
ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကျေးရွာ၌ ယမန်နေ့ (ဇွန် ၁) က ဖြစ်ပွားသည့်တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးကြောင်း DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က ပြောကြားသည်။
သတ်မှတ်နေရာသို့ ဝင်ရောက်မလာရန် တားမြစ်ချက်ကို စစ်ကောင်စီဘက်က လက်မခံ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ဗိုလ်မှူးစောချစ်သူ၏ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များလည်း ပါဝင်ကာ စုစုပေါင်း အင်အား ၃၀၀ ကျော်ရှိသည်ဟု ဗိုလ်မှူးစောကျော်သက်က ပြောသည်။
“စစ်ရေးအခြေအနေက တစ်နေကုန်ပဲ။ အခုထိဖြစ်နေတုန်းပဲ။ ကျွန်တော်တို့အဖွဲ့က ဒီနေ့တစ်နေကုန် တစ်ယောက်မှ မထိဘူး။ စစ်ကောင်စီက ၃၂ ယောက်လောက် ကျသွားပြီလို့ ပြောတယ်” ဟု DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က ယမန်နေ့တွင် Myanmar Now ကို ပြောသည်။
၎င်း၏ပြောကြားချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။
မြဝတီမြို့နယ် ဖလူးတိုက်ပွဲအတွင်း DKBA ခွဲထွက်အဖွဲ့နှင့်အတူ မြဝတီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ကာ အာဏာသိမ်းစစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ဖလူးတိုက်ပွဲကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က “ကျွန်တော်တို့ ကရင်လက်နက်ကိုင်အားလုံးပါတယ်။ ပြီးတော့ BGF အဖွဲ့လည်းပါတယ်။ နောက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်လည်းပါတယ်။ စုဖွဲ့မှုက ကျွန်တော်တို့ညီညွတ်မှုကို တည်ဆောက်ပြီးတော့ ညီညွတ်ရေးပြတာပေါ့” ဟု ပြောသည်။
ကရင်လက်နက်ကိုင်အဖွဲ့များဟုဆိုရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ပါဝင်ခြင်းရှိမရှိ မေးမြန်းရာ ဗိုလ်မှူးစောကျော်သက်က ကရင်လက်နက်ကိုင်အားလုံးပါဝင်သည်ဟု ပြောသည်။
ဖလူးတိုက်ပွဲနှင့် ပတ်သက်၍ KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားရာ၌ စစ်မြေပြင်သတင်းပေးပို့ချက်များအရ ဖလူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး၊ စစ်ကောင်စီဘက်တော်သား BGF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ကရင့်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ဖလူးဒေသအတွင်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း၊ ရန်သူ ၃၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း မြဝတီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယမန်နေ့ပိုင်း၌ပင် သတင်းထုတ်ပြန်ခဲ့သည်။
မေလ ၃၁ ရက်က ဝေါလေမြို့နယ်စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ရာမှ ယမန်နေ့တွင် ဖလူးရွာအနီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း ခွဲထွက် DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က ပြောသည်။
စစ်ကောင်စီဘက်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြဝတီမြို့နယ်အတွင်း ဖလူးတိုက်ပွဲကြောင့် သောင်ရင်းမြစ်ကို ခြေလျင်ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၆၀၀ ခန့်ရှိပြီး ထိုင်းဘက်ခြမ်းရှိ နွားမွေးမြူရေးခြံတွင် ခိုလှုံနေရကြောင်း ကရင်ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ရက်စက်စွာသတ်ဖြတ်မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်မဟာတချို့သည် စစ်ကောင်စီ၏ စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေသကဲ့သို့ မြန်မာပြည်အနှံ့ရှိ လူငယ်လူရွယ်တို့သည် ရရာလက်နက်စွဲကိုင်လျက် စစ်ကောင်စီအဖွဲ့များအား ပြောက်ကျားစစ်သဖွယ် တိုက်ခိုက်နေကြပြီဖြစ်သည်။