မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်လာသည့် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးကို ဆန္ဒပြပွဲဓာတ်ပုံရိုက်ပေးသည်ဟု စွပ်စွဲကာ နောက်တစ်နေ့တွင် လာရောက်ဖမ်းဆီးသွားပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း စုံစမ်းသိရှိရသည်။
အသက် ၂၀ ကျော်အရွယ် ဘားအံ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်သည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီးခံရပြီး နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင် ငါးနှစ် ချမှတ်ခံရပြီး အိုးဘိုထောင်မှတဆင့် မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်က မြင်းခြံထောင်မှ လွတ်လာပြီး နောက်တစ်နေ့တွင် မြင်းခြံမြို့ မှတဆင့် မန္တလေးမြို့ရှိ ၎င်းတည်းခိုရာနေအိမ်သို့အရောက် ဒီဇင်ဘာလ ၃ ရက် နေ့လယ်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရဲစခန်းက ပြန်လည်ခေါ်ဆောင်ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်တွင် ၎င်းတည်းခိုရာ မန္တလေးမြို့နေအိမ်သို့ ရဲများက အောင်ပင်လယ်ရဲစခန်း၌ ခံဝန်လာထိုးရန် ဖုန်းဖြင့်အကြောင်း ကြားခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူများထံက သိရသည်။
“သူက မန္တလေးအောင်ပင်လယ်ရဲစခန်းက ဖုန်းဆက်ခေါ်တာကို မြင်းခြံရဲစခန်းကလို ထင်ပြီး သဘောရိုးနဲ့ သူ့ဘာသာ ခံဝန်သွားထိုးခဲ့တာ” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ထို့နောက် ရဲစခန်းသို့ သွားရောက်သည့် မပိုးပီတိခိုင်ကို ပြန်လည်လွှတ်ပေးခြင်း မရှိဘဲ၊ ရဲစခန်းတွင် ချုပ်နှောင်ပြီးနောက် နန်းတွင်းစစ်ကြောရေး ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် တစ်လအကြာတွင် မပိုးပီတိခိုင်သည် အိုးဘိုထောင်သို့ ရောက်ရှိလာကြောင်း ၎င်းက ဆိုသည်။
“လောလောဆယ် သူ… အိုးဘိုထောင် အချုပ်ဆောင်မှာ နေနေရပါတယ်။ ဒီရက်ပိုင်းမှ ထောင်ကို ရောက် လာတယ်လို့ သိရတယ်။ ကျန်းမာရေးကောင်းမွန်ပါတယ်”ဟု အထက်ပါမိသားစုနှင့် နီးစပ်သူ အမျိုးသားက ပြောသည်။
လက်ရှိတွင် မပိုးပီတိခိုင်ကို အိုးဘိုထောင်အချုပ်ဆောင်တွင် ထားရှိထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုရင်ဆိုင်ရမည်ဟု သိရသည်။
မပိုးပီတိခိုင်ကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်အစောက မန္တလေးမြို့ဈေးချိုတော်အနီး ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင် သုံးဦး ဦးဆောင်ပြုလုပ်သည့် ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြမှုတွင် ဓာတ်ပုံရိုက်ပေးသည်ဟု စွပ်စွဲဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရကြောင်း ထိုလူက ဆက်ပြောသည်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ မပိုးပီတိခိုင်သည် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ငါးနှစ် ချခံရပြီးနောက် လအနည်းငယ်အကြာ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်အတူ နေထိုင်ခဲ့ရသည့် နိုင်ကျဉ်းများထံက သိရသည်။
၎င်းခံစားရမည့်လျှော့ရက်များဖြင့် ထောင်အတွင်း လေးနှစ်နီးပါး နေထိုင်ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်ပြီး ထောင်ကလွတ်သည့်နေ့တွင် မြင်းခြံမြို့ရှိ ၎င်း၏ မိတ်ဆွေနေအိမ်၌ တည်းခိုခဲ့သည်ဟု ဆိုသည်။
“ထောင်ကထွက်ထွက်ချင်းကတည်းက ပိုးပီတိခိုင်ရယ်၊ မြတ်နိုးဝေရယ်၊ ကိုသက် ဆိုတဲ့တစ်ယောက်ရယ် သုံးယောက်ကို သူတို့က ခွဲထားတယ်။ ပြီးတော့ မြင်းခြံကစခန်းကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ခံဝန် ကတိတွေဘာတွေတို့ ၊အာမခံနဲ့ လက်မှတ်ထိုးခိုင်းပြီးမှ လွှတ်လိုက်တယ်”ဟု မြင်းခြံမြို့မှ နိုင်ကျဉ်းတစ်ဦး က Myanmar Now ကို ပြီးခဲ့သည့်လက ပြောပြထားသည်။
စစ်ကော်မရှင်သည် လိမ်ညာသတင်းဖြန့်ခြင်းသာဖြစ်ပြီး ၊၂ ရက်နေ့ညက မြင်းခြံမြို့ မိတ်ဆွေအိမ်တွင် ရှိနေသည့် မပိုးပီတိခိုင်သည် နောက်တစ်နေ့ နံနက် ၅နာရီကျော်တွင် ပြုလုပ်သည့် ဈေးချိုတော်ဆန္ဒပြပွဲနှင့် လုံးလုံးမသက်ဆိုင်ဟု အထက်ပါ နိုင်ကျဉ်းမိတ်ဆွေက Myanmar Now ကို ထိုစဉ်က ပြောထားသည်။
