အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူထုထောက်ခံမှု မရှိသူများ ဝင်ပြိုင်မည့် ရခိုင်ဒေသ ရွေးကောက်ပွဲ 

စစ်ကော်မရှင်တပ်က ဒေသတစ်ခုလုံးနီးပါး လက်လွှတ်ထားရသည့်နေရာတွင် သုံးမြို့နယ် ရွေးကောက်ပွဲလုပ်မည် ဆိုသော်လည်း အပြည့်အဝ မလုပ်နိုင်ခဲ့ပေ။

ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး လက်လွှတ်ထားရသည့် စစ်ကော်မရှင်သည် ၎င်းတို့ ထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် သုံးခုတွင် ရွေးကောက်ပွဲလုပ်မည်ဟု ဆိုသော်လည်း မြို့ပေါ်ရပ်ကွက် တစ်ခုနှင့် ကျေးရွာအချို့တွင် မလုပ်နိုင်ကြောင်း တွေ့ရသည်။ 

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ သီတင်းပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ် ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။ 

ရခိုင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲလုပ်ခွင့် မပြုထားရာ အာဏာသိမ်းစစ်တပ်အနေဖြင့် အထက်ပါသုံးမြို့နယ်တွင်သာ ရွေး ကောက်ပွဲပြုလုပ်နိုင်မည်ဖြစ်သည်။ 

ရွေးကောက်ပွဲ အပိုင်း (၁) တွင် လုပ်မည့် သုံးမြို့နယ်တွင် မာန်အောင်တွင်သာ မြို့နယ်တစ်ခုလုံး ပြုလုပ် နိုင်မည်ဖြစ်ပြီး  စစ်တွေမြို့ပေါ်  ကစ္ဆပ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၇ ခု၊ ကျောက်ဖြူမြို့နယ်တွင် စနဲမြို့ပေါ် ၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၄၈ အုပ်စုတို့တွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်တွင် စစ်ကော်မရှင်က ကြေညာထားရသည်။

စစ်တွေနှင့်ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများအများအပြားတွင် အာရက္ခတပ်တော်(AA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။   

ထို့ကဲ့သို့ နယ်မြေနည်းသော ရခိုင်ဒေသရွေးကောက်ပွဲတွင် ရခိုင်နာမည်ကြီး နိုင်ငံရေးသမား ဒေါက်တာ အေးမောင်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်တို့ ဝင်ရောက် ယှဥ်ပြိုင်ကြမည်ဟု သိရသည်။

အထက်ပါ ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူတရပ်လုံးအား ကိုယ်စားမပြုသည့် အလွန်ရုပ်ပျက် ဆင်းပျက်ဖြစ်ပြီး ရွေးကောက်ပွဲဟုပင် မခေါ်ထိုက်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၏ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“တချို့တချို့သော ရခိုင်နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကိုယ်ခံယူနေတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဘာပဲဖြစ်ဖြစ် တစ်မဲရလည်း နိုင်တယ်။ အဝေးမှာ မဲပေးလည်းနိုင်တယ်ဆိုတဲ့ဟာမျိုးကို အရှက်မဲ့စွာ ပြောနေတာတွေကိုက ကျွန်တော်တို့ ရခိုင်သားတွေအနေနဲ့ဆိုတော့ အင်မတန်ရွံရှာစက်ဆုပ်ဖွယ် ကောင်းတယ်လို့ ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပါတီငယ်များဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ထိုသုံးပါတီ အဓိက ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ယခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော ပြည်သူ့ပါတီ၏ အခမ်းအနားတစ်ခု တက်ရောက်လာသော  ဒေါက်တာအေးမောင်။ (ဓာတ်ပုံ- AFP) 

၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ၌ ပြည်နယ်တွင်း မဲအများဆုံး အနိုင် ရရှိခဲ့သည့် ရခိုင်အာင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)ကို ပါတီမှတ်ပုံတင်ခွင့် ပိတ်သိမ်းလိုက်ခြင်းကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရရှိခဲ့ပေ။

