မန္တလေးမြို့၏မြောက်ဘက် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အကြားရှိ “မေတ္တာနန္ဒ”ဆေးရုံ ကို စစ်တပ်က ယမန်နေ့ (ဇွန်လ ၂၂ရက်) ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရာ မီးနေသည်အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၂ ဦး ထိခိုက်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးရင်းမြစ်များက ပြောသည်။
ဗုံးသည် ဆေးရုံ၏သွားဖွားဆောင်ကို ထိမှန်ခဲ့ကြောင်း၊ အဆိုပါနေရာတွင် ရှိနေသော မီးဖွားပြီး နှစ်ရက်သာရှိသေးသည့် အသက် ၃၀ အရွယ်မိခင်သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Myanmar Nowကိုပြောသည်။
ယခုတိုက်ခိုက်ခံရသည့် ဆေးရုံသည် နိုင်ငံတွင်းထင်ရှားသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ကမကထပြုကာ တည်ဆောက်လှူဒါန်းထားသည့် ဆေးရုံဖြစ်ပြီး “မေတ္တာနန္ဒ”ဆေးရုံ ဟု အမည်ပေးထားသည်။
“ဒီဆေးရုံက ပါချုပ်ဆရာတော်ကြီး လှူခဲ့တဲ့ဆေးရုံပါ။ အဓိကက ပြည်သူတွေဆေးကုသမှု လုပ်နေတဲ့ဆေးရုံမို့ကြဲတာ သူတို့က အဓိကဆေးရုံတို့ စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ စစ်ရှောင်စခန်းတို့ကိုကြဲနေတာ” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒဏ်ရာရရှိသူ ၁၂ ဦးထဲမှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည်လည်း အသက်အန္တရာယ်စိုးရိမ်ရပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံရှိ သားဖွားမီးယပ်ဆောင် အပါအဝင် အဆောက်အအုံ သုံးလုံးလည်း ပျက်စီးခဲ့သည်ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါဆေးရုံသည် ဆေးကုသခ နည်းပါးသည့် ဆေးရုံဖြစ်ပြီး စဉ်းကူးမြို့နေ နွမ်းပါးသူများ ကျန်းမာရေးအတွက် အားကိုးနေရသည့် ဆေးရုံဖြစ်သည်ဟုလည်း စဉ့်ကူးမြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
အဆိုပါမေတ္တာနန္ဒဆေးရုံသည် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ကမကထပြုကာ ၂၀၁၆ခုနှစ်က တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းအသွားအလာများ ပိတ်ဆို့ထားချိန် စဉ့်ကူးဒေသခံများ အလွန်အားထားနေရသည့် ဆေးရုံဖြစ်သည်ဟုလည်း အထက်ပါဒေသခံအမျိုးသမီးကပြောသည်။
စဉ့်ကူးမြို့ အခြေနေ
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် ၅၄ မိုင် အကွာရှိ စဉ့်ကူးမြို့ကို ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၇ရက်နေ့တွင် မန္တလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ MDY-PDFက သိမ်းပိုက်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ မြို့တစ်မြို့ MDY-PDFလက်အောက်သို့ ကျရောက်သွားသည့်အတွက် စစ်ကောင်စီကလည်း မြို့ကိုပြန်လည်ရရှိရန် ထိုနှစ်ဇူလိုင်လကုန်ပိုင်းမှစကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အရေးမလှခဲ့ပေ။
ထို့နောက် စဉ့်ကူးမြို့အား လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဆိုသလို ပြုလုပ်လာခဲ့ပြီး ယခုနှစ်ပိုင်းတွင် ပိုမို၍အရှိန်မြှင့်လာသည်။ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှ “မိုးမြင့်ကြယ်”ဆန်စက်ဗုံးကြဲခံရပြီး ထိုဆန်စက်ရှိ အလုပ်သမား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဇွန် ၁၇ ရက်တွင်လည်း စဉ့်ကူးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခရိုင်ရုံး ဗုံးကြဲခံရပြီး အချုပ်သားလေးဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Myanmar Now၏ သတင်းရင်းမြစ်များထံမှသိရသည်။
“စဉ့်ကူးကို ဘာလို့မဲနေတာလည်းဆိုတော့ မန္လေးတိုင်းမှာပထမဆုံး အသိမ်းခံလိုက်ရလို့ စစ်ကောင်စီကမကျေနပ်တာ။ မြို့တစ်ဝက်က ဗုံးဒဏ်ကြောင့် ပြာဖြစ်နေပြီ မြို့ပျက်ကြီးဖြစ်နေပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။
စဉ့်ကူးမြို့ခံအများအပြားသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်နေကြရပြီး လက်လုပ်လက်စားများဖြစ်သည့်အတွက် စားဝတ်နေရေး အဆင်မပြေကြဟုလည်း အထက်ပါ ဒေသခံက ပြောသည်။
“ကုန်စည်စီးဆင်းမှုကတော့ လမ်းပန်းခက်ခဲလို့ရယ် အခွန်တွေများမှုရယ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်တယ် နင်းပြားတွေကတော့ ဘာမှအဆင်မပြေပါဘူး”ဟု ဆက်ပြောသည်။
စဉ့်ကူးမြို့၏မြောက်ဘက် ကပ်လျှက်တည်ရှိသော မတ္တရာမြို့နယ်ကိုလည်း စစ်ကောင်စီလေတပ်က ယမန်နေ့ ဇွန်၂၂ က လေယာဉ်နှစ်စီးဖြင့် တနေကုန်နီးပါး ဗုံးအလုံးရေ ၅၀ ကျော်ကြဲချခဲ့သည်ဟု မတ္တရာဒေသခံများက ပြောသည်။ ထိုတိုက်ခိုက်မှုတွင် ထိခိုက်မှုများအတွက် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
မတ္တရာမြို့နယ်၏ မြောက်ဘက်ခြောက်မိုင်အကွာ မန္တလေးမြို့၏တောင်ဘက် ၁၈မိုင်အကွာ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးတွင်လည်း ဇွန်လဆန်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်။



