သတင်း

စစ်ကောင်စီထံ စီးဆင်းမည့်ငွေကို ကန့်သတ်မည်ဟု Total CEO ပြော

ပြင်သစ်ရေနံကုမ္ပဏီကြီး Total သည် ကြီးထွားလာနေသော နိုင်ငံတကာတက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးခြင်းခံနေရသဖြင့် မြန်မာစစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ သင့်တော်သလို တုံ့ပြန်ဆောင်ရွက်ရန် ရှယ်ယာရှင်များက တိုက်တွန်းနေသည်။ 

​ကုမ္ပဏီ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် Total ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Patrick Pouyanne က စစ်အာဏာသိမ်းမှုကြောင့် ခံပြင်းဒေါသဖြစ်မိကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် “မြန်မာနိုင်ငံကို ငွေကြေးစီးဆင်းမှု ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ရပ်တန့်ခြင်းပဲဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့တော့ ဥပဒေအတိုင်းလိုက်နာဖို့ပဲ ရှိပါတယ်” ဟုလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။ ​

Total ကုမ္ပဏီအနေဖြင့် ၎င်း၏ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် သဘောတူထားသည့် စာချုပ်ကို လေးစားသောအားဖြင့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း Patrick Pouyanne က ကုမ္ပဏီရှယ်ယာရှင်များကို ပြောကြားခဲ့သည်။ 

“တကယ်လို့ အခွန်ပေးတာတွေ ရပ်လိုက်မယ်ဆိုရင် ဥပဒေကို မလိုက်နာတဲ့သဘော ဖြစ်သွားပါမယ်။ ဒါက ရာဇဝတ်မှုမြောက်နိုင်တဲ့ အန္တရာယ်ရှိတယ်။ မြန်မာမှာရှိတဲ့ Total ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူတွေကို ထောင်တန်းကျစေတာမျိုး ကျွန်တော်မလုပ်နိုင်ဘူး။ သူတို့ကို ဒီလိုအန္တရာယ်ကျရောက်စေတာမျိုး ကျွန်တော်မလုပ်နိုင်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ 

​သို့သော် Total အနေဖြင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခြင်းမရှိဘဲ စစ်အုပ်စုရရှိမည့် သဘာဝဓာတ်ငွေ့ဝင်ငွေကို ဒီမိုကရေစီပြန်လည်အသက်မဝင်မချင်း ထိန်းသိမ်းထားရန် ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်လျှင် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ထိုငွေများကို ထိတွေ့နိုင်တော့မည် မဟုတ်ပေ။ 

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဝင်ငွေ 

ကုမ္ပဏီ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးမတိုင်မီ နှစ်ရက်အလိုတွင် Total နှင့် ၎င်း၏ တွဲဖက်ရင်းနှီးမြှုပ်နှံသူ Chevron က အမြတ်ဝေစုပေးချေမှုများ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ရှယ်ယာရှင်တွေပြောတာကို ကျွန်တော်တို့ နားထောင်ပေးမှာပါ။ စစ်ကောင်စီဆီရောက်မယ့် ဝင်ငွေကို ကန့်သတ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပြီးပါပြီ။ ဒါကိုလျှော့ချနိုင်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ပြီးပါပြီ” ဟု ကုမ္ပဏီဥက္ကဋ္ဌက ရှယ်ယာရှင်များကို ပြောကြားခဲ့သည်။ 

ပြင်သစ်ရေနံကုမ္ပဏီ Total ၏ အမြတ်ဝေစုပေးချေမှု ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်ကြောင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေဖြင့် ဘာမြူဒါကျွန်းနိုင်ငံအခြေစိုက် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) တွင် ၁၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားရာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ဆုံးရှုံးရန် ရှိနေသည်။ 

သို့သော် တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် EarthRights International က ခန့်မှန်းသည်မှာ အထက်ပါအမြတ်ဝေစု ဆိုင်းငံ့ခြင်းမှာ Total ရေနံကုမ္ပဏီ၏ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိနိုင်ပြီး “လမ်းမှန်ကမ်းမှန်သွားတဲ့ ခြေလှမ်းအသေးလေးတစ်ခုသာ” ဟု ညွှန်းဆိုထားသည်။ 

“ပိုပြီးပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်ကတော့ စစ်အုပ်စုထိန်းချုပ်တဲ့ ငွေစာရင်းတွေရှိနေတဲ့ MOGE ကို အမြတ်ငွေပေးနေတာကို လုံးဝအပြီးအပြတ် ရပ်ဆိုင်းတာပဲ” ဟု EarthRights International အဖွဲ့က Twitter ၌ တုံ့ပြန်ရေးသားထားသည်။ 

Total က စစ်အုပ်စုကို ပိုက်ဆံပေးနေသည်ဆိုသော အချက်ကို Pouyanne က ငြင်းဆိုလိုက်ပြီး မြန်မာအနေဖြင့် ရတနာစီမံကိန်းမှ ဝင်ငွေများကို ထိုင်းနိုင်ငံရှိ ဘဏ်မှတစ်ဆင့် မြန်မာရရှိခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

အခွန်ငွေများ 

​အလားအလာရှိ မြန်မာနိုင်ငံက စီမံကိန်းအသစ်များကို ရပ်တန့်ထားကြောင်း Total က ၎င်း၏ ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ကို ဦးစီးနေချိန်တွင် အခွန်ငွေပေးဆောင်မှုများကို ရပ်ဆိုင်းထားရန် တောင်းဆိုမှုကိုမူ Total က ငြင်းဆိုခဲ့သည်။

​“ကျွန်တော်တို့ အခွန်ဆောင်တဲ့အခါ စစ်တပ်ကို ပေးတာမဟုတ်ပါဘူး။ နိုင်ငံတော်ကို ပေးသွင်းတာ ဖြစ်ပါတယ်။ ဒီအခွန်ဘဏ္ဍာငွေတွေကို နှစ်ပေါင်း ၂၀ ကျော် ပေးသွင်းလာတာဖြစ်တဲ့အတွက် ဆက်ပေးရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာလည်း ကျွန်တော်တို့ ပေးဆောင်ခဲ့တာပါပဲ” ဟု ကုမ္ပဏီဥက္ကဋ္ဌ Pouyanne က ပြောခဲ့သည်။ 

နိုင်ငံပိုင် MOGE နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို ပေးနေခြင်းပင်ဖြစ်သည်ဆိုသော မီဒီယာသတင်းဖော်ပြချက်များသည် တိကျမှန်ကန်မှု မရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ 

​“ဒီသတင်းတွေကို ဖတ်လိုက်တဲ့အခါ ပိုက်ဆံတွေက ဗိုလ်ချုပ်ကြီးတွေရဲ့ အိတ်ထောင်ထဲကို ရောက်သွားတဲ့ အဓိပ္ပာယ်ပေါက်နေတယ်။ အဲဒါ မဟုတ်ပါဘူး။ နိုင်ငံတော်က ဝင်ငွေရရှိတာပါ။ မြန်မာပြည်မှာ ဒီမိုကရေစီရတုန်းကလည်း MOGE ရှိနေတာပါပဲ” ဟု Pouyanne က ပြောသည်။ 

တက်ကြွလှုပ်ရှားသူများကမူ MOGE ကဲ့သို့သော အစိုးရအဖွဲ့အစည်းများသည် ယခုအခါ စစ်ကောင်စီ၏ လက်အောက်တွင် ရောက်ရှိနေပြီး စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို လိုက်နာရကြောင်း ထောက်ပြသည်။ 

TotalEnergies ဟု အမည်ပြောင်းထားသည့် Total အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက ချမှတ်သည့် ဒဏ်ခတ်အရေးယူပိတ်ပင်မှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း Pouyanne က အတည်ပြုသည်။ 

ပြင်သစ်အခြေစိုက် တက်ကြွလှုပ်ရှားသူအဖွဲ့ Info Birmanie မှ ညှိနှိုင်းရေးမှူး Sophe Brondel က “ရာဇဝတ်မှုကျူးလွန်ရေးလုပ်ငန်းအဖြစ် ကုလကျွမ်းကျင်သူက ဖော်ညွှန်းထားတဲ့ စစ်အုပ်စုကို Total ဆက်လက်ထောက်ပံ့နေတယ်။ ဒါက ရပ်တန့်ရမှာပါ” ဟု Myanmar Now ကို ပြောသည်။

(ဤသတင်းကို Finance Uncovered အဖွဲ့နှင့် Myanmar Now ပူးပေါင်းရေးသားသည်။) 

Show More

Related Articles

Back to top button