အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းထောက် ကေဇွန်နွေး အင်းစိန်တွင် တစ်လကျော်ကြာ တိုက်ပိတ်ခံရ

ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံထားရသည့် Myanmar Now သတင်းထောက် မကေဇွန်နွေး တစ်လကျော်ကြာ တိုက်ပိတ်ခံထားရပြီးနောက် အင်းစိန်ထောင်ရှိ မူလနေထိုင်ရာ အချုပ်ဆောင်သို့ ပြန်ပို့လိုက်ပြီဟု မိသားစုဝင်တစ်ဦးကပြောသည်။

ဧပြီ ၂၈ ရက်မှစ၍ မေလကုန်အထိ တစ်လကျော်ကြာ တိုက်ပိတ်ခံရပြီးနောက် ပြန်ထွက်လာခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များက မကေဇွန်နွေးကို အခြားသူနှင့် မှားယွင်းပြီး တိုက်ပိတ်လိုက်မိခြင်းဖြစ်ကြောင်း ရှေ့နေမှတစ်ဆင့် ပြန်သိခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“သူ့တစ်ယောက်တည်းကို မှားတာ၊ ကျန်တဲ့လူတွေနဲ့ ရောသွားတာတဲ့။ ပြီးတော့ သူက အေးအေးဆေးဆေးနေတာ၊  သူက ဘာမှ အပြစ်မလုပ်ပါဘူးတဲ့။ မှားယွင်းပြီးတော့ ထားလိုက်မိတာပါတဲ့” ဟု ၎င်းက ပြောသည်။

သတင်းယူစဉ် ဖမ်းဆီးခံရသည့် မကေဇွန်နွေး အမှုမှ လွတ်မြောက်ရေးအတွက် များစွာမျှော်လင့်နေကြောင်း အဆိုပါမိသားစုဝင်က ထပ်ပြောသည်။

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မကေဇွန်နွေးမှာ ဧပြီလအတွင်း ဘာသာရေးအစဉ်အလာအရ အစာရှောင် ဥပုသ်စောင့်ရာ ထောင်အာဏာပိုင်တို့က သူ့ကို အစာငတ်ခံဆန္ဒပြရန် လူစုရုံးသည်ဟု စွပ်စွဲကာ ၈ပေx၁၂ပေ အခန်းကျဉ်းတစ်ခုအတွင်း အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိရေးအတွက် အင်းစိန်ထောင်အရာရှိတို့ကို မေးမြန်းလိုသော်လည်း ယနေ့ ဆက်သွယ်၍ မရသေးပေ။

မကေဇွန်နွေးသည် ဖေဖော်ဝါရီ ၂၇ က ရန်ကုန်မြို့ မြေနီကုန်း၌ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ သတင်းယူနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

မကေဇွန်နွေး၏ ကျန်းမာရေး ယခင်ကထက် အနည်းငယ်ပိုကောင်းလာကြောင်း၊ အမှုကို ယနေ့ (ဇွန် ၃) တွင် အင်းစိန်ထောင်တွင်းအထူးတရားရုံး၌ စစ်ဆေးခဲ့ကြောင်း မကေဇွန်နွေး၏ ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

“ဒီနေ့က ရဲသက်သေတစ်ယောက် စစ်တယ်၊ ရဲမှူးကို စစ်ပါတယ်။ ရဲလုပ်ထုံးလုပ်နည်းကိုပဲ ထွက်ဆိုတာပါ။ တိုင်ချက်မှာပါတဲ့ ထွက်ချက်တွေကိုပဲ ထွက်တာပါ။ တိုင်ချက်မှာ ရေးထားတာကတော့ သတင်းရယူခြင်းထက် ဆန္ဒပြလူစုနဲ့ ဆန္ဒပြနေလို့ ဖမ်းတယ်ပေါ့” ဟု မကေဇွန်နွေး၏ ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

အမှုနှင့် ပတ်သက်၍  တရားလိုနှင့် ရဲသက်သေနှစ်ယောက်ကို စစ်ဆေးထားပြီးဖြစ်ကြောင်း ရှေ့နေက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက သတင်းထောက်အများအပြားကို ဖမ်းဆီးခဲ့ပြီး သတင်းဌာန ၈ ခုကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်းခဲ့သည်။

လွတ်မြောက်လာသူအချို့ရှိသော်လည်း သတင်းသမား ၅၁ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button