အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ရေးပြင်းထန်နေသော ရွှေဘိုတွင် နေ့စဉ် ပေါ်တာဆွဲနေဟု ဒေသခံများဆို

ရွှေဘိုမြို့ပေါ်၌ စစ်မှုထမ်းအသက်တွင် အကျုံးဝင်သော လူငယ်၊ လူရွယ်များကို မြင်သမျှ ဖမ်းဆီးခေါ်ဆောင်နေရာ လမ်းပေါ် လူမရှိသလောက်ဖြစ်နေပြီး အသက်အရွယ်ကြီးရင့်သူများသာ အပြင်ထွက်သွားလာနေရသည်ဟု သ်ိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ယခုလ ဒုတိယပတ်အတွင်း လူငယ်၊ လူရွယ်များကို စစ်သားအဖြစ် စုဆောင်းရန် အတင်းအဓမ္မ နေ့စဉ် ပေါ်တာဆွဲလျက်ရှိကြောင်း မြို့ခံများထံက သိရသည်။

စစ်ကော်မရှင်တပ်က မြို့အနှံ့တွင် စစ်ကား၊ အိမ်စီးကားတို့ဖြင့် လှည့်ပတ်ကာ လမ်းပေါ်သွားလာနေသူ လူငယ်လူရွယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ အာဏာသိမ်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသူတို့ကို ဖမ်းဆီးခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

“ဂိတ်ကဖြတ်သွားရင် အသက်မေး၊ ၁၈ နဲ့ ၃၀ ကြားလောက်အရွယ်တွေဆို ငါတို့လည်း အဲ့ဒီအရွယ်လေးတွေ ရှာနေတာကွဆိုပြီး တခါတည်းဆွဲ ကားပေါ်တင်တာ”ဟု ရွှေဘိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်းများ၊ ဘုရားများအတွင်း စစ်တပ်ကားများရပ်ထားကာ အနီးဝန်းကျင် တွေ့သမျှလူများကို ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်အသက်အရွယ်အတွင်း မပါသူများကို ငွေကြေးဖြင့် ရွေးစေခြင်းလည်း လုပ်ဆောင်နေသည်ဟုလည်း မြို့ခံတို့က ဆိုသည်။

“မနေ့ကတော့(နိုဝင်ဘာလ ၁၃ ရက်နေ့) ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက် လမ်းပေါ်သွားနေတုန်း၊ ကောင်လေး အသက်မေးပြီး ခေါ်သွားတယ်။ ကောင်မလေးနဲ့ ဆိုင်ကယ်နဲ့ ဒီအတိုင်းချန်ထားခဲ့တယ်၊ နေ့စဉ်နဲ့အမျှ ဖမ်းနေတာ။ အခုမြို့တွင်းမှာ လမ်းပေါ်မထွက်ရဲအောင် တိတ်ဆိတ်နေတာ။ အသက်အရွယ် ကြီးသူတွေပဲ အပြင်ထွက်တာမျိုးရှိတယ်”ဟု မြို့ခံနောက်တစ်ဦးကလည်းပြောသည်။

ယင်းသို့ ဖမ်းဆီးပေါ်တာဆွဲမှုကြောင့် ကျေးလက်များတွင် ဆွေမျိုးရှိသူ လူငယ်များသည် မြို့ကိုစွန့်ခွာ ရှောင်တိမ်းမှုများလည်းရှိကြောင်းသိရသည်။ စစ်သားသစ်စုဆောင်းရေးအတွက် ဖမ်းဆီးခြင်းကို ပေါ်တာဆွဲသည်ဟု လူအများစုက သိထားကြသည်။

ရှမ်းမြောက်တွင် အပစ်ရပ်လိုက်ကြပြီးနောက် စစ်ကော်မရှင်တပ်က အဓမ္မစုဆောင်းထားသော စစ်မှုထမ်း အင်အားဖြင့် နိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တကျော့ပြန် ထိုးစစ်လုပ်နေသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို စစ်မှုမထမ်းမနေရစနစ်ဖြင့် စစ်သားစုဆောင်းနေရာ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် လက်ရှိတွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၆) အထိ သင်တန်းဆင်းပြီးဖြစ်သည်။

