အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘားအံ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ပြန်လွတ်လာအပြီးနှစ်ရက်အကြာတွင် စစ်ကော်မရှင် ထပ်ဖမ်း

ဒီဇင်ဘာလ ၃ရက်နေ့ နံနက်အစောပိုင်းက သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ မန္တလေးဈေးချိုတော်တွင် ဆန္ဒပြသည်ကို မပိုးပီတိခိုင်က ဓာတ်ပုံရိုက်ပေးခဲ့သည်ဟု စစ်ကော်မရှင်ကို ထောက်ခံသူများက တယ်လီဂရမ် ပို့စ်များတွင် စွပ်စွဲဖော်ပြကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဘားအံ ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်ကို နှစ်ရက်အကြာတွင် စစ်ကော်မရှင်က ပြန်လည်ဖမ်းဆီးလိုက်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မန္တလေး မြို့ခံများထံမှ သိရသည်။

မပိုးပီတိခိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၎င်းတည်းခိုနေသည့် မန္တလေးမြို့နေအိမ်သို့ ရဲများရောက်ရှိလာပြီး ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်။

လက်ရှိတွင် မပိုးပီတိခိုင် အောင်ပင်လယ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု မန္တလေးမြို့ခံများက ဆိုသည်။

အသက် ၂၀ ကျော်အရွယ် မပိုးပီတိခိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ ယင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅- က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)တို့ဖြင့်စွပ်စွဲကာ မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ငါးနှစ် ချမှခံခဲ့ရသည်။ ထို့နောက် လအနည်းငယ် အကြာတွင် မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ထောင်အတွင်း လေးနှစ်နီးပါးနေထိုင်ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် လျှော့ရက်များဖြင့်လွတ်မြောက်လာခြင်းဖြစ်သည်။ ပြန်လွတ်လာပြီးနောက် မြင်းခြံမြို့ရှိ မိတ်ဆွေနေအိမ်တွင်တစ်ညတည်းခိုခဲ့သည်။ ထို့နောက် မန္တလေးမြို့ မိတ်ဆွေနေအိမ်သို့ ဆက်လက်ထွက်ခွာလာပြီး တစ်ည တည်းခိုအပြီးတွင် ပြန်အဖမ်းခံရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃ရက်နေ့ နံနက်အစောပိုင်းက သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ မန္တလေးဈေးချိုတော်၌ ဆန္ဒပြသည်ကို မပိုးပီတိခိုင်က ဓာတ်ပုံရိုက်ပေးသည်ဟု စစ်ကော်မရှင်ကို ထောက်ခံသူများက တယ်လီဂရမ် ပို့စ်များတွင် စွပ်စွဲဖော်ပြကြသည်။

သို့သော် ထိုအချက်သည် လိမ်ညာသတင်းဖြန့်ခြင်းသာဖြစ်ပြီး ထိုဆန္ဒပြပွဲတွင် ပါဝင်ပတ်သက်မှု လုံးလုံးမရှိဟု ဖြစ်စဉ်ကို သိရှိသည့် မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက Myanmar Nowကိုပြောသည်။

“လုံးဝမဆိုင်ဘူး၊ လုံးဝမဆိုင်ဘူး၊ ထောင်ကလွတ်လွတ်ချင်းညက မြင်းခြံမှာတည်းနေတဲ့သူက နောက်တစ်နေ့ မနက် အစောဆန္ဒပြပွဲမှာပါဝင်တာ ဖြစ်နိုင်ပါ့မလား သူမန္တလေးကို အဲဒီဆန္ဒပြပွဲပြီးမှ ၃ရက်နေ့ ညနေပိုင်းမှ ရောက်သွားတာ သက်သက် ပြန်ဖမ်းပြီး လိမ်ညာသတင်းလွှင့်တာ” အထက်ပါ နိုင်/ကျဉ်းဟောင်းက ပြောသည်။

လက်ရှိတွင် မပိုးပီတိခိုင်ကို အောင်ပင်လယ်မြို့မရဲစခန်းတွင် အကြမ်းဖက်ပုဒ်မ ၅၂ က ဖြင့်ချုပ်နှောင် စစ်ဆေးနေသည်ဟု နီးစပ်သူများကဆိုပြီး ထိုအချက်ကို Myanmar Now က သီးခြား အတည်မပြုနိုင်သေးပါ။ 

ပြီးခဲ့သည့်ဒီဇင်ဘာလ ၂ ရက်နေ့က နိုင်ငံအလယ်ပိုင်းမြင်းခြံထောင်မှ လွတ်ရက်နီးသည့်မပိုးပီတိခိုင်အပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသား(၂၄) ဦးတို့ လွတ်ငြိမ်းဖြင့် လွတ်မြောက်ခဲ့သည်။

စစ်ကော်မရှင်သည် နိုင်ငံရေးအကျဉ်းသားလွတ်ရက်နီးသူများကို လွတ်ငြိမ်းအမည်တပ်က မကြာခဏ လွှတ်ပေးလေ့ရှိပြီး၊ ပြန်လည်ဖမ်းဆီးမှုများလည်းရှိရာ အကျဉ်းထောင်ဘူးဝတွင်ပင် ပြန်လည်ဖမ်းဆီးခံ လိုက်ရသည့် ဖြစ်စဉ်များစွာရှိသည်။

Related Articles

Back to top button