မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း စစ်ရေးတာဝန်ခံဟောင်းလည်းဖြစ်၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဒုတိယစစ်ဦးချုပ်လည်းဖြစ်သူ ရဲဘော်သံချောင်း(ခ) ဗိုလ်ချုပ် စဝ်ခွန်ကျော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်သူမှာ တပ်ဖွဲ့ဝင်မဟုတ်ဟု SNA က ယနေ့ မေ ၂၉ တွင် ပြောသည်။
SNA ဌာနချုပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသူကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
“ပစ်တဲ့သူက အခုမှ ဝင်လာတဲ့သူဖြစ်ပါတယ်။ ရဲဘော်တောင်မဖြစ်သေးဘူး။ သူရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဆက်စပ်ဖော်ထုတ်စရာရှိတဲ့အတွက် သူနဲ့ပတ်သက်ပြီး ပြောလို့မရသေးပါဘူး”ဟု SNA ဒုတိယဗိုလ်မှူးကြီး ဆေစိုင်းထွန်းက Myanmar Now ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် စသည့် ရှမ်းနီတိုင်းရင်းသားတို့နေထိုင်သော ဒေသများတွင် လှုပ်ရှားသည့် SNA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် အသက် ၅၆နှစ်အရွယ် ရဲဘော်သံချောင်းမှာ မေ ၂၆ နေ့လယ်ပိုင်းက လုပ်ကြံခံရခြင်း ဖြစ်သည်။
ဘယ်ဘက်လက်မောင်း၊ ချက်အထက်နှင့် အောက်တို့တွင် ကျည်ဆန်သုံးချက်ထိမှန်ခံရကာ အဆိုပါဒဏ်ရာဖြင့် နောက်တစ်နေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း ဒုတိယဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
ရဲဘော်သံချောင်းသည် ၁၉၉၁ – ၁၉၉၂ တွင် ABSDF အခြေစိုက်ဒေသတစ်ခုဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၌ အဓိကတာဝန်ရှိသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သူများက အခိုင်အမာပြောကြားထားသည်။
သူသေဆုံးပြီးတစ်ရက်အကြာတွင် အာဏာသိမ်းစစ်ကောင်စီက ထိုဖြစ်စဉ်အကြောင်း ၎င်းတို့ချုပ်ကိုင်ထားသည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် “ယုံကြည်ချက်အတွက် တောခိုရင်း လူမသိသူမသိ အသက်ပေးလိုက်သူများ၏ အတိတ်သမိုင်း သို့မဟုတ် ပါဂျောင်ငရဲခန်း’ခေါင်းစဉ်ဖြင့် မေ ၂၈ရက်မှစ၍ အပိုင်းလိုက်ဖော်ပြနေသည်။
ယခုရက်ပိုင်းအတွင်း တော်လှန်ရေးဆိုသည့် အကြောင်းပြ၍ တောခိုခြင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းခြင်းတို့ကို လူငယ်များပြုလုပ်နေသည်ကို မြင်တွေ့နေရကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးဟူသော စည်းရုံးမှုများအောက်တွင် လူငယ်များလမ်းမှားမရောက်သင့်ကြောင်း အစချီကာ စစ်ကောင်စီက ဝါဒဖြန့်နေခြင်းဖြစ်သည်။
ထိုဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသော်လည်း အသက်မသေဘဲ ကျန်ရစ်သူတစ်ဦးဖြစ်သည့် ABSDF အဖွဲ့ဝင်ဟောင်း နန်းအောင်ထွေးကြည်ကမူ ရဲဘော်သံချောင်းလုပ်ကြံခံရခြင်းကို စစ်ကောင်စီက အမြတ်ထုတ်နေသည်ဟု မှတ်ချက်ပြုသည်။
“ကလေးတွေကို အကြံပေးချင်တာကတော့ အဓိကကတော့ သွေးမကွဲဖို့ ပြောချင်တယ်။ အယူအဆမတူရင် (အဖွဲ့အတွင်း)လက်နက်နဲ့ မဖြေရှင်းကြဖို့၊ နောက်တစ်ခုက ကိုယ်ရဲ့ ဘုံရန်သူက ဘာလဲ၊ အာဏာသိမ်းစစ်တပ်က ကိုယ့်ရဲ့ဘုံရန်သူပဲ။ အယူအဆကွဲရင်လည်း ကိုယ့်ရဲ့ ဘုံရန်သူကို တိုက်ခိုက်ပါ” ဟု နန်းအောင်ထွေးကြည်က Myanmar Now ကို ပြောသည်။
ပါဂျောင်ဖြစ်စဉ်တွင် ABSDF အဖွဲ့ဝင် ကျောင်းသားလူငယ် ၁၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်၏ ထောက်လှမ်းရေးသူလျှိုဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ရာ ၃၉ ဦး သေဆုံးခဲ့သည်ဟု မြောက်ပိုင်းပြန် ကျောင်းသားများက အတည်ပြုထားသည်။
ABSDF ကို စခန်းနေရာပေးထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)က ၁၉၉၄ တွင် အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်လိုက်သဖြင့် ရဲဘော်သံချောင်းနှင့်အဖွဲ့ ပါဂျောင်ဒေသကို စွန့်ခွာပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။
၁၉၉၈ ခုနှစ်တွင်မူ ရဲဘော်သံချောင်းတို့အဖွဲ့ SSPP/SSAမှ နုတ်ထွက်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပူးပေါင်းလိုက်သည်။
RCSS/SSAတွင် ရဲဘော်သံချောင်းက တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်၌ ရှမ်းပြည်တောင်ပိုင်း လွိုင်တိုင်းလျန်ဒေသတွင် RCSS ဌာနချုပ် စတင်တည်ထောင်ချိန်က ပါဝင်ခဲ့သည်။
ရဲဘော်သံချောင်း RCSS/SSAတွင် လှုပ်ရှားနေစဉ် ၂၀ဝ၆ ဇန်နဝါရီ ၁ တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နမ့်တီးရွာတွင် စစ်တပ်က ဖမ်းခေါ်သွားပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
၂၀၁၅ အပစ်ရပ်စာချုပ်တွင် ပါဝင်လာသည့် RCSS/SSA က ရဲဘော်သံချောင်းပြန်လွတ်ရေးအတွက် တောင်းဆိုခဲ့သည်။
ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်၂၀၁၈ ဧပြီတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းတွင် ရဲဘော်သံချောင်းမှာ SNA ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာသည်။