အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း ကြားကာလအစိုးရအဖွဲ့ဝင်များကို အတည်ပြုခန့်အပ်

တော်လှန်ရေးကြားကာလအတွင်း ဥပဒေရေးရာနှင့် ကာကွယ်ရေးအပါအဝင် ကိစ္စရပ်များဆောင်ရွက်ရန် တိုင်းအစိုးရအဖွဲ့ကို အပြီးသတ်ဖွဲ့စည်းရန် ကြိုးပမ်းနေရာ အစိုးရအဖွဲ့ဝင်များကို ယမန်နေ့က ကြေညာ လိုက်သည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၁ ဦးနှင့် ရှေ့နေချုပ်တို့ကို ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခန့်အပ်လိုက်သည်။ 

ကြားကာလအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်ခဲ့ပြီးနောက် တစ်လကျော်အကြာ အစိုးရအဖွဲ့ ဒုဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ 

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအားကောင်းရာ စစ်ကိုင်းတိုင်းအတွက် ယခုဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးကိုကိုအောင်အား ခန့်အပ်လိုက်သည်။ 

စစ်ကိုင်းအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာနေဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီး ဦးတင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်အောင်၊ လူသားချင်းစာနာမှု ကူညီရေး ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဦးတိုးဝေအောင်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇင်မင်းထွန်း၊ တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီး ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီး  ဒေါ်ရတီအုန်းနှင့် ရှေ့နေချုပ်အဖြစ် ဦးအောင်ချစ်ညိုတို့ကို ခန့်အပ်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၄၀ ကျော်အနက် ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော်နှင့် ဗန်းမောက်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုကိုလည်း နယ်မြေစိုးမိုးထားသည်။ 

ကြားကာလအစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး အလေးထားကိုင်တွယ်ပေးရန် ဒေသခံများက မျှော်လင့်နေသည်။ 

“တရားဥပဒေစိုးမိုးရေးကိုတော့ အဓိကထားကိုင်တွယ်စေချင်တယ်ဗျ။အဲဒါမှ ပြည်သူတွေပြောနေကြတဲ့ ဘယ်ဘုရား တန်ခိုးကြီးမှန်းမသိဘူးဆိုတဲ့ကိစ္စ အဆင်ပြေမယ်ထင်တယ်ဗျ။နောက်တစ်ခုက ပြည်သူ့ဆက်ဆံရေးကိစ္စဖြစ်မယ်ထင်တယ်ဗျ။ တော်လှန်ရေးသမားတွေနဲ့ ပြည်သူကြားက ဆက်ဆံရေးက အရမ်းအရေးကြီးတဲ့အနေအထားတစ်ခုရောက်နေတယ်လို့မြင်မိတယ်”ဟု စစ်ကိုင်းတိုင်းမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တော်လှန်ရေးကြားကာလအတွင်း ဥပဒေရေးရာနှင့် ကာကွယ်ရေးအပါအဝင် ကိစ္စရပ်များဆောင်ရွက်ရန် လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းအတွင်း ကြားကာလအစိုးရတရပ်ပေါ်ပေါက်လာစေရန် ကြိုးပမ်းခဲ့သည်။

ပထမဆုံးအနေဖြင့်စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ယခုနှစ် ဇွန်လတွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီးနောက် အောက်တိုဘာလ၌ အစိုးရအဖွဲ့  စိစစ်ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ 

ထိုကော်မရှင်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားပြုသူများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ၊ သပိတ်အင်အားစုများ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့တို့မှ ကိုယ်စားလှယ် ငါးဦးစီပါဝင်သည်။ 

“အထက်ကပြောင်းသော်လည်း အောက်ခြေက အဂတိလိုက်စားနေတာတွေကို မပြောင်းလဲသေးသရွေ့ကတော့ သူတို့ဘာသူတို့ အစိုးရကို နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းဖွဲ့လည်း ဒါက ဒါပဲ”ဟု စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။ 

ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းသည်ဆိုသော်လည်း တော်လှန်ရေးကာလဖြစ်သည့်အတွက် စစ်အနိုင်တိုက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း တော်လှန်ရေးအင်အားစုအချို့က ထောက်ပြသည်။ 

“ဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဆိုတာတော့ သိပ်တော့မှန်းဆလို့မရသေးဘူး။ အခုချိန်က တကယ် ပြောမယ်ဆိုရင် တိုက်ရမယ့်အဆင့်ပေါ့။ တိုက်တဲ့ဘက်တွေမှာအားကောင်းအောင်ပဲ အရင်ဆုံးလုပ်ရမှာပေါ့။ တိုက်ယူလိုက်တဲ့နေရာတွေက ခိုင်ခိုင်မြဲမြဲကိုယ့်လက်ထဲရသွားပြီဆိုရင် အုပ်ချုပ်ရေးပိုင်းက လိုက်ရမှာပေါ့။ ခိုင်ခိုင်မြဲမြဲ မရသေးဘဲနဲ့ အစိုးရအဖွဲ့တွေ ဖွဲ့နေရင်လည်း သိပ်တော့ ထင်သလောက်တော့ မလုပ်နိုင်ဘူးလို့ ထင်တယ်”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီကျော်က မှတ်ချက်ပြုသည်။ 

စစ်တပ်က တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်၍ အပိုင်းလိုက်ခွဲပြီး ပြုလုပ်မည်ဟုထုတ်ပြန်ထားသလို တော်လှန်ရေးအင်အားစုများကလည်း စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားသည်။ 

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းစသည့်မြို့နယ်များတွင် စစ်တပ်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး အရပ်သားပြည်သူ ဆယ်နှင့်ချီသေဆုံးခဲ့သည်။ 

ထို့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီး ယင်းမာပင်၊ ဆားလင်းကြီး၊ ချောင်းဦး မြို့နယ်တို့တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးကာ နေအိမ်ရာနှင့်ချီမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ 

Related Articles

Back to top button