စစ်တပ်သမိုင်းတစ်လျှောက် တိုင်းစစ်ဌာနချုပ်နှင့်နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့် စစ်တပ်အတွက် စစ်အင်အား ချည့်နဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်း ဥပဒေကို အသက်သွင်း ခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် တစ်နှစ်ကျော်အတွင်း အင်အား ၈၀၀၀၀ နီးပါး စစ်မှုထမ်းသစ် စုဆောင်းနိုင်ခဲ့သည်။​ 

စစ်မှုထမ်းဥပဒေ ကို ထုတ်ပြန်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ အရာရှိများ အထူးသဖြင့် အုပ်ချုပ်ရေးဌာနကို စစ်သားသစ်ရရှိရေး ဖိအားပေးခိုင်းစေခြင်း မပြုပါက တစ်နှစ်ကျော်အတွင်း ထိုအရေအတွက် မရနိုင်ပေ။

စစ်သားသစ်များထဲတွင် ငွေကြေးရယူ၍ လူအစားထိုး လိုက်ရသူ၊   တနည်းနည်းဖြင့် အတင်းအကျပ် ခေါ်ဆောင်ခံရသူမှာ အများစုဖြစ်ပြီး မိမိသဘောဖြင့် ဝင်ရောက်သူမှာ မရှိသလောက်ပင် ဖြစ်သည်။

စစ်ကော်မရှင်က အဓမ္မစုဆောင်းထားသော ထိုအင်အားများဖြင့် ယခုနှစ်လယ်မှစတင်ကာ တကျော့ပြန် ထိုးစစ်များ လုပ်လာနိုင်ခဲ့ခြင်းဖြစ်သည်။ 

စစ်ရေးပြင်းထန်နေသော ရွှေဘိုလွင်ပြင်

အာဏာသိမ်းစစ်တပ်၏ ရွှေဘိုမြို့အခြေစိုက်တပ်များသည် အောက်တိုဘာလဆန်းမှစတင်ကာ မြို့၏တောင်ဘက် မန္တလေးကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ဘုံးဘွဲ့ကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ကင်းစခန်းကိုလည်း စီးနင်းပြီး တပ်ဖွဲ့ဝင်ခုနစ်ဦးကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးသတ်ဖြတ်ထားသည်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၏ အနောက်မြောက်ခြမ်း ကန့်ဘလူမြို့နယ် နယ်စပ်တွင်လည်း သင်္ကန်းဝတ် ဝါသဝ၏ ပြည်သူ့စစ်များပါဝင်သော စစ်ကြောင်းနှစ်ခုက စစ်ကြောင်းထိုးနေသည်။

ထိုအထဲတွင် စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) မှ တပ်သားများ ပါဝင်သော အင်အား ၁၀၀ နီးပါး စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူနှင့် ခင်ဦးမြို့နယ်အစပ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးပြီး ၁၅ ယောက်ခန့်ကိုလည်း အရှင်ဖမ်းဆီး နိုင်ခဲ့သည့်အတွက် စစ်ကြောင်းဖွဲ့စည်းပုံပျက်စီးကာ နောက်ဆုတ်သွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)  အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နှင့်ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

အောက်တိုဘာလအတွင်း ရွှေဘိုမြို့အနီးဝန်းကျင်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းမှုများကြောင့် အရပ်သား၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များသာမက ကိုရင်ငယ်များပါ ထိခိုက်ပျံလွန် တော်မူခဲ့သည်။

ကန့်ဘလူနှင့် ခင်ဦးမြို့နယ်အစပ်တွင် စစ်ကြောင်းကို တိုက်ခိုက်ပြီးနောက် ဖမ်းဆီး၊ သိမ်းဆည်းရမိသော သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ရေဦး) 

Related Articles

Back to top button