ANP ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်း မရှိဆိုသည့် အကြောင်းပြချက်ဖြင့် မှတ်ပုံတင်ခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ 

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အကျိုးစီးပွားကို လက်ခံလိုက်နာနိုင်သည့် နိုင်ငံရေးပါတီများကိုသာ ခွင့်ပြုသည်ဟု ဦးမျိုးကျော်က ဝေဖန်သည်။

“စစ်အာဏာရှင်တွေဟာ သူတို့အကျိုးကို လုံးဝလိုလားတဲ့၊သူတို့ပြောရင် ပြောတဲ့အတိုင်းလိုက်လုပ်တဲ့၊ တနည်းအားဖြင့် ပြောရင် သူ့အလိုဆန္ဒကို ကန့်လန့်မလုပ်ဘဲနဲ့ အမိန့်အာဏာကို လက်ခံတဲ့ သူတို့ ဘက်တော်သားဆိုတဲ့ ဟာတွေကိုပဲ အခုရွေးကောက်ပွဲမှာ ပါဝင်ခိုင်းတယ်လို့ အဓိပ္ပာယ်ရတယ်” ၎င်းက ဆိုသည်။ 

“ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာသူတို့နဲ့အတူ ငြိမ်းချမ်းရေးညီလာခံတို့၊ ကော်မရှင်ပွဲတွေမှာ တွေ့နေတဲ့ ဆယ်စုနှစ်တစ်ခုကြာတွဲလာတဲ့ နိုင်ငံရေးပါတီ တချို့ကိုတောင်မှ အခုသူတို့ အပြည့်အဝ ထိန်းချုပ်ပြီး ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပေးဘဲနဲ့ ဖျက်သိမ်း ပစ်လိုက်တာတွေ မြင်ရပါတယ်”

အသံတိတ်သမားများဖြစ်လာမည့် လွှတ်တော်ကိုယ်စားလှယ်များ 

“အတုအယောင်”ရွေးကောက်ပွဲဟု ပြည်သူလူထုက သမုတ်နေကြသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ရခိုင်ပြည်နယ်ရှိ ထိုမြို့နယ်တွင်လည်း အကြိတ်အနယ်မဲဆွယ်စည်းရုံးနေကြသည်။

မဲဆွယ်ရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးစသည့် အချက်များကို ထည့်သွင်းမဲဆွယ်နေကြသည်ကို တွေ့ရသည်။ 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည်  မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့်  စစ်တွေမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဥ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းမည်ဟု မဲဆွယ်စည်းရုံးနေသည်။ 

“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များနေရပ်ပြန်နိုင်ရေး၊ ရခိုင်ဒေသရဲ့ ကျေးလက်နဲ့ မြို့ပြတည်ဆောက်ရေးနဲ့ ရခိုင်လူထုရဲ့ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးတို့သည် အလွန်အရေးကြီးပြီး လက်ငင်းလိုအပ်ချက်များဖြစ်သဖြင့် ရခိုင့်ဦးဆောင်ပါတီသည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ရခိုင်ဒေသပြန်လည် တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတို့မှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည်ဟုလည်းကောင်း၊ ရခိုင့်ဦးဆောင်ပါတီလက်တွေ့ကျသည့် ရေတိုရေရှည်မူဝါဒနဲ့ လုပ်ငန်းစဥ်များကို ချမှတ်ဖြစ်ခဲ့ပါတယ် ” ဒေါက်တာ အေးမောင်က စစ်တပ်ထိန်းချုပ်သည့် ရုပ်သံမှ တဆင့် မဲဆွယ်စည်းရုံးခဲ့သည်။ 

အလားတူ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကလည်း ကျောက်ဖြူမြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်  (FPTP)ဖြင့်  အမျိုးသားလွှတ်တော်  ကိုယ်စားလှယ်လောင်းအဖြစ် ယှဥ်ပြိုင်မည်ဖြစ်ပြီး ဒေါက်တာ အေးမောင်ကဲ့သို့ မဲဆွယ်စည်းရုံးနေသည်။

