အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာပြည်သားများ ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အခြေအနေကောင်းပြီဖြစ်သောကြောင့် မြန်မာပြည်သားတို့နေရပ်ပြန်ရန် အမိမြေလုံခြုံရေးဌာနက ကြေညာသည်၊ နိုင်ငံခြားရေးဌာနကမူ အခြေအနေ ဆိုးရွားဆဲဟု ဆိုသည်။

လုံခြုံရေးအရ နေရပ်မပြန်နိုင်သေးသည့် မြန်မာပြည်သားများ အမေရိကန်ပြည်ထောင်စုတွင် ယာယီနေထိုင်ခွင့်ကို ပယ်ဖျက်ရုပ်သိမ်းရန် စီစဉ်နေကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

Temporary Protected Status – TPS ဟု ခေါ်သည့် ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုသည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ရန်ကြောင့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် မလုံခြုံသည့်အတွက် နေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး ထိုနေထိုင်ခွင့်ကို ပြီးခဲ့သည့် ၅ နှစ်အတွင်း အကြိမ်ကြိမ် သက်တမ်းတိုးပေးထားသည်။

အမိမြေလုံခြုံရေး ဝန်ကြီးဌာန (Department of Homeland Security – DHS) ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအခြေအနေ အတန်အသင့် တိုးတက်လာပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်နိုင်ပြီဟု ၎င်းတို့၏ဝန်ကြီးက ပြောကြောင်း ဖော်ပြထားသည်။

“မြန်မာပြည်မှာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးပိုင်း တိုးတက်လာတယ်၊ ပြီးတော့… အရေးပေါ်အခြေအနေ ရုပ်သိမ်းတယ် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်၊ အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရှိတယ်၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်း တိုးတက်လာတယ်” ဟု ဝန်ကြီး Kristi Noem က ပြောဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးထားသည်။

မြန်မာပြည်သားများကို ယာယီဆက်လက်နေထိုင်ခွင့်ပြုခြင်းသည် အမေရိကန်အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည်ဟုလည်း ဝန်ကြီးက ယူဆသည်။

ဝန်ကြီးက မြန်မာပြည်အခြေအနေသည် လုံခြုံရေးအရ နေထိုင်ခွင့် ဆက်ပေးမည့် အစီအစဉ်နဲ့ မကိုက်ညီတော့ကြောင်းကို အခြားဌာနများနှင့် တိုင်ပင်ပြီး ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံခြားရေးဌာနနှင့်လည်း တိုင်ပင်ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း နိုင်ငံခြားရေးဌာန၏ အွန်လိုင်းစာမျက်နှာတွင် အမေရိကန်နိုင်ငံသားများ မြန်မာပြည်သို့ သွားရောက်လည်ပတ်ခြင်း မပြုရန် ဆက်လက် အကြံပေးထားသည်။

“တိုက်ပွဲ၊ ဖြစ်လာဖွယ်ရှိသည့်လူထုအုံကြွမှု၊ ဒေသန္တရဥပဒေနှင့်အမိန့်များ၊ မပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းများ၊ ရာဇဝတ်မှုနှင့် မှားယွင်းဖမ်းဆီးခြင်းတို့ ရှိနေသည့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်” နိုင်ငံခြားရေးဌာန၏ မေလလယ်ပိုင်း အနီရောင် နံပါတ်လေးအဆင့် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဒေါ်နယ်ထရမ့် သမ္မတ ပြန်ဖြစ်လာသောအခါ သူ၏ သစ္စာရှိနောက်လိုက်များကို နေရာကောင်းများပေးခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သူ Kristi Noem သည် အမိမြေလုံခြုံရေး ဝန်ကြီးဌာန၏ အကြီးအကဲ ဖြစ်လာသည်။

သမ္မတနှင့် သူ၏နောက်လိုက်များက ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုတွင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို လျှော့ချမှု၊ ပြည်ပမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူအများအပြားကို နေရပ်ပြန်စေမှုများအတွက် ကြိုးပမ်းဆောင်ရွက်ထားသည်ကို တွေ့ရသည်။

လက်ရှိထုတ်ပြန်ချက်ကြောင့် မြန်မာပြည်မှ လာရောက်ပြီး TPS အကာအကွယ်နှင့် ယာယီနေထိုင်သူ ၄,၀၀၀ ခန့်အပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း CBS သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခင်ကလည်း အာဖဂန်နစ္စတန်၊ ကင်မရွန်၊ ဟေတီ၊ ဟွန်ဒူးရပ်၊ နီပေါ၊ နိုက်ဂါရာဂွာ၊ ဆီးရီးယား၊ ဆူဒန်၊ ဗင်နီဇွဲလားမှ လာသူများကို TPS အကာအကွယ် ရုပ်သိမ်းလိုက်ပြီး ဖမ်းဆီး၊ နှင်ထုတ်ခဲ့ပြီးဖြစ်သည်ဟု သတင်းက ဆိုသည်။

TPS အကာအကွယ်နှင့် ယာယီနေထိုင်သူ မြန်မာပြည်သားများထဲတွင် အများအပြားမှာ ကျောင်းသားများ ဖြစ်ကြသည်၊ အများစုက အမေရိကန်တွင် ခိုလှုံခွင့် လျှောက်ထားကြသည်ဟု သိရသည်။

ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုမှာ အသက်ဝင်ရန် ရက်ပေါင်း ၆၀ ကျန်ရှိနေသည်။ ထိုကာလအတွင်း နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဆက်လက်နေထိုင်ခွင့်ရရေး ကြိုးပမ်းနိုင်သည်။

ထိုသို့မဟုတ်ပါက အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာရန် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခြင်း၊ ဖမ်းဆီးနှင်ထုတ်ခံရခြင်း စသည့် အခြေအနေတို့ကို ရင်ဆိုင်ရနိုင်သည်။

မြန်မာနိုင်ငံတွင်မှု အာဏာသိမ်းတပ်နှင့် ၎င်းတို့၏လက်ပါးစေ အဖွဲ့များ၏ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများမှာ နေရာအနှံ့တွင် ပေါ်ပေါက်ဆဲဖြစ်ကြောင်း တွေ့ရသည်။

Related Articles

Back to top button