အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ရွှေမျှောလုပ်ကွက်များကို ရက်ပိုင်းအတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်

ရွှေမျှောဖောင် လုပ်ကွက်များကို တိုက်ခိုက်ခြင်းသည် တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်းကြောင်းကို စစ်ကော်မရှင်က ဖြတ်တောက်လိုခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ယူဆကြသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ပေါ်ရှိ ရွှေမျှောလုပ်ကွက်ကို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ဒုတိယအကြိမ်လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မင်းကင်းမြို့ တောင်ဘက် ချင်းတွင်းမြစ်ရိုးအထက်ဘက် မြောက်ချွန်းရွာရှိ ရွှေမျှောလုပ်ကွက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်သည် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ချင်းတွင်းမြစ်ရိုး အောက်ဘက်ရှိ လောင်းပြည့်ရွာ ရွှေမျှောလုပ်ကွက်များကို ပထမအကြိမ် တိုက်ခိုက်ခဲ့သေးသည်။

“မြောက်ချွန်းကို ဒီနေ့ ၉ နာရီ ၁၄ မိနစ်၊ ၂၁ မိနစ်ရယ်၊ ၂၆ မိနစ်ရယ် သုံးကြိမ်လေကြောင်းတိုက်ခိုက်မှု လုပ်သွား၊ ကြဲတာကတော့ ရွှေမျှောကိုပဲ ဦးတည်ကြဲတာပါ။ စက်လက်တွေနဲ့ ပစ်တဲ့အခါ (လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခြင်း) ကြတော့ ဒေသပတ်ဝန်းကျင် အနီးအနားတစ်ဝိုက်

တွေတော့ ထိတာလည်းရှိတာပေါ့”ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးဒဏ်ရာရ၊ ပျက်စီးမှုအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြောက်ချွန်းရွာရွှေမျှောသည် ယမန်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ရွှေမျှောဖောင် ၂၀၀ နီးပါးရှိကာ ယခုနှစ်တွင် ရွှေမျှော လုပ်ငန်း စတင်သည်မှာ ရက်ပိုင်းခန့်သာ ရှိသေးကြောင်း ဒေသခံများထံက သိရသည်။

မြောက်ချွန်းရွာရွှေမျှောလုပ်ကွက်များ တိုက်ခိုက်ခံရသည့်အပြင် မြစ်တစ်ဖက်ကမ်းရှိ ရွာဘရွာရှိ  ရွှေမျှောလုပ်ကွက်များလည်း တိုက်ခိုက်ခံရသည်ဟုလည်း မင်းကင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

“ဗုံးတင်မကဘူး စက်သေနတ်ပါပစ်တာ။ ရွာဘရွာနဲ့ မြောက်ချွန်းက ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့။ အခုလေးတင် (ရွှေမျှောဖောင်) ၆၀၊ ၇၀ လောက်ကို ရှိတယ်။ ရာချီအောင်တော့ မရှိသေးဘူး။ မနှစ်ကတော့ တွက်လို့ကို မရဘူးနော်များတယ်။ အထက်ကမျှောစုနဲ့ မြောက်ချွန်းနဲ့ ရွာဘနဲ့ဆက်သွားတာ”ဟု အထက်ပါ ဒေသခံက ပြောသည်။

ရွှေမျှောဖောင်များသည် မြစ်ကြမ်းပြင်ရှိ သဲ၊ကျောက်စသည့် အနည်များကို စက်ဖြင့်စုပ်ယူပြီး ပါလာသည့်အရာများကို ပြန်စစ်၍ ရွှေရွေး၊ ရွှေကျင်ယူသည့် လုပ်ငန်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးပေါ်ရှိ လောင်းပြည့်ရွှေမျောကို စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ (ဓာတ်ပုံ – မင်းကင်းနွေဦးတော်လှန်ရေး)

ရွှေမျှောလုပ်ကွက်များရှိရာသို့ တိုက်ခိုက်ခြင်းသည် တော်လှန်ရေးတပ်များ ဝင်ငွေရမည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းဖြစ်ပြီး ရွှေမျှောလုပ်ကိုင်မှု ရပ်ထားရသည်ဟု မင်းကင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကဆိုသည်။ 

“စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေရဲ့ ဝင်ငွေရမယ့်နေရာတွေကို ဖြတ်တောက်တဲ့အပိုင်းပေါ့။ လောင်းပြည့် ရွှေမျှောကတော့ ရပ်နားထားတယ်။ တချို့ရွှေမျှောသားတွေ၊ ရွှေမျှောလုပ်ငန်းသား တွေကတော့ တချို့နေရပ် ပြန်ကြတာတွေရှိတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့သူတွေကလည်း ဘေးလွတ်ရာ ရှောင်နေကြတဲ့သူတွေ လည်းရှိတယ်”ဟု ၎င်းကဆိုသည်။ 

ချင်းတွင်းမြစ်ကြောတစ်လျှောက် ဟုမ္မလင်း၊ ရွှေပြည်အေး၊ မင်းကင်းမြို့ နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ် ဆည်တို့တွင် လုပ်ကိုင်နေသည့်ရွှေမျှောလုပ်ငန်းများကို ရှင်းပစ်ရန် စစ်ကော်မရှင်ကို ထောက်ခံသူများက တယ်လီဂရမ်အကောင့်များတွင် လှုံ့ဆော်နေသည်။

Related Articles

Back to top button