စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်လှစ် ထားသည့် ဆေးရုံတစ်ခုနှင့် အချုပ်ဆောင်တစ်ခုကို ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) က ဗုံးကြဲခဲ့ရာ နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ များပြားသည်ဟု ဒေသခံများထံက သိရသည်။
ဗန်းမောက်မြို့၏ တောင်ဘက် ဆေးရုံနှင့် မြို့တွင်းရှိ အချုပ်ဆောင်တစ်ခုကို ညနေ ၄ နာရီခန့်တွင် လေယာဉ်တစ်စီးက ဗုံးတစ်လုံးစီ ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆေးရုံအဆောက်အအုံ တည့်တည့် ထိမှန်ခဲ့ပြီး လုပ်အားပေး ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆေးရုံကို တစ်လုံးကြဲတယ်၊ A1 ကုန်းလို့ခေါ်တဲ့ အချုပ်သားတွေထားတဲ့ကုန်းပေါ့နော်။ အဲဒီကုန်းကို တစ်လုံး ကြဲတယ်။ ဆေးရုံကို ကြဲတော့ ဆေးရုံဝန်ထမ်းပေါ့နော်။ ကျန်းမာရေး ဗော်လန်တီယာ ဆရာနဲ့ ဆရာမ နှစ်ယောက်ပေါ့ ဆုံးသွားတယ်” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။
သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရသူများ၏ အမည်၊ အသက် စသည့် အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်သည့်အတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ဆေးရုံအပြင် အချုပ်ဆောင်ဗုံးကြဲခံရမှုတွင်လည်း အချုပ်သားများ ဒဏ်ရာရမှုများရှိပြီး အသေးစိတ် မသိရသေးကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
ဆေးရုံနေရာနှင့် အချုပ်ဆောင်ရှိသည့် နေရာအတိအကျကို ဗုံးတစ်လုံးစီ ကြဲချခဲ့ခြင်း ဖြစ်သည့်အတွက် သတင်းအတိအကျရထားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များက သုံးသပ်ကြ သည်။
ယနေ့နံနက်တွင် အဆိုပါသတင်းပေးကို ဖမ်းမိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြု နိုင်သေးကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ ဗန်းမောက်ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။
“သတင်းအတိအကျရလို့လာကြဲတဲ့ သဘောပဲ၊ အဲဒီသတင်းပေးကိုလည်း မိပြီပြောတယ်။ ဒီဘက်မှာက သူ့လူကိုယ့်ဘက်သားတွေလည်းအများကြီးပဲ ဘာမှတော့ အတိအကျပြောလို့မရသေးဘူး”
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အရ စစ်တပ်က ဆေးရုံဆေးခန်းများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအား ယခုနှစ် ၂၀၂၅ ခုနှစ်တွင် တိုးမြှင့်ပြုလုပ်နေသည်။
အထူးသဖြင့် စစ်ကိုင်းငလျင်အပြီး လေကြောင်း တိုက်ခိုက်မှု ပိုမိုများပြားလာခဲ့ပြီး ဧပြီလမှ ဇူလိုင်လ အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်နီ စသည်တို့မှ ဆေးရုံဆေးခန်းများကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ရှိခဲ့သည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းကလည်း ကန့်ဘလူမြို့နယ် ချာဂျင်ဆေးရုံအား လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စက်တပ်လေထီးဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှ ဝင်းမနားတိုက်နယ်ဆေးရုံ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာခုနစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။
စက်တင်ဘာလ ၂ ရက်နေက ဘုတလင်မြို့နယ်တွင်ခွဲစိတ်ကုသမှုများပါ လုပ်ဆောင်ပေးခဲ့သည့် ပရဟိတဆေးရုံ တစ်ခု မီးရှို့ဖျက်ဆီးခံရသလို မန္တလေးမြို့၏မြောက်ဘက် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် အကြားရှိ “မေတ္တာနန္ဒ”ဆေးရုံ ကို ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရရာ မီးနေသည်အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၂ ဦး ထိခိုက်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် လူစည်ကားသည့် ကျည်တောက်ပေါက်ကျေးရွာရှိ တိုက်နယ်ဆေးရုံ ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ခန့်တွင် ဗုံးကြဲခံရသဖြင့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားသည်။
စစ်ရေးပြင်းထန်နေသည့် ဗန်းမောက်
ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး မြို့အနောက်ဘက်တွင် မိုင်အနည်းငယ်အကွာတွင် စစ်တပ်၊ ရှမ်းနီအမျိုးသားများတပ်(SNA)တို့နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် ဗန်းမောက်အနောက်ဘက်ဒေသများသာမက ဗန်းမောက်မြို့ပေါ်နှင့် NUG တပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်အရှေ့ဘက် ကျေးရွာများကိုပါ ဗုံးကြဲနေသည်။
လက်ရှိတွင် ဗန်းမောက်မြို့ကို NUG လက်အောက်ခံတပ်များက ဆက်ထိန်းချုပ်ထားပြီး မြို့အနောက်ဘက်တွင် စစ်တပ်၊ SNA တပ်များနှင့် တိုက်ပွဲပြင်းထန်နေသည်။
တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗန်းမောက်မြို့အနောက်ဘက်နှင့် မြို့အရှေ့ဘက်မှ ကျေးရွာပေါင်း ၂၀ နီးပါးနှင့် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်မှ ဒေသခံများများ တိမ်းရှောင်နေရသည်။
ဗန်းမောက်စစ်ရှောင် ၂၀၀၀ ကျော်ခန့်ကို ဗန်းမောက်မြို့အရှေ့ဘက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထား သည့် ကျေးရွာများတွင် ပြန်လည်နေရာချထားပေးပြီး လိုအပ်သည်များကို ကူညီထားသည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံက သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ဗန်းမောက်တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း မြို့ ပေါ်တွင် နေထိုင်သူမှာ ၅၀၀၀ ခန့်သာရှိပြီး မြို့နေလူဦးရေ၏ ထက်ဝက်ကျော်သည် မြို့သိမ်းတိုက်ပွဲသတင်း များကြောင့် အခြားဒေသများသို့ တိမ်းရှောင်နေကြသည်။
NUG က စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေးနှင့် ဗန်းမောက်မြို့များကို သိမ်းပိုက်ထားနိုင်သည်။




