အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြေပြင်နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေသည့်ဖလမ်းတွင် တိုက်ပွဲပြင်းထန်နေ

ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရေး မြေပြင် နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ချင်းတော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေသည်။

ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရေး မြေပြင်မှ နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ချင်းတော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့က လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။ 

ယခုနှစ်ဧပြီလတွင် လက်လွှတ်ခဲ့ရသည့် ဖလမ်းမြို့ကို ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ်များတွင် စစ်တပ်က ထည့်သွင်းခဲ့ပြီးနောက် မြို့ကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အောက်တိုဘာလ လကုန်ပိုင်းမှစတင်ကာ အင်အားအလုံးအရင်းဖြင့် စစ်တပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ကလေးမြို့တောင်ပိုင်းမှ ကလေး – ဂန့်ဂေါလမ်းအတိုင်းတက်လာကာ ဝေဘူလမှတဆင့် ရှေ့ဆက်လာသည့် စစ်ကြောင်းတစ်ခုနှင့် ကလေးမြို့အနောက်တောင်ပိုင်း ကလေး- တီးတိန်လမ်းအတိုင်းလာသည့် စစ်ကြောင်းသည် သိုင်းငင်းမှတဆင့် ဖလမ်းနယ်ထဲသို့ ဝင်လာပြီး နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်လာသဖြင့် ချင်းညီနောင် (CB)၊ ချင်းလဲန်းကောင်စီ (CC)နှင့် PDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

“ စစ်ကြောင်းနှစ်ခုစလုံးက ဖလမ်းနဲ့ တော်တော်လေးနီးပြီလို့ပြောလို့ရတယ်” ဟု ချင်းအမျိုးသား တော်လှန်ရေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကပြောသည်။ 

ဝေဘူလမှတက်လာသည့် စစ်ကြောင်းသည် ဖလမ်းမြို့ အရှေ့တောင်ဘက်ရှိ ဆွမ်ဟရန်ရွာအနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေကြောင်း ချင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။

“အခုကတိုက်ပွဲကနေ့စဉ်နဲ့အမျှဖြစ်နေတာပေါ့။ မနေ့ကတနေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။တိုက်ပွဲကသိရ သလောက် တော်တော်လေးပြင်းထန်တယ်။ Y 12 တောင်မှ အလုံး ၅၀၊ ၆၀ လောက်ကြဲခဲ့တယ်”ဟု ချင်းအမျိုးသားတပ်မတော် (CNA) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ယမန်နေ့က တိုက်ပွဲအတွင်း စစ်တပ်ကအထိနာခဲ့ပြီး လက်နက် ၃၀ နီးပါး သိမ်းဆည်းရမိသည်။ ယင်းအပြင် စစ်သုံ့ပန်း တစ်ဦးဖမ်းဆီးရမိသလို စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာအထိနာခဲ့ကြောင်း ချင်းတော်လှန် ရေးတပ်များ ကပြောသည်။ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တီးတိန်မြို့နယ်၊ သိုင်းငင်းဘက်မှတဆင့် ထိုးလာသည့် စစ်ကြောင်းသည်လည်း ဖလမ်းမြို့နယ်ထဲရောက်နေ ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများကပြောသည်။

အမှတ် (၂၆၈) ခြေလျင်တပ်ရင်းအခြေစိုက်ခဲ့ရာဖလမ်းမြို့နယ်ကို ချင်းညီနောင်အဖွဲ့က ယမန်နှစ် နိုဝင်ဘာလတွင် ထိုးစစ်ဆင်ခဲ့ပြီး ငါးလအကြာ ဧပြီလတွင် မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်တပ်ကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မြို့ကိုပြန်လည်လက်မလွှတ်ရရေး အတတ်နိုင်ဆုံးကြိုးပမ်းတိုက်ခိုက်နေကြောင်း CNDF ကဆိုသည်။ 

