ရခိုင်တိုင်းရင်းသားများပါတီ(RNP) အမည်ရှိ ပါတီသစ်ကို ဇွန် ၉ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် ပြုလိုက်သည်ဟု စစ်ကောင်စီက ၎င်းထိန်းချုပ်သည့် သတင်းစာများတွင် ဖော်ပြထားသည်။
ဧပြီ ၇ ရက်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားပြီး ၂ လ အကြာတွင် ခွင့်ပြုခဲ့သည်ဟု သိရသည်။
ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန်လျှောက်ထားရမည်ဟု စစ်ကောင်စီ ၏ ဇွန် ၁၀ ရက်နေ့ထုတ်သတင်းစာများတွင်လည်း ဖော်ပြထားသည်။
ယခု ထူထောင်မည့်ပါတီကို အင်အားကြီး ရခိုင်အမျိုးသားပါတီ(ANP) ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဘရှိန် ဦးဆောင်သည်ဟု သိရသည်။
သူက ၂၀၂၃၊ မတ် ၂၀ ရက်နေ့တွင် ANP ပါတီဆက်လက်တည် ထောင်ခွင့်လျှောက်ထားခဲ့သော်လည်း ၂၀၂၄၊ ဇူလိုင် ၁ ရက်နေ့တွင် ပယ်ချခံရသည်။
၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရခဲ့ သည့် ANP ပါတီသည် ၎င်းတို့ကိုင်စွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိဆိုသည့် အကြောင်းပြချက်ဖြင့် မှတ်ပုံတင်ခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
ယင်းနောက် ဦးဘရှိန်သည် ရခိုင်တိုင်းရင်းသားများပါတီ(RNP) အမည်ဖြင့် ပါတီတည်ထောင်ခွင့်ကို လျှောက်ထားခဲ့ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သည်။
ယင်းပါတီသစ်တွင် ANP အောက်ခြေပါတီဝင်တချို့နှင့် ကျောက်ဖြူ၊ ရန်ကုန်တို့မှ ရခိုင်စီးပွားရေး လုပ်ငန်းရှင်များပါဝင်နိုင်ပြီး ANP ပါတီမှ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်စောဝေ စသည့် ထိပ်ပိုင်းခေါင်းဆောင်များပါဝင်ခြင်းမရှိဟု ANP နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌတွေ၊အခြား CEC တွေ၊ဒေါ်ခင်စောဝေလည်းမပါဘူး။ (ANP) က ၁၈ ယောက်လောက်ပါတယ်လို့ ခန့်မှန်းကြတာရှိတယ်။ အတိအကျတော့ မသိကြဘူး။ ဦးဘရှိန်လည်း အခု တစ်ယောက်ကိုလည်း မဆက်သွယ်သေးဘူး”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက အကြီးအကျယ်ပြင်ဆင်နေသည့် ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ရန် ရခိုင်ပြည်နယ်ကိုယ်စားပြု၍ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင် ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှာ အစောပိုင်းကတည်းက ပါတီတည်ထောင်ခွင့် ရရှိထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့မှာသုံးမြို့သာကျန်တော့သဖြင့် ရွေးကောက်ပွဲ လုပ်မည့်အရေးစိတ်ဝင်စားဖွယ်ဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက ပြောသည်။
“ရွေးကောက်ပွဲဥပဒေမှာတော့ ဘယ်ရာခိုင်နှုန်းပြည့်မှ ရွေးကောက်ပွဲ အထမြောက်တယ်၊ ဘယ်နှစ်မြို့နယ် လုပ်မှ အထမြောက်တယ်လို့တော့ မပါဘူးပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲတစ်ခုဆိုတာ အကုန်လုံးပါဝင်နိုင် တဲ့၊အများစု ပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်။ ဒါမှ ရခိုင်ကို ကိုယ်စားပြုလိမ့်မယ်။ တရားဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။
“ပြီးစလွယ် ဒီမြို့တွေမှာ မဲပုံးထောင်မယ် ၊ တစ်ပြားပဲရရ ငါတို့ နိုင်တယ်ပေါ့။ ဒါမှမဟုတ် အဝေးရောက် ရခိုင်တွေကို မဲပုံးထောင်လိုက်မယ်။ အဲဒါမျိုး လုပ်ရင်တော့ ဟန်ပြ …အပြသက်သက်ရွေးကောက်ပွဲ လုပ်တာဖြစ်တယ်”
