အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ဆုကြေးထုတ်ထားသည့် မန္တလေးသပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

သပိတ်တွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦး လေးရက်ကြာ ပျောက်ဆုံးနေပြီးနောက် စစ်တပ် ဖမ်းဆီးသွား ခြင်းဖြစ်သည် ဟု သပိတ်အင်အားစုများက အတည်ပြုထားကြသည်။

ဆုကြေးငွေနှင့်တကွ ဖမ်းဝရမ်းထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထက်မြတ်အောင် လေးရက်ခန့် ပျောက်ဆုံးနေပြီးနောက် စစ်တပ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) က ထုတ်ပြန်သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌလည်းဖြစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့ အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCC နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီ (GSCB) တို့၏အဖွဲ့ဝင်လည်းဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှစတင်၍ မိသားစုမိတ်ဆွေများနှင့်အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

“ကိုထက်မြတ်အောင်ကို ဒီလ ၁၄ ရက်နေ့ကနေစပြီးတော့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်ပြီး သူ အဖမ်းခံရတယ်လို့ ကျွန်တော်တို့အတည်ပြုနိုင်တယ်။ ဖမ်းဆီးခံရစဉ်ကစလို့ မိသားစုနဲ့လည်း လုံးဝ အဆက်အသွယ်မရဘူး။ အဲဒီအတွက်လည်း အထူးပဲစိုးရိမ်နေရပါတယ်”ဟု သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောဆိုသည်။

ကိုထက်မြတ်အောင် မန္တလေးမြို့တွင် ဖမ်းဆီးခံရသည့် အသေးစိတ်အခြေအနေကို ကိုနန်းလင်းက ပြောဆိုခြင်းမရှိပေ။

သို့သော် ကိုထက်မြတ်အောင် ဖမ်းဆီးခံရစဉ်တွင် ထိုးကြိတ်ရိုက်နှက်မှုများခံခဲ့ရသည့် အခြေအနေကို ကြားသိရသည့်အတွက် စိုးရိမ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖမ်းတဲ့အချိန်မှာလည်း ထိုးကြိတ်ရိုက်နှက်မှုတွေနဲ့ ဖမ်းဆီးတယ်။ ရုန်းရင်းဆန်ခတ်ဖမ်းဆီးမှုတွေ လုပ်တယ်ဆိုတာမျိုး ကျွန်တော်တို့သတင်းရထားတယ်။ သို့သော် ဘယ်သူတွေဖမ်းလဲ။ ဘယ်နေရာမှာ ချုပ်နှောင်ထားလဲ စတဲ့အချက်တွေကိုတော့ ကျွန်တော်တို့အတည်မပြုနိုင်သေးဘူး”ဟု ရန်ကုန်သပိတ် ခေါင်းဆောင်ကိုနန်းလင်းက ပြောသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) ၏ ထုတ်ပြန်ချက်တွင် ကျန်းမာရေးကောင်းမွန်သည့် ကိုထက်မြတ်အောင် အသက်အန္တရာယ်တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါက စစ်ကော်မရှင်အနေဖြင့်တာဝန်ခံရမည်ဟုပြောဆိုထားသည်။

လတ်တလော၌ ကိုထက်မြတ်အောင်၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရန် Myanmar Now က ကြိုးစား နေဆဲဖြစ်သည်။

ကိုထက်မြတ်အောင်၏ ရင်းနှီးသည့် မိတ်ဆွေတစ်ဦးဖြစ်သည့် မန္တလေးသပိတ်ခေါင်းဆောင် မအေးမြင့်အောင်အောင်ကလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းကတည်းက ၎င်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရခြင်းကို အတည်ပြုနိုင်သည်ဟု ပြောဆိုသော်လည်း အသေးစိတ်အခြေအနေ မသိရသေးကြောင်းဆိုသည်။

“ကျွန်တော်တို့ ထပ်ခါထပ်ခါ အတည်ပြုကြည့်တဲ့အခါမှာတော့ ဖမ်းခံရတာအတည်ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်း ၃ ရက်နေ့က မန္တလေးမြို့လယ်ခေါင် လူစည်ကားသည့်ဈေးချိုတော်အနီးတွင် သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဦးဆောင်သည့် လူတစ်စုက စစ်တပ်ဆန့်ကျင်ရေးနှင့် ရွေးကောက်ပွဲ မဲမထည့်ရေး ဟောပြောဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့သည်။

ထိုဆန္ဒပြမှုကို မြို့ခံလူထုကထောက်ခံအားပေးခဲ့ကြပြီး နောက်တစ်နေ့ ညနေပိုင်းတွင် စစ်တပ်က ယင်းဈေးကို အင်အားသုံး၍ ဆိုင်ခန်းပေါင်း ၅၀ ကျော်ကို ဖျက်ဆီးလိုက်ပြီး ဈေးသူဈေးသားများကိုလည်း ဆဲဆိုခြိမ်းခြောက်ခဲ့သည်။