“ကျွန်တော်တို့ သိမ်းပြီးသားမြို့ကိုအတတ်နိုင်ဆုံးကြိုးစားပြီးတော့ ခုခံနေတဲ့အခြေအနေမှာရှိပါတယ်။ အဆုံးထိ ခုခံနိုင်အောင်လည်းကြိုးစားနေပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ ချင်းပြည်နယ်တွင် နယ်မြေထက်ဝက်ကျော်ကိုစစ်တပ်က လက်လွှတ် ထားရပြီး မြို့တော် ဟားခါး၊ တီးတိန်နှင့် ထန်တလန်တွင်သာ စစ်တပ်ကခြေကုပ်ယူထားနိုင်သည်။ ပြည်နယ် မြောက်ပိုင်းတွန်းဇံကို ချင်းလဲန်းကောင်စီက ထိန်းချုပ်ထားပြီး ပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းကို ချင်းညီနောင်ကထိန်းချုပ်၍ ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ပလက်ဝနယ်ကို နယ်မြေထိန်းချုပ်ထားသည်။ 

နယ်မြေအများအပြားဆုံးရှုံးထားသည့် ချင်းပြည်နယ်၏ ပြည်နယ်တောင်ပိုင်းမြို့နယ်၌ ရွေးကောက်ပွဲကျင်းပ နိုင်ခြင်းမရှိဘဲ မြောက်ပိုင်းမှ မြို့နယ်များတွင် ရွေးကောက်ပွဲပြုလုပ်ရန် စစ်တပ်ကလျာထားသည်။

ဒီဇင်ဘာလကုန်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့တော် ဟားခါးနှင့် တီးတိန်တွင် ပြုလုပ်မည်ဖြစ်သည်။ နှစ်ပတ်အကြာ ဇန်နဝါရီလ လလယ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ချင်းပြည်နယ်မှ မြို့နယ်များ မပါဝင်ပေ။ သို့သော်လည်းရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည့် အချက်အလက်များအရ ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်တို့တွင်လည်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည့်အတွက် ထိုမြို့တို့သည် နောက်ဆုံး အသုတ်ဖြစ်သည့် အပိုင်း (၃)တွင် ပါဝင်လာနိုင်ခြေရှိနေသည်။ 

ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့်ရက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေးသော်လည်း အပိုင်းလိုက်ရွေးကောက်ပွဲများကို နှစ်ပတ်ခြားစီဖြင့် ဇန်နဝါရီလကုန် အပြီးသတ် ကျင်းပမည်ဟု စစ်ကော်မရှင်ဘက်ကဆိုထားသည့်အတွက် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အပိုင်း (၃)ကို ကျင်းပဖွယ်ရှိနေသည်။ 

ရွေးကောက်ပွဲအပိုင်း (၁)တွင်ပါဝင်သည့် ဟားခါးမြို့နယ်၌ ဆူခွားမြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခု တွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ကြေညာခဲ့ရာအစိုးရရုံးများအခြေစိုက်ရာ မြို့ပေါ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေဖြစ်သည်။ 

ထို့အတူတီးတိန်မြို့နယ်တွင် ကျေးရွာအုပ်စု ၅၅ ခုတွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ကြေညာလိုက် သည့်အတွက်  တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များတွင်သာ ရွေးကောက်ပွဲလုပ်နိုင်မည်ဖြစ်သည်။ 

ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေထုတ်ပြန်ချက်အရ ထိုမြို့များတွင် မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်သည့် စစ်တပ်၏နယ်မြေစိုးမိုးမှုကို မီးမောင်းထိုးပြနေသည်။ 

ချင်းပြည်နယ်တွင်လွှတ်တော် သုံးရပ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့မှ ကိုယ်စား လှယ်လောင်း ၈၃ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

တီးတိန်မြို့တွင် ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ခိုင်ဖြိုးနှင့် ဇိုမီးအမျိုးသားပါတီမှ စည်းရုံးရေးလှုပ်ရှားမှု အနည်းအကျဉ်းသာရှိကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှသိရသည်။  

“အဲ့ဒီပါတီနှစ်ခုကတော့ တီးတိန်မြို့ပေါ်မှာ အခုတလောလှုပ်ရှာနိင်တယ်။ သူတို့ကလှုပ်ရှားတာက ဗီနိုင်းကပ်တာ လောက်ပဲ။ ဟောပြောပွဲတော့ကြီးကြီးကျယ်ကျယ်မလုပ်နိုင်သေးဘူး။ အဓိကအားဖြင့် ရဲတွေကလုံခြုံရေးယူပေး ပါတယ်”ဟု အထက်ပါ တီးတိန် ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ဟားခါးမြို့ပေါ်တွင်လည်းရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်းမရှိကြောင်း ဆလိုင်းထက်နီကဆိုသည်။  