ထို့ပြင် တရုတ်ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အကောင်အထည်ဖော်လာပါက ‌ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟု သူက ဆိုသည်။

“ရခိုင်ပြည်နယ် ပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူအပေါင်းက ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုကို လွှတ်တော်အသီးသီးသို့ ရောက် သွားအောင် ဆန္ဒမဲပေးကြပါလို့ တောင်းဆိုပါတယ်”ဟု ၎င်းက စစ်တပ်ပိုင်ရုပ်သံများက တဆင့်ဟောပြော စည်းရုံးခဲ့သည်။ 

ရခိုင်တိုင်းရင်းသားများပါတီ(RNP) ကို  ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုထားခြင်း ဖြစ်သည်။

ဦးဘရှိန်သည် ရခိုင်တိုင်းရင်းသားများပါတီကို ၂၀၂၅ခု၊ ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ယခင်က ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၅ ခုနှစ် တွင် ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ဖူးသည်။

-နိုဝင်ဘာလ ပထမပတ်အတွင်း စစ်တွေမြို့ရှိ ပါတီရုံးတွင် ဦးဘရှိန်နှင့်ပါတီဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ-U Ba Shein) 

ရခိုင်ပြည်သူလူထု၏ အသံများကို ကိုယ်စားပြုနိုင်ရေးဟုဆိုကာ မဲဆွယ်စည်းရုံးနေသော်လည်း လက်တွေ့ မဖြစ်နိုင် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။

“ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့လူတွေဟာ တစ်ယောက်တည်းရှိပါစေ။ ရဲရဲဝံ့ဝံ့—ကိုယ်တွေကတော့ ဒီအခင်း အကျင်းကို လက်ခံလိုက်ပြီ။ ဆိုတော့ အဲဒီအခင်းအကျင်းကို အသုံးချပြီး ရဲရဲဝံ့ဝံ့ပြောရဲမှာလား၊ ဆိုရဲမှာလား— အဲဒီလိုတော့မထင်။ ဘာလို့လဲဆိုတော့ သူတို့မှာ နီးရာဓားပိုပြီး ကြောက်ရတယ်။ အခွင့်အရေး ပေးထားသူဆီ အခွင့်အရေးရချင်လို့ ကိုယ့်ဘာသာကိုယ်ဝင်တာကိုး။ အဲဒီထိုင်ခုံပါ ပြုတ်သွားပြီး အန္တရာယ်ဖြစ်မှာကို ကြောင့်ကြရမယ်” ၎င်းက ဆိုသည်။ 

“ဒါကြောင့် အဲဒီအသံတွေကို ပြည်သူကိုချပြနိုင်တဲ့၊ ကမ္ဘာကို ချပြနိုင်တဲ့၊ အဲဒီလိုအသံတွေနဲ့ လွှတ်တော်ထဲမှာ အကျိုးပြုလုပ်ငန်းတွေ၊ ပြည်သူတွေနစ်နာချက်ကို တင်ပြနိုင်တဲ့ဟာတွေ၊ အဲဒီလိုအသံတွေကတော့ တိတ်ဆိတ်သွားဖို့ ထင်တယ်။ အခုအချိန်ကပင် အဲ့ဒီအခင်းအကျင်းကို မြင်နေရတာဖြစ်တာကြောင့် လွှတ်တော်ထဲရောက်ရင်လည်း ကျောင်းတစ်ကျောင်း၊ လမ်းတစ်လမ်း၊ ရေကန်တစ်ကန် အဲ့ဒီလောက်ဟာနဲ့ ပြည်သူကို နှစ်သိမ့်ပေးဖို့ ကြားခံအဖွဲ့အစည်းပဲဖြစ်သွားမယ်”

လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က မြောက်ဦးဆေးရုံဗုံးကြဲခံရမှု လူအစုလိုက် အပြုံလိုက်သေဆုံးမှုဖြစ်စဥ်များတွင် နှုတ်ဆိတ်နေကြပြီး အာဏာသိမ်းစစ်တပ်က အရပ်သားများကို အလားတူ ဗုံးကြဲ သတ်ဖြတ်မှုများတွင်လည်း စစ်တပ်ကို မည်သည့်ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ကြခြင်းမရှိဟု ဦးမျိုးကျော်က ပြောသည်။

