သတင်း

မန္တလေးမင်္ဂလာဆောင်တွင် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့ ၁၀၇လမ်း၊ ၅၈x၅၉ လမ်းသွယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အကျဉ်းရုံးပြုလုပ်နေသည့် မင်္ဂလာဆောင်တစ်ခုတွင် ယနေ့(မေ ၂၉) နံနက် ၁၀ နာရီခွဲခန့်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် မင်္ဂလာလက်ဖွဲ့ပစ္စည်းများအနီးတွင် ရှိနေသည့် အမျိုးသားတစ်ဦး၏ လက်တွင် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ဗုံးက လက်ဖွဲ့ထဲကနေ ပါလာတာပေါ့။ လက်ဖွဲ့ကိုင်တဲ့သူတစ်ယောက်ပဲ ထိခိုက်သွားတာ။ ကျန်တဲ့ မင်္ဂလာဆောင်လာတဲ့သူတွေကတော့ မထိခိုက်ဘူး” ဟု ၎င်းက ပြောသည်။

“ဗုံးကို လက်ဖွဲ့ထဲ ဘာကိစ္စထည့်လဲဆိုတာတော့ ကျွန်တော်လဲ မပြောတတ်ဘူး။ သတို့သားနဲ့ သတို့သမီးကလည်း ရပ်ကွက်ထဲမှာနေတဲ့ ပုံမှန်အရပ်သူအရပ်သားပဲ” 

ဗုံးဟု ယူဆထားကြသည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ထိခိုက်သူ၏ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ဒဏ်ရာရသူကို အနီးအနားရှိ ဆေးခန်းတစ်ခု၌ ကုသပေးလျက်ရှိပြီး ပတ်ဝန်းကျင်အခြေအနေမှာ အသွားအလာမပျက် တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးရှာဖွေမှုမရှိကြောင်း အဆိုပါဒေသခံထံမှသိရသည်။

မေ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းရှိ မင်္ဂလာဆောင်တစ်ခုတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးပြီး သတို့သမီးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သင်္ဃန်းကျွန်းဖြစ်စဉ်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသူ သတို့သား ကိုချစ်မင်းသူမှာ တပ်မတော်ထောက်ခံသော အစွန်းရောက် အမျိုးသားရေးသမားတစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် မဘသဆရာတော်တစ်ပါးက Myanmar Nowကို အတည်ပြုထားသည်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယနေ့အထိ ပြည်သူ ၈၀၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

အဆိုပါအခြေအနေတွင် ပြည်သူတို့က ဒေသခံကာကွယ်ရေးတပ်များဖွဲ့၍ စစ်ကောင်စီ၏ အန္တရာယ်မှ ကာကွယ်ရန် ကြိုးပမ်းနေကြသည်။

၁၉၉၀ ကျော်နှစ်များအတွင်း လူဆိုးလူမိုက်များဖြင့် ဖွဲ့ထားပြီး စွမ်းအားရှင်ဟု နာမည်ကြီးခဲ့သည့် အဖွဲ့ကို ပျူစောထီးဟု အမည်ပြောင်း၍ ဖောက်ခွဲမှုများ၊ တိုက်ခိုက်မှုများလုပ်ဆောင်သည့် နည်းဖြင့် ပြည်သူတို့၏လှုပ်ရှားမှုများကို စစ်ကောင်စီဘက်က ပုံဖျက်ရန် ကြိုးပမ်းနေသည်ဟု ယူဆသူများရှိသော်လည်း ထိုသို့ဆက်စပ်နေကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button