ထိုနေ့က ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် အဆိုပါဈေးအတွင်း ဆိုင်ကယ် အဝင်အထွက်များကိုလည်း စစ်တပ်က CCTV မှ တဆင့် စုံစမ်းမှုများပြုလုပ်နေသည်ဟုသိရသည်။

ကိုထက်မြတ်အောင်သည် အဆိုပါ ဈေးချိုတော်အနီး ဒေါက်တာတေဇာဆန်းတို့ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်ဟု မြို့ခံများကဆိုကြသည်။

အခြားသောသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့နှင့် အတူ ကိုထက်မြက်အောင်ကို ဆုကြေးငွေ နှင့်တကွ ဖမ်းဝရမ်းထုတ်ခဲ့သည်။

စစ်တပ်က မြို့အဝင်မြို့အထွက်ဂိတ်များ၊ မန္တလေးမြို့တွင်း မြို့ပြင် ရပ်ကွက်များတွင်လည်း ၎င်းတို့၏ ဓာတ်ပုံများကို ပိုစတာထုတ်၍ သတင်းပေးရန် ကြေညာထားပြီး မန္တလေးမြို့အနှံ့ပိုက်စိပ်တိုက်ရှာဖွေလျှက်ရှိသည်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် စစ်တပ်ဆန့်ကျင်သည်ဟုဆိုကာ ရဟန်း၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင်ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ကြရပြီး ၎င်းတို့၏နေအိမ်နှင့်ပိုင်ဆိုင်သည့်လုပ်ငန်းများ ချိပ်ပိတ်အရေးယူခံခဲ့ရသည်။

စစ်တပ်သည် ၎င်းတို့ကို မထောက်ခံပါက လူမှုကွန်ရက်တွင်ရေးသားလျှင်ပင် အကြမ်းဖက်ပုဒ်မများဖြင့် အရေးယူလျှက်ရှိနေသည်။

ထိုအခြေအနေတွင် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထက်မြတ်အောင်၏အသက်အန္တရာယ်ကို အထူးပင်စိုးရိမ်နေရသည်ဟု သပိတ်ခေါင်းဆောင်ကိုနန်းလင်းကဆိုသည်။

“မန္တလေးမှာလူထုလှုပ်ရှားမှုတွေအပါအဝင် လူငယ်တွေ၊တက်ကြွလှုပ်ရှားတဲ့လူငယ်တွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီးတော့မှ လက်စဖျောက်တဲ့လုပ်ရပ်တွေက ဟိုးအရှေ့ကာလတွေမှာအများကြီး ကျူးလွန်ခဲ့တယ်။အကြမ်းဖက်စစ်ကြောရေးစခန်းတွေကနေ စစ်ရာဇဝတ်မှုတွေရှိပါတယ်”

“ ကိုထက်မြတ်အောင်သည်လည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ဖြစ်သလို သပိတ် ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဆိုတော့ ကိုထက်မြတ်အောင်ကိုလည်း စစ်အုပ်စုက အငြိုးထားပြီး ဖမ်းဆီးချင်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကိုထက်မြတ်အောင်ရဲ့အသက်ကို ကျွန်တော်တို့ အထူးပဲစိုးရိမ်နေရပါတယ်”ဟု ကိုနန်းလင်းက ဆိုသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်အင်အားစုအဖွဲ့မှ လူငယ်အများအပြား ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့ရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ပြည့်မြောက်သည်အထိ မန္တလေးမြို့တွင် ပြောက်ကျားနည်းဖြင့် ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် ကိုသူရအောင် သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းက မဟာအောင်မြေ မြို့နယ် ရဲမွန်တောင်ရပ်ကွက်အရှေ့ပိုင်းရှိ နေအိမ်တစ်လုံး၌ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် အချိန်အတော်ကြာ ရှိနေခဲ့ရသည်။

စစ်တပ်က မန္တလေးနန်းတွင်း၌ ဖွင့်လှစ်ထားသည့် စစ်ကြောရေးစခန်းသည် ရဟန်းသံဃာများကိုပင်မချန် အလွန်အမင်းနှိပ်စက်သည်ဟု နာမည်ကြီးသလို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သည်လည်း ဆေးကုသခွင့် လုံလောက်စွာမပေးဘဲ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသူတို့ကို ဖိနှိပ်သည်ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ စာရင်းများအရ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၁၄၅ ဦးရှိပြီး ထိုအထဲမှ ၂၂၆၅၂ ဦးသည် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး ထိန်းသိမ်းခံနေရသူများ အနက် ၁၁၄၀၈ ဦးသည် ထောင်ဒဏ်ချမှတ် ခံထားရသည်။

Related Articles

Back to top button