“ဘာလို့အသံထွက်မလဲ။ အခုတောင် အသံမထွက်တာ။ အဲဒီအချိန်ကျမှ( လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ) ပိုပြီး ဆိုးသွားမှာပေါ့။ ဟန်ဆောင်ပန်ဆောင်တောင်မှ(မလုပ်)။ အခု ရွေးကောက်ပွဲကာလမှာ ရခိုင်ပြည်သူတွေအားလုံး စစ်ရဲ့သားကောင်ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။

“စစ်ကောင်စီ၊ တနည်းအားဖြင့်ပြောရင် မင်းအောင်လှိုင်နဲ့ပေါင်းတဲ့အပေါင်းအပါတွေဟာ မင်းအောင်လှိုင်ရဲ့ အလို ဆန္ဒအတိုင်းလိုက်လုပ်ဖို့ဆန္ဒရှိတယ်။ မည်သည့်နည်းနဲ့မှ ရခိုင်ပြည်သူတွေရဲ့ အလိုဆန္ဒကို လိုက်လျောနိုင်ဖွယ်မရှိ ”ဟု ၎င်းက မှတ်ချက်ပြုသည်။ 

လူထုထောက်ခံမှု မရှိတော့သည့် ‌ ဒေါက်တာအေးမောင်

ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ရခိုင့်ဦးဆောင်ပါတီ(AFP) နှင့် ရခိုင်တိုင်းရင်းသားများပါတီ (RNP)တို့ တွင် ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့သာ ထင်ရှားသည့် နိုင်ငံရေးသမားများပါဝင်ပြီး တခြားဝင်ရောက် ယှဥ်ပြိုင်မည့်သူများသည် မထင်မရှားမျက်နှာသစ်နိုင်ငံရေးသမားများဖြစ်ကြသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသည်။ 

ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ပေါ်ပေါက်လာရာတွင် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ 

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းက ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ်ပြုလုပ်သည်။

ထိုအစီအစဉ်တွင် စာရေးဆရာ ဝေဟင်အောင်နှင့်အတူ ဟောပြောချက်များသည် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။‌ 

 နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့နှင့် လောကနန္ဒာဘုရားအနီး ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များအနီးတွေ့ရသော ဒေါက်တာအေးမောင်နှင့် ပါတီဝင်အချို့။  (ဓာတ်ပုံ- AFP ပါတီ)

ဒေါက်တာအေးမောင်သည် ဖမ်းဆီးမခံရစဥ်ကပင်  ANP ပါတီတွင်း သဘောထား ကွဲလွဲမှုများကြောင့်  ပါတီမှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။  ထိုအချိန်ကာလများတွင် ဒေါက်တာအေးမောင်အား ရခိုင်လူထုအလွန်အားပေးထောက်ခံခဲ့ကြသည်။ 

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဥ်းသား၊အချုပ်သားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ပါဝင်လာသည်။

ထောင်ကလွတ်လာပြီးနောက်  စာရေး ဆရာဝေဟင်အောင်သည် ဒေသတွင်းတွင် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ဒေါက်တာအေးမောင်သည် ထောင်ကလွတ်လာပြီးနောက် ၎င်း၏ပါတီကို တစိုက်မတ်မတ် အာရုံစိုက် လုပ်ဆောင်လာပြီး အာဏာသိမ်းစစ်တပ်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ရွေးကောက်ပွဲ အစည်းအဝေးများကို တက်ရောက်ခြင်းများဆက်တိုက်ပြုလုပ်လာပြီးနောက် ရခိုင်လူထု၏ ထောက်ခံမှုကို မရရှိတော့ပေ။

လူထု ဗုံးကြဲသတ်ဖြတ်ခံနေရစဥ် ရေငုံနှုတ်ပိတ်နေသောကြောင့် ရခိုင်လူထု၏ ဝေဖန်မှုကို ပိုပြီး ရင်ဆိုင်နေရသည်။ 

