မကွေးတိုင်း ပခုက္ကူမြို့တွင် သူနာပြုဆရာမအပါအဝင် သုံးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ၂၇ တွင် ထုတ်ပြန်ခဲ့သော်လည်း ထိုဖမ်းဆီးခံရသူများမှာ လက်နက်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း မိသားစုဝင်များက ဆိုသည်။
ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြု မလဲ့ယဉ်မြင့်၊ ပခုက္ကူသူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မထက်ထက်ဝင်းနှင့် ပဲခူးမြို့မှ ကိုဘိုဘိုမင်းဆိုသူတို့ကို လက်လုပ်မိုင်း ၁၂ လုံး၊ ဓား ၄ ချောင်း၊ ဒေါက်ဖြင့်ဆင်ထားသော လက်လုပ်မီးရှို့ဒုံး ၂ ခု အပါအဝင် အခြားလက်နက်များနှင့်အတူ မေ ၂၅ တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
အသက် ၁၉ နှစ်အရွယ် မထက်ထက်ဝင်းသည် ဆရာမဖြစ်သူနှင့် တွေ့ဆုံရန် မေ ၂၄ တွင် ရေနံချောင်းမြို့နယ် မုံကန်ရွာရှိနေအိမ်မှ ပခုက္ကူမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယင်းမတိုင်မီက နာမကျန်းဖြစ်နေသော အဘိုးဖြစ်သူကို ပြုစုနေသူဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးအောင်မင်းထွန်းက ပြောသည်။
“လိုင်းပေါ်မှာ တက်လာမှ သိတာ၊ အိမ်ကထွက်သွားတာ ၂ ရက်တောင် မပြည့်သေးဘူး၊ မဖြစ်နိုင်ဘူး ဒီကိစ္စက။ သူကိုယ်တိုင် သူနာပြုတစ်ယောက်။ လူ့အသက်ကိုကယ်တဲ့သူ။ လက်နက်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ဦးအောင်မင်းထွန်းက Myanmar Now ကို ပြောသည်။
“သတင်းမှာတွေ့သလို လက်နက်ပစ္စည်းတွေကတော့ ကလေးနဲ့ ပတ်သက်နိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆတယ်။ ဘယ်လိုဆွဲထုတ်ရမလဲ။ အမှန်အတိုင်းတရားအတိုင်းဖြစ်စေချင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာ အဆက်အသွယ်အကူအညီတော့ လိုက်ရှာနေဆဲပဲ”
အသက် ၂၆ နှစ်အရွယ် မလဲ့ယဉ်မြင့်သည်လည်း CDM တွင် ပါဝင်နေသူဖြစ်သဖြင့် ရန်ကုန်တွင် တိမ်းရှောင်နေသည်ဟုသာ သိထားကြောင်း ဖခင်ဦးကံမြင့်က Myanmar Now ကို ပြောသည်။
“၂၄ ရက်နေ့က ရောက်တယ်။ ၂၅ ရက်နေ့က ဖမ်းခံရတယ်ဆိုတော့ သူတို့ (ဗုံး) လုပ်ချိန်ကိုင်ချိန်လည်း မရှိဘူး။ လုပ်တတ်ကိုင်တတ်မယ့်ပုံလည်း မဟုတ်ဘူး။ သူက ပရဟိတလုပ်ငန်းပဲ အားကြိုးမာန်တက်လုပ်တာ” ဟု သမီးဖြစ်သူ ပခုက္ကူမြို့ ပြန်ရောက်ပြီးနောက် အဖမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဦးကံမြင့်က ရှင်းပြသည်။
သမီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ပခုက္ကူရဲစခန်းသို့ သွားရောက်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဟန့်တားသဖြင့် စကားပြောခွင့် ကောင်းကောင်းမရဟုလည်း ၎င်းက ဆိုသည်။
မလဲ့ယဉ်မြင့်သည် ပခုက္ကူမြို့နယ်တွင် အများအကျိုးပြု ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်တတ်သူဖြစ်ကြောင်း၊ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလအတွင်း ကိုဗစ်စင်တာများ၌ လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ကြောင်း မလဲ့ယဉ်မြင့်၏ မိတ်ဆွေ မကြေးမုံဝင်းက ဆိုသည်။
“ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ တမင်လုပ်တာပဲဖြစ်ချင်ဖြစ်မှာ။ လက်နက်တွေနဲ့ ဘယ်လိုမှပတ်သက်မှု မရှိနိုင်ဘူး။ သူ အဲဒီကိုရောက်တာ ၂ ရက်ပဲရှိသေးတာပါ” ဟု မကြေးမုံဝင်းက ပြောသည်။
မလဲ့ယဉ်မြင့်နှင့် မထက်ထက်ဝင်းအပါအဝင် ဖမ်းဆီးခံရသူသုံးဦးကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ချုပ်ရက် ရမန်ကြီး နှစ်ပတ်ယူကာ ဇွန် ၉ တွင် ရုံးချိန်း ချိန်းဆိုထားကြောင်း မိသားစုဝင်များက ဆိုသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသော်လည်း မည်သည့်ပုဒ်မဖြင့် အရေးယူကြောင်း ဖော်ပြမထားပေ။
အခြားဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် ကိုဘိုဘိုနှင့် ပတ်သက်၍ Myanmar Now က ၎င်း၏ မိသားစုဝင်များ၊ မိတ်ဆွေများကို အဆက်အသွယ်မရသေးပေ။
အမျိုးသမီး ၂ ဦးနှင့် နီးစပ်သူများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်မှုရနိုင်ရန် Myanmar Now က စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူတို့ကို ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။