“လုံးဝမဆိုင်ဘူး။ လုံးဝမဆိုင်ဘူး။ ထောင်က လွတ်လွတ်ချင်း ညက မြင်းခြံမှာတည်းနေတဲ့သူက နောက် တစ်နေ့မနက်အစော ဆန္ဒပြပွဲမှာပါဝင်တာ ဖြစ်နိုင်ပါ့မလား။ သူ မန္တလေးကို အဲဒီဆန္ဒပြပွဲပြီးမှ၊ ၃ရက်နေ့မှ ရောက်သွားတာ။ သက်သက်မဲ့ ပြန်ဖမ်းပြီး လိမ်ညာသတင်းလွှင့်တာ”
စစ်ခေါင်းဆောင် ရောက်နေစဉ် ဆန္ဒပြပွဲဖြစ်သဖြင့် တရားခံအဖမ်းပြခြင်းသာဖြစ်သည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“မင်းအောင်လှိုင်ရောက်နေချိန်ဖြစ်သွားတဲ့ဆန္ဒပြပွဲဆိုတော့ သူတို့အရှက်ရပြီး၊ အထက်ကို တင်ပြဖို့ တစ်ယောက်တော့ မိပါတယ်၊ လိုက်နေပါတယ်ဆိုတာမျိုးပြဖို့ သက်သက်မဲ့လုပ်တာမြင်ပါတယ်”ဟု ထိုသူက ဆိုသည်။
မန္တလေးမြို့အရှေ့ထိပ် အောင်ပင်လယ်ရဲစခန်းရှိ ရဲများက မြင်းခြံထောင်နှင့်ဆက်သွယ်ကာ မပိုးပီတိခိုင် ၏အမှုအခြေအနေနှင့် လွတ်မြောက်မှုကို စုံစမ်းခဲ့သည်ဟု ကြားသိရကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အထက်ပါ မန္တလေးမြို့ခံအမျိုးသားက ပြောသည်။
“ထောင်က လွတ်လာတာ တစ်ရက်ပဲရှိသေးတဲ့လူက ပြင်ပလေတောင် ဝအောင် မရှူရသေးဘူး အကြမ်းဖက်တဲ့။ မတရားပါဘူး”
ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်း ၃ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က မန္တလေးမြို့လယ်ခေါင် လူစည်ကားသည့် ဈေးချိုတော်အနီးတွင် စစ်တပ်က အလိုရှိနေသည့် နာမည်ကျော်သပိတ်ခေါင်းဆောင် သုံးဦးပါဝင်သည့် လူတစ်စု က စစ်တပ် ဆန့်ကျင်ရေးနှင့်ရွေးကောက်ပွဲမဲမထည့်ရေး ဟောပြောဆန္ဒပြမှု ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင်လည်း ရောက်နေသည်ဖြစ်ရာ နောက်တစ်နေ့ညနေတွင် စစ်တပ်က ထိုဈေးဆိုင်ခန်းပေါင်း ၅၀ ကျော်ကို အင်အားသုံး ဖျက်ဆီးလိုက်ပြီး ဈေးသူဈေးသားများကိုလည်း ဆဲဆိုခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် အဆိုပါသပိတ်ခေါင်းဆောင်များကို ဆုကြေးငွေထုတ်ကာ ဖမ်းဝရမ်းကြေညာခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် ထိုဆန္ဒပြပွဲတွင်ပါဝင်မှုဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ အသက် ၂၀ အရွယ် ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရသည်။
၎င်းသည်လည်း ဒေါက်တာတေဇာဆန်းတို့နှင့်အတူ ဆုကြေးငွေထုတ်ခံထားရသူဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရကာ တစ်စုံတစ်ရာထိခိုက်ပါက စစ်တပ်အနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ထုတ်ပြန်ထားသည်။
ကိုထက်မြတ်အောင် အဖမ်းမခံရမီ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင်လည်း အဆိုပါဆန္ဒပြမှုတွင် ပါဝင်သည်ဆိုကာ မန္တလေးမြို့ ရွှေဂဲပွါးရပ်ကွက်မှ လူငယ် သုံးဦး၊ ကွေးကြီးကုန်းရပ်ကွက်မှ တစ်ဦး တို့ကို ဖမ်းဆီးခဲ့သည်ဟု မန္တလေးမြို့ အဖမ်းအဆီးများနှင့် မြေပြင်အခြေအနေများကိုဖော်ပြနေသည့် MDY-Revolution ကင်းထောက်စာမျက်နှာက ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ အများအပြားကို နိုင်ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်သည့် ဥပဒေ ပုဒ်မ ၁၇ (၁) တို့ ဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။
ထို့အပြင် ၂၀၁၄ ခုနှစ်အတွင်းပြဋ္ဌာန်းခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပြင်ဆင်ခဲ့သည်။ ထိုသို့ ပြင်ဆင်လိုက်သဖြင့် အွန်လိုင်းတွင် ရေးသားပြောဆိုမှုကိုပင် “အကြမ်းဖက်မှု” ဟု စွပ်စွဲပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ပြီးစီးခဲ့ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ၊ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တွင် ၆၃ မြို့နယ်၌ လည်းကောင်း ကျင်းပသွားမည်ဟု ကြေညာထားသည်။
၎င်းတို့ ဦးဆောင်သော ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဟု ယူဆပါက အမြင့်ဆုံး သေဒဏ်အထိ ချမှတ် နိုင်သော ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးနေရာ ဇန်နဝါရီလ ၅ ရက်နေ့အထိ အရေးယူဆောင်ရွက်မှု ၂၄၀ မှု ရှိပြီး အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦး ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေပြည်တော်၌ ယင်းနေ့ကပြုလုပ်သော ရွေးကောက်ပွဲအစည်းအဝေးတစ်ခုတွင် ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။



