မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို ပြန်ဝင်လာတဲ့စစ်တပ်က မြို့ပြင်အထိ နယ်ကျော်လာတာကြောင့် ဒီဇင်ဘာလ ၁ရက်နေ့ နေ့လည်ထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မိုးကုတ်မြို့ကို ဦးဆောင်သိမ်းပိုက်ထားတဲ့ တအာင်းတပ် TNLA ဟာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် မြို့ကနေ ဆုတ်ခွာပေးခဲ့ရပြီး၊ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၈ ညနေပိုင်းမှာ အင်အားအလုံးအရင်းနဲ့ မြို့ထဲကို ဝင်ရောက်လာတာပါ။
TNLA ရဲ့ တောင်းဆိုမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်က တပ်တွေဟာ မိုးကုတ်မြို့ကနေ ဆုတ်ခွာပြီး မြို့ပြင်မှာ နေရာယူထားကြပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က မြို့ပြင်အထိ ရှေ့တိုးလာတာကြောင့် နိုဝင်ဘာ ၂၉ကစပြီး မြို့အနောက်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ကြပါတယ်။
ကိုးကန့်တပ် MNDAA နောက်ဆုတ်ပေးလိုက်ရတဲ့ လားရှိုးတုန်းကလို၊ မိုးကုတ်မှာလည်း စစ်တပ်က မြို့ရဲ့ဘယ်နေရာတွေအထိပဲ တပ်စွဲဖို့ သဘောတူညီထားကြတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့ နေ့လည်ပိုင်းမှာတော့ စစ်တပ်က မြို့ပြင်က တောင်ကုန်းတွေပေါ်မှာ တပ်စွဲဖို့ အင်အား ၂၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်နှစ်ကျော်အကြာမှာတော့ တရုတ်ဖိအားကြောင့် မြို့ကို စစ်တပ်လက်ထဲ ပြန်ပေးလိုက်ရတဲ့အခြေအနေထိ ဖြစ်လာတာပါ။
၁၀၂၇ စစ်ဆင်ရေးမှာ TNLA နဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေက မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုကာကွယ်မယ်လို့ ကနဦး ပြောထားပါတယ်။ ဒါပေမယ့် TNLA ရဲ့ တောင်းဆိုမှုကြောင့် မြို့ထဲကို စစ်တပ်ဝင်မလာခင် နိုဝင်ဘာ ၂၇ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက မြို့ပြင်ကို ဆုတ်ခွာခဲ့ရပါတယ်။
ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ဟာ စစ််ရေးနဲ့ ပထဝီအနေအထားအပြင် စီးပွားရေးအရလည်း အရေးပါတဲ့မြို့ ဖြစ်ပါတယ်။
မြတ်ကြီး၊ နေမင်းနီ/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