လွှတ်တော်သက်တမ်းနှစ်ကြိမ်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုမရှိသောကြောင့် ပြည်သူများ သည် ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှုလျော့နည်းကာ လက်နက်ကိုင်လမ်းစဥ်ဘက်ကို ယုံကြည်လာကြသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။
“အခု လက်နက်ကိုင်တော်လှန်ရေးက အတိုင်းအတာတစ်ခုထိတော့ အောင်မြင်နေပြီ။ ကျန်တဲ့မြို့သုံးမြို့ကို အာရက္ခတပ်တော်(AA)ဘက်က ရရှိရေးအပေါ်မှာ နိုင်ငံရေးက ဘယ်လိုပြောင်းလဲလာမလဲဆိုတာ စိတ်ဝင် စားကြတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့အားပြည့်ဝတယ်။ လွှတ်တော်နိုင်ငံရေးဆိုတာ ပျော့တယ် ။ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကိုယ်လိုချင်တာကို အလှယ်အလဲ လုပ်ဖို့၊ တစ်ဖက်နဲ့ဆွေးနွေးဖို့ အင်အား မရှိဘူး” ဟု ဦးဖေသန်းက ဆက်ပြောသည်။
“ဒါကြောင့် ကျွန်တော်တို့အာရက္ခတပ်တော်ရဲ့ ရခိုင်တစ်ပြည်နယ်လုံးမှာ အာရက္ခတပ်တော်တစ်ခုပဲ ရှိရ မယ် ၊စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရမယ်ဆိုတဲ့အပေါ်မှာ ကျွန်တာ်တို့အင်အားတစ်ခုရရှိလာပြီး တော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်လည်း အဆင်မြင့်မြင့် ဖယ်ဒရေးရှင်း၊လိုအပ်ရင် ကွန်ဖက်ဒရေးရှင်း တို့ကို ရနိုင်လိမ့်မယ်လို့ယူ ဆတယ်။ ဒါမှမဟုတ် လွှတ်တော်နိုင်ငံရေးနဲ့သွားမယ်ဆိုရင် ပြည်သူတွေ နိုးကြားမှု လျော့နည်းသွားပြီးတော့ တော်လှန်ရေးအပေါ်မှာ ထိခိုက်လာနိုင်တယ်ပေါ့။ လွှတ်တော်နိုင်ငံရေး ကို သွားတဲ့ပါတီနဲ့ ULA/AA ကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်”
၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် AA သည် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားသည်၊ စစ်ကောင်စီက ကျောက်ဖြူ၊ စစ်တွေနှင့်မာန်အောင်မြို့တို့ကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်သည်။
သို့သော် စစ်တွေမြို့တွင် ရံဖန်ရံခါတိုက်ပွဲ ဖြစ်ပွားမှုရှိနေကာ ကျောက်ဖြူတွင်လည်းတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)ထံ ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများက ပြန်လည်မှတ်ပုံတင်နေကြရာ ကော်မရှင်က စိစစ်နေသည်။
လူ့ဘောင်သစ်ပါတီ နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ၂၀၂၄ ဩဂုတ် ၅ ရက်နေ့တွင် လည်းကောင်း၊ ချင်းပြည်သူ့ပါတီကိုလည်း မေလ ၁၄ ရက်နေ့ကလည်းကောင်း ကော်မရှင်က ငြင်းပယ်ခဲ့သည်။
အင်အားကြီး အနိုင်ရပါတီများဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကမူ စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။
စစ်ကောင်စီကမူ NLD အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ အာဏာသိမ်းခဲ့သည်။
ယနေ့အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်၊ ကျန်ပါတီများကို မှတ်ပုံတင် ခွင့်ပြုနိုင်ရေး ကော်မရှင်က ဆက်လက်စိစစ်နေသည်ဟု ဇွန် ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယမန်နှစ် ဩဂုတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့သေးသည်။



