မေးမြန်းခန်း

“သားသမီးအတွက် ဆွမ်းကျွေးလေးတောင် မလုပ်ပေးနိုင်တဲ့အနေအထား” 

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာတွင် ယမန်နေ့ (ဇွန် ၅) က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံရွာသားများ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရွာသားသုံးဦးသေဆုံးခဲ့ရာ သားတစ်ဦးဆုံးရှုံးခဲ့သူ လှေဆွဲရွာသားတစ်ဦးကို ယနေ့ (ဇွန် ၆) တွင် Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး − လှေဆွဲရွာမှာ မနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းက ဘာကြောင့်ပါလဲ။

ဖြေ − သူတို့ (စစ်တပ်) မနက် ၄ နာရီမှာ ရွာထဲကို ဝိုင်းစီးနင်းပြီး တစ်အိမ်ဆင်းတစ်အိမ်တက်ရှာတယ်။ ကျွန်တော်တို့ ရှောင်တဲ့သူလည်းရှောင်တယ်။ အဲဒီမှာ ကျွန်တော်တို့ ရွာသားနှစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းသွားတော့ ခါတိုင်းဆိုရင် ကျွန်တော်တို့က သူတို့တွေလာရင် ရွာက ကင်းပုံမှန်စောင့်တဲ့ ကလေးတွေက ရှောင်ပြီး ကင်းပုန်းဝတ်ကြတယ်။ အဲဒီမနက် ကျွန်တော်တို့ရွာက လူနှစ်ယောက်ကို ဖမ်းခေါ်သွားတဲ့အချိန်မှာ သူတို့ကားတွေ ထွက်သွားတဲ့အချိန် ကျွန်တော်တို့ အဖွဲ့တွေ မတ်တတ်ရပ် စကားပြောတဲ့အချိန် ဒလန်သတင်းပေးမှုကြောင့် ကျွန်တော်တို့ကို လာဝိုင်းတယ်။ လာဝိုင်းတဲ့အချိန်မှာ သူတို့က မပြေးနဲ့ဆိုပြီးတော့ ဖမ်းဖို့ဆီးဖို့လုပ်တော့ ပြေးတဲ့သူလည်းပြေးတယ် ဝပ်တဲ့သူလည်းဝပ်တယ်။ 

အဲဒီမှာ သူတို့ကပစ်တော့ သူပစ်ကိုယ်ပစ် ပစ်တယ်။ ပစ်ပေမယ့် ကျွန်တော်တို့မှာက လက်နက်ကောင်းကောင်း ဘာမှမရှိဘူး။ သရေဂွ (လောက်လေးခွ) နဲ့ ဂက်စ်ဂန်းပဲရှိတာ။ အဲဒါနဲ့ပစ်ကြခတ်ကြတယ်ပေါ့ဗျာ။ ကျွန်တော်တို့ကို လာဝိုင်းတာက ဆိုင်ကယ်သုံးစီးနဲ့ခြောက်ယောက်။ နောက် သေနတ်သံတွေကြားတော့ နောက်တစ်ဖက်က ဝင်လာပြီး ကျွန်တော်တို့ကို တိုက်ပစ်တော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ ဆုတ်ရင်းနဲ့ ထိကြတယ်၊ ကျကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဆုတ်ပြီးတော့ ပြေးတယ်။ အခု ကျွန်တော်တို့ ရှောင်နေကြတယ်။ မိသားစုလိုက်ရှောင်နေကြတယ်။ တစ်ရွာလုံးရှောင်နေရတယ်။ ရွာမှာ ကျန်တာက ဒလန်ပဲကျန်တယ်။

မေး − သူတို့ (စစ်ကောင်စီတပ်) ရွာထဲ ဝင်လာတဲ့အကြောင်းရင်းက ဒလန်က သတင်းပေးလို့ဆိုတာမျိုး ကြားရပါတယ် ဟုတ်ပါသလား။

