
ကရင်ပြည်နယ် မြဝတီနှင့် ဖာပွန်မြို့နယ်တို့တွင် ယနေ့ (ဇွန် ၁) ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ Thoolei သတင်းဌာနက ထုတ်ပြန်သည်။
မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် စစ်ကောင်စီဘက်တော်သား နယ်ခြားစောင့်တပ် (BGF) နှင့် DKBA (တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော်) ခွဲထွက်အဖွဲ့တို့ ယနေ့ မွန်းလွဲ ၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF နှင့်ပါလာသည့် စစ်တပ်မှ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
မြဝတီ ဖလူးဒေသတွင် ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့မှ ၃၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများအနက် ၂၉ ဦးမှာ အာဏာသိမ်းစစ်ကောင်စီတပ်မှဖြစ်ကြောင်း KNU တပ်မဟာ (၆) က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗိုလ်ချုပ်ကြီး စောကျော်သက်ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့နှင့် ဗိုလ်မုတ်သုန် ဦးစီးသော BGF တပ်ရင်း ၁၀၂၂ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရခြင်းမှာ DKBA ခွဲထွက်အဖွဲ့က ဝေါလေမြိုင်မြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားခြင်းနှင့် ဆက်စပ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ကိုကျော်သက်တို့အဖွဲ့က ရဲမှူးကို ဖမ်းသွားတာပေါ့။ နောက်ဆက်တွဲက သူတို့ (BGF) ဘက်က ဒီမနက် တက်လာတော့ တိုက်ပွဲဖြစ်တာပေါ့။ နေ့လယ် ၁ နာရီလောက်ကဖြစ်တာ အခုဖြစ်နေတုန်းပဲ” ဟု အဆိုပါဒေသခံက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ BGF ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် DKBA ခွဲထွက်အဖွဲ့နှင့် သွားရောက်ပူးပေါင်းမှုများရှိနေပြီး တိုက်ပွဲကြောင့် အနီးအနားရွာများမှ ဒေသခံများ စစ်ရှောင်နေရပြီး ဖလူး – ကျောက်ခက် – ဝေါ်လေလမ်းကို ပိတ်ထားသည်။
DKBA ခွဲထွက်အဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသသည် KNU တပ်မဟာ(၆) နယ်မြေတွင်ဖြစ်ပြီး BGF တပ်များ နယ်မြေကျော်လွန်ဝင်ရောက်လာပါက KNU ဖြင့်ပါ တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား ဖြစ်ပွားသော တိုက်ပွဲများတွင် နယ်ခြားစောင့်တပ်က စစ်ကောင်စီဘက်မှ ကူတိုက်ပေးလျက်ရှိသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) အတွင်းရှိ ကူးဆိပ်နှင့် မထောရွာကြားတွင်လည်း ယနေ့နံနက်ပိုင်းက KNLA တပ်မဟာ ၅ နှင့် စစ်တပ်တို့ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကြောင်း KNU က ထုတ်ပြန်သည်။
တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။
မြဝတီတွင် နယ်ခြားစောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် DKBA ခွဲထွက်အဖွဲ့သည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်း ဒေသခံတချို့က ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် DKBA ခွဲထွက်အဖွဲ့ဝင် ၁၃ ဦးက ၂၀၂၀ ဇူလိုင်လအတွင်း စစ်တပ်ထံ လက်နက်ချအလင်းဝင်ခဲ့သော်လည်း ဗိုလ်ကျော်သက် ဦးဆောင်သည့် ခွဲထွက်အဖွဲ့က ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။