ဟားခါးမြို့နှင့်မိုင် ၂၀ ကျော်သာဝေးသည့် ထန်တလန်ကို ရွေးကောက်ပွဲကျင်းပမည့်ထဲတွင် စစ်တပ်က ထည့်သွင်းထားသော်လည်း မြို့လုံးကျွတ်စစ်ရှောင်နေရသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ပြီး မြို့ထဲတွင် စစ်တပ်အပြင် တော်လှန်ရေးအင်အားစုများပါနေရာယူထားသည့်အတွက် ထန်တလန်မြို့၌ ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေမရှိကြောင်း ဆလိုင်းထက်နီကသုံးသပ်သည်။

လတ်တလောတွင် ထန်တလန်ဘက်သို့ မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုမရှိသေးသော်လည်း ချင်းတော်လှန်ရေး တပ်များက ဟားခါး နှင့်ထန်တလန်ကြား နယ်မြေစိုးမိုးထားသည့်အတွက် စစ်တပ်ဘက်က ထိုးစစ်ဆင်လာသည် နှင့် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။ 

“ထန်တလန်ကဘယ်လိုမှအလားအလာမရှိပါဘူး။ အဓိက ထန်တလန်မြို့ထဲမှာတော့ အခုထက်ထိ သူတို့ရယ်၊ ကျွန်တော်တို့ရယ် နှစ်ဖွဲ့ကရှိနေတာလေ။ ပြည်သူလူထုက တစ်ယောက်မှမရှိဘူး။ အကုန်လုံး စစ်ဘေးရှောင်ကုန် ကြတယ်။ ထန်တလန်လည်း သူတို့ရွေးကောက်ပွဲ ဘယ်လိုပဲချိန်ချိန် အခုအနေထားထိတော့ သူတို့ရမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။ 

ထို့အပြင် နယ်မြေပြန်လည်ထိန်းချုပ်နိုင်ရေးစစ်တပ်က အပြင်းထန်ကြိုးပမ်းနေသည့် ဖလမ်းမြို့နှင့် လက်ရှိအချိန်ထိ ချင်းလဲန်းကောင်စီကထိန်းချုပ်ထားသည့်  တွန်းဇံမြို့တို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေမရှိကြောင်း ၎င်းကသုံးသပ်သည်။ သို့သော်လည်း ထန်တလန်၊ တွန်းဇံ၊ ဖလမ်းတို့မှ စစ်ဘေးရှောင်များကို ကြိုတင်မဲကောက်ယူပြီး ထည့်ခိုင်းနိုင်သည့်အခြေအနေရှိကြောင်း ဆလိုင်းထက်နီက ဆိုသည်။

“တွန်းဇံမြို့ထဲမြေပြင်မှာတော့ သူတို့လှုပ်ရှားမှုမရှိဘူးပေါ့။ ဒါပေမဲ့သူတို့က မတရားတဲ့ ရွေးကောက်ပွဲ အတု အယောင်ဆိုတော့ တွန်းဇံဒေသခံတွေ ဘယ်ဒေသမှာရောက်နေတာတွေကို ကြိုတင်မဲတွေ ဘာတွေတော့အဲ့ဒီလို လုပ်နေတယ်လို့တော့သိရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။ 

စစ်တပ်က ပြုလုပ်မည့်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။

“ရွေးကောက်ပွဲဆိုတာက စစ်ကော်မရှင်က မြန်မာ့နိုင်ငံရေးမှာတရားဝင်ရပ်တည်နိင်ရေးအတွက် အဲ့ဒီလိုဖန်တီး ပြီးတော့လုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ရဲ့နိုင်ငံရေး ရေရှည်အတွက်တော့အန္တရာယ်ရှိ တယ်။ သူတို့က စစ်ရေးနိုင်ငံရေး ပိုမိုရှုပ်ထွေးသွားမှာကို ဦးတည်သွားမယ့်အနေအထားမှာရှိတယ်။ အဲဒါကြောင့် ဘယ်လိုပဲလုပ်လုပ် ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးဆန့်ကျင်သွားမှာပဲဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် ချင်းပြည်နယ်မှ လူဦးရေ တစ်သိန်းကျော် (၁၀၀,၃၀၀) ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ UNHCR က ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန် ထားသည်။  





Related Articles

Back to top button