ဖြေ − အဲဒါက ကျွန်တော်တို့ရွာမှာ ရန်ကုန်ကို ငှက်ပျောပို့တဲ့ ကားသမားရှိတယ်။ ဒလန်တစ်ယောက်ရဲ့ သတင်းပေးမှားမှုကြောင့် အဲဒီကားမှာ လက်နက်တွေတင်လာတယ်ဆိုပြီး လာရှာတယ်။ ဒါပေမဲ့ အဲဒီလူက ရိုးရိုးသားသားပဲ။ ကျွန်တော်တို့ရွာမှာ ရပ်မိရပ်ဖ ရွာ့မျက်နှာဖုံးပဲ။ သူသည် ဘယ်ဘက်မှလည်း မနေဘူး အစိမ်း၊ အနီဆိုပြီး သူ့မှာမရှိဘူး။ ရပ်ရေးရွာရေး ဘာသာရေး သာသနာရေး အကုန်လုံးလုပ်တယ်။ အဲဒီလိုလူကို ဆွဲ(ဖမ်း)တဲ့အခါကျတော့ ကျွန်တော်တို့ရွာသားတွေက ကိုယ့်ရွာသားကို ဆွဲရမလားဆိုပြီး မကျေနပ်ကြဘူး။ ဘလိုင်းကြီးလာဆွဲတာလေ။ သူများပြောတိုင်းယုံရအောင် သူတို့က ဦးနှောက်မရှိတဲ့လူတွေမို့လို့လား။ သတင်းကို စိစစ်လေ။ သူတို့လည်း အကုန်လုံးရှာဖွေပြီးသွားပြီ၊ ဘာမှလည်း မတွေ့ဘူးလေ။ အဲဒါကြီးကို ဖမ်းဆီးခေါ်သွားတဲ့အခါ ရွာသားတွေက ဒေါကန်တယ်။ အဲဒီလိုမျိုးနဲ့ အဲဒီဖြစ်စဉ်တွေဖြစ်တာပဲ။

မေး − ပစ်ခတ်မှုမှာ ရွာသားတွေဘက်က ဘယ်နှဦး ကျဆုံးပါသလဲ။

ဖြေ − သားအဖနှစ်ယောက်ရယ်၊ ကျွန်တော့်သားရယ်။ တစ်ရွာလုံးမှာ သုံးယောက်ကျတယ်။ ဒဏ်ရာက နှစ်ယောက်လောက်ရှိတယ်။ နောက်တစ်ဖွဲ့ဝင်လာပြီး တိုက်ပစ်တဲ့အချိန်မှာ ထိတာ။ မနေ့က လမ်းမှာ ဆိုင်ကယ်နဲ့သွားတဲ့တစ်ယောက် ပစ်သတ်ခံရတာလည်းရှိတယ်။ အဲဒါက သူ့ဘာသာသူ သွားရင်းလာရင်းနဲ့ အပစ်ခံရတာ။ အားလုံးပေါင်း လေးယောက်ပေါ့။

မေး − ကျသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကရော ဘယ်လိုလုပ်ပါသလဲ။

ဖြေ − မြို့နယ်ဆေးရုံကို လူနာတင်ယာဉ်နဲ့ အကုန်ယူသွားတယ်။ ရင်ခွဲရုံမှာ သူတို့ထားတယ်။ အခုမနက် ထုတ်ပေးတယ်။ ဒါပေမဲ့ လက်မှတ်ထိုးခိုင်းပြီး မြို့ပေါ်က သုသာန်မှာ မီးသင်္ဂြိုဟ်တယ်။ အဲဒီကိုသွားဖို့ အခွင့်အလမ်းမရှိဘူး။ ကျွန်တော်တို့သွားရင် ကျွန်တော်တို့ကို ဖမ်းမှာ။ အခုလိုအချိန်မှာတော့ ကျွန်​တော်တို့တွေက သားသမီးအတွက် ဆွမ်းကျွေးလေးတောင် မလုပ်ပေးနိုင်တဲ့အနေအထား။

မေး − သူတို့တွေ ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အခါ အင်အားတွေအလုံးအရင်းသုံးတယ်လို့ ပြောကြပါတယ်။ အဲဒီအခြေအနေကို ပြောပြပေးပါလား။

