး မဲမထည့်ပါက ဒဏ်ငွေသုံးသိန်း၊ ထောင်ဒဏ်သုံးနှစ်၊ လူငယ်များ မဲမထည့်ပါက စစ်မှုထမ်းရမည်စသည့်ခြိမ်းခြောက်မှုများ ရှိနေကြောင်း ယင်းတာဝန်ခံက ဆက်ပြောသည်။

ပစ်ခတ်သံများကြားမှ ရေတာရှည် ရွေးကောက်ပွဲ
ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ရေတာရှည်မြို့နယ်တွင်မူ ရေတာရှည်မြို့နှင့် ၁၀မိုင်ခန့်သာ ကွာဝေးသည့် စစ်တောင်းမြစ် အနောက်ဘက်ခြမ်းတွင် နံနက် လေးနာရီအချိန်မှစ၍ လက်နက်ကြီး၊ ပစ်ခတ်များဖြင့် တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ရွေးကောက်ပွဲ မဲလာမထည့်လျှင် အရေးယူခံရမည်ဟု အုပ်ချုပ်ရေးဌာနက ဖိအားပေးထားသဖြင့် ပစ်ခတ်သံများ ကြားမှ မဲသွားထည့်ရကြောင်း ရေတာရှည်မြို့ခံအချို့က ပြောသည်။
“မနက် လေးနာရီကတည်းက ပစ်ခတ်သံတွေကြားနေတာ။ ရွာနဲ့တော့ ဝေးတယ်။အိပ်ရာနိုးတော့ ဗိုက် အရင်ဖြည့်အောင်ထမင်းစားပြီး မဲရုံသွား၊ မဲထည့်ပြီး အိမ်မှာတော့ အဝတ်ထုပ်တွေ ကြိုထုပ်ထားတယ်၊ တိုက်ပွဲဖြစ်ရင် ပြေးလို့ရအောင်” ဟု ရေတာရှည်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မဲထည့်ရာတွင်လည်း ကိုယ်စားလှယ် နာမည်များမသိသည့်အတွက် အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ရေတာရှည်မြို့နယ်ရှိ ပိတောက်ခင်၊ တောင်နီကုန်း၊ ခင်တန်း၊ ရွာသစ်၊ ညောင်ပင်ကိုင်းကျေးရွာတို့ရှိ မဲရုံတို့တွင် မဲထည့်ရသည့် ဒေသခံ သုံးဦးထက်မနည်းဖြင့် စကားပြောခဲ့ရာ ရွေးကောက်ပွဲ၌ မဲထည့်ရန် ရွာခံနည်းပါးခြင်း၊ ရွာလူဦးရေ တစ်ရာတွင် တစ်ဝက်နီးပါး မဲစာရင်းမပါခြင်း၊ ခရီးသွားသူရှိပါက ကြိုတင်မဲ အပါအဝင် မည်သည့်မဲမျှ မထည့်ရခြင်းတို့များ ရှိခဲ့ကြောင်း ပြောကြသည်။
“ဆရာမတွေကလည်း ရွာကဆိုတော့ ဟိုခလုတ်နှိပ်၊ ဒီခလုတ်နှိပ်ဆိုပြီး ပြော၊ မဲရုံထဲ စကားမပြောရဘူး ဆိုပြီး မဲပေးစက်နဲ့တိုင်ပတ်တော့ မဲရုံထဲ ဆူညံပွက်လောရိုက်နေတာပဲ”ဟု ရေတာရှည်မြို့နယ်တွင် မဲပေးခဲ့သည့် အထက်ပါမျိုးသမီးက ကြုံတွေ့ခဲ့ရပုံကို ပြောပြသည်။
ရွေးကောက်ပွဲ အပိုင်း(၂) မကျင်းပမီ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်း၌ စစ်ကားများဖြင့် ရွေးကောက်ပွဲ မဲရုံတစ်ရုံချင်းစီတွင် လက်နက်ကိုင်စစ်သား ငါးဦးစီ လုံခြုံရေး ချထားပေးပြီး လျှပ်စစ်မီး ပုံမှန်မရရှိသည့် ရေတာရှည်မြို့နယ် ကျေးရွာများတွင် ရွေးကောက်ပွဲ မဲပေးစက်များအတွက် မီးရရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ အပိုင်းသုံးပိုင်းဖြင့် ရွေးကောက်ပွဲ ကျင်းပရန် စစ်ကော်မရှင်တပ်က ကြိုးပမ်းနေရာ အပိုင်း (၁) တွင် ပဲခူးတိုင်း ၈ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။
အပိုင်း (၂) တွင် ပဲခူးတိုင်း ၁၂ မြို့နယ်ပါဝင်နေရာ ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညိုနှင့် မင်းလှမြို့နယ်တို့ ဖြစ်ကြသည်။
အပိုင်း(၂) တွင် ရွှေကျင်မြို့နယ်၌ ၅၃ အုပ်စု၊ ထန်းတပင် ၂၅ အုပ်စု၊ ရေတာရှည်မြို့နယ်တွင် ၁၈ အုပ်စု၊ ပေါင်းတည်မြို့နယ် ၁၃ အုပ်စု ၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၀ အုပ်စု၊ မင်းလှမြို့နယ်တွင် ၉ အုပ်စုတို့လည်း အလားတူ ရွေးကောက်ပွဲ မလုပ်နိုင်သော နယ်မြေများတွင် ပါဝင်သည်။
အလားတူ အပိုင်း (၃) တွင် ပဲခူးတိုင်းရှိ ရွေးကောက်ပွဲ မလုပ်နိုင်သည့် နယ်မြေများတွင် ကျောက်ကြီးမြို့နယ်၌ ကျေးရွာအုပ်စု ၄၃ စု၊ ကျောက်တံခါးမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀ စု၊ ဖြူးမြို့နယ်၌ ၄၃ စု၊ အုတ်တွင်းမြို့နယ်တွင် ကျွဲပွဲမြို့ပေါ် အမှတ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆ အုပ်စု၊ သဲကုန်းမြို့နယ် တွင် ၁၀ စု၊ ဝေါမြို့နယ်တွင် ၁ စု၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀ စု၊ အုတ်ဖိုမြို့နယ်တွင် ၂၃ စု တို့ပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ပဲခူးအရှေ့ခြမ်းနှင့်အနောက်ခြမ်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) တော်လှန်ရေး အင်အားစုများက ခေါင်းဆောင်၍ စစ်ကော်မရှင် ရွေးကောက်ပွဲ အဟန့်အတားဖြစ်စေရန် စစ်တပ်စခန်း အများအပြားကို တပြိုင်နက် ဝင်တိုက်ခဲ့ကြသည်။
ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ပဲခူးအနောက်ခြမ်း သုံးမြို့နယ်တွင် စစ်စခန်းများ ဝင်တိုက်ခဲ့သလို ပဲခူး အရှေ့တွင်လည်း ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်မှ စစ်စခန်း ၁၄ ခုခန့်ကို ဝင်တိုက်ခဲ့ကြသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပပြီးစီးခဲ့ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပမည်ဟု ကြေညာထားပြီး အပိုင်း (၃) ကို ဇန်နဝါရီလ၂၅ ရက်တွင် ၆၃ မြို့နယ်၌ ကျင်းပသွားမည်ဟု သိရသည်။
စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်ဖြစ်ကာ ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၅၁ ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။