ရခိုင်ဟာသလူရွှင်တော် ဖိုးလှပြည့်က “အန်ကယ် ဒေါက်တာအေးမောင်၊ဦးလေး ပထမတစ်ကြိမ် အရေးအခင်းနဲ့ ထောင်ကျလို့ ရခိုင်တစ်ပြည်နယ်လုံးဦးလေးအတွက် ကိုယ့်အဖေ၊အမေထောင်ကျနေသလို ပူပန်ပေးခဲ့ကြတယ်။ ဟစ်တိုင်ကိုတက်ပြီး အော်ခဲ့ကြတာ။ ဦးလေး ထောင်ကလွတ်လာတဲ့နေ့ ဘုရားတစ်ဆူ၊ ကိုယ်တစ်လုံး ပိတောက် စည်တွေနဲ့ သပြေညွှန့်၊သရက်ညွှန့်တွေနဲ့ အုန်းလက် အညွှန့်ပေါင်းစုံနဲ့ စောင့်လို့ကြိုခဲ့တာမှာ ငါ့ရဲ့အမေလည်း ပါတယ်”

“ရခိုင်ပြည်ထဲက ကိုယ့်ရခိုင်လူမျိုးတွေ အစုလိုက်အပြုံလိုက် ဂျက်နဲ့ချလို့သေတာကို ဦးလေးက တစ်ခွန်းလည်း ဝင်မပြောရင် — ဦးလေး ဘယ်လိုလဲ— ရခိုင်ပြည်အတွက် ငြိမ်းချမ်းရေး၊ မြန်မာ့နိုင်ငံရေး၊ အမှန်တကယ် ရခိုင်ပြည်အတွက် လုပ်နေတဲ့လူဆိုရင် ငါတို့ရခိုင်သားတွေကို ဘာကြောင့် ဒီလိုလုပ်ရတာ၊ အနိုင်ကျင့်ရတာလဲလို့ ကမ္ဘာသိအောင် တင်ပြရမယ်။ ချပြရမယ်။ အခုက ဦးလေး တစ်ခွန်းမှ ပါးစပ်ဟတာ မတွေ့ရ ”ဟု အင်တာနက်ပေါ်တွင် ရုပ်သံလွှင့်ပြီး ဝေဖန်ထားသည်။ 

အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်ဖြစ်ကာ ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၅၁ ပါတီသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နှင့် ပြည်သူ့ပါတီတို့ဖြစ်သည်။

စစ်တပ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက ကန့်ကွက်ထားသလို အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာထားကြသည်။

AA က ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲလုပ်ခွင့် ပေးမည်မဟုတ်သလို ရခိုင်လူထုကလည်း စစ်တပ်ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက  ယခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောထားသည်။

“ ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ဆိုတော့ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုတွေကိုပဲ ပိုပြီးဖြစ်စေမယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

“ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်လို့ရနိုင်ပေမဲ့ ကျွန်တော်တို့ ထိန်းချုပ် ထားတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ခွင့်ပေးမှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့တာ မရှိ။ ဒါကြောင့် ရခိုင်တွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်မှ စိတ်မဝင်စားဘူး ဆိုတာ သေချာပါတယ်”

စစ်ကော်မရှင်က ရွေးကောက်ပွဲနှောင့်ယှက်သည်ဟု ယူဆပါက အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းကာ အရပ်သားများ၊ အနုပညာရှင်များကို  ဖမ်းဆီးထောင်ချနေရာ ဥပဒေပြဋ္ဌာန်းချိန်မှ စ၍ ဒီဇင်ဘာလ ၁၅ ရက်အထိ ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့်အရေးယူထားမှု ၁၄၀ မှု၊ စုစုပေါင်း ၂၂၉ ဦးကို ဖမ်းဆီး၊ အရေးယူမှုများပြုလုပ်ထားကြောင်း စစ်ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အင်အားကြီး အနိုင်ရပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)တို့ ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။

Related Articles

Back to top button