ဖြေ − ဖြစ်နိုင်ခြေရှိတယ်။ နောက်တစ်ဖွဲ့ဝင်လာတာ အင်အားဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မခန့်မှန်းတတ်ဘူး။ ပထမတော့ခြောက်ယောက်။ နောက်တစ်ဖွဲ့ဝင်လာတဲ့အခါ အင်အား တော်တော်များလောက်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တရစပ်ပစ်တဲ့ကျည်က မိုးရွာသလိုဗျ။ ကျွန်တော်တို့မှာက ဘာမှမှမရှိတာ။ ဘာမှမရှိပေမဲ့ ကျွန်တော်တို့က ဒါကို မကျေနပ်လို့ ထလုပ်တဲ့ပုံစံမျိုးပဲရှိတယ်။ အဲဒါကို သူတို့က စစ်ဆင်ရေးပုံစံနဲ့ မည်းမည်းမြင်ရာ အကုန်ပစ်တာ။

မေး − ပစ်ခတ်မှုတွေဖြစ်တော့ ရွာသူရွာသားတွေ ရှောင်တိမ်းရတဲ့အခြေအနေက ဘယ်လိုရှိပါသလဲ။ လက်ရှိ ရွာသူရွာသားတွေ စားသောက်နေထိုင်ရေးကရော ဘယ်လိုရှိပါသလဲ။

ဖြေ − ရွာသားတွေက အဲဒီဖြစ်ပြီဆိုကတည်းက အကုန်ရှောင်ကြတာ။ ရွာက အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ ရွာသူရွာသားတွေက အိမ်မပြန်ဝံ့ဘူး။ နီးစပ်ရာကျေးရွာတွေမှာ ကျေးရွာတွေက အခုလောလောဆယ် ကျွေးထားတာပေါ့။ ဒါပေမဲ့ မိုးရာသီဖြစ်တဲ့အခါကျတော့ နေရေးထိုင်ရေးက ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။

မေး − စစ်ကောင်စီတပ်တွေကရော ရွာမှာရှိနေဆဲပဲလား။

ဖြေ − ရှိနေတယ်ခင်ဗျ။ ရွာနဲ့မနီးမဝေးမှာ တပ်စွဲထားပါတယ်။ ကျွန်တော်တို့ကတော့ ပြန်ချင်တယ်။ လောလောဆယ်တော့ ရှောင်တိမ်းနေရတာပေါ့။

မေး − ရွာသူရွာသားတွေ ရွာပြန်နေနိုင်ဖို့ ဘယ်လိုအ​ခြေအ​နေ လိုအပ်ပါသလဲ။

ဖြေ − ကျွန်တော်တို့က တောင်းဆိုတော့လည်း ဘယ်သူက လာလုပ်ပေးနိုင်မှာလဲဗျာ။ သူတို့ ပြန်ထွက်သွားရင်တော့ ရွာသူရွာသားတွေ ရွာပြန်နေရမှာပေါ့။ သူတို့ ဒီလိုပဲ ဒလန်တွေက သတင်းပေးလိုက် သူတို့ကလာလိုက်၊ ဒလန်တွေက သတင်းပေးလိုက် သူတို့ကလာလိုက်ဆိုရင်တော့ သံသရာဒီလိုပဲရှည်နေမှာပဲ။

မေး − အခုဖြစ်ရပ်အပေါ် ဘာပြောလိုပါသလဲ။

ဖြေ − ပြောချင်တာက အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေက စစ်အာဏာရှင်ကိုမကြိုက်လို့ ဒီလို ကျွန်တော်တို့တွန်းလှန်တယ်။ ဒီသဘောပါပဲ။ ကျွန်တော်က ရွာက ဒလန်တွေကို ပြောချင်တယ်။ ကျွန်တော်တို့ရပ်ရွာကို ကောင်းအောင် မလုပ်နိုင်ရင်နေပါ၊ မဖျက်ဆီးပါနဲ့လို့။

Show More

Related Articles

Back to top button