အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်မြို့မှ စစ်ရှောင်လာသူများကို စစ်တပ်  တင်းတင်းကျပ်ကျပ် စစ်ဆေး

တော်လှန်ရေးထောက်ခံအားပေးသည့်မြို့ဖြစ်သလို တိုက်ပွဲများရှိလာနိုင်၍ မြို့ခံထက်ဝက်ကျော်သည် မန္တလေးမြို့ဘက်သို့ တိမ်းရှောင်ကြရာ လမ်းခရီးရှိ စစ်တပ်ဂိတ်များက ကြမ်းတမ်းစွာ စစ်ဆေးနေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်မည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ မြို့ခံ ၆၀ ရာခိုင်နှုန်း တိမ်းရှောင်သွားကြပြီး လမ်းတစ်လျှောက် စစ်တပ်စစ်ဆေးရေးဂိတ်များက ကြမ်းတမ်းစွာစစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ ကြသည်ဟု စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နှင့် TNLA တို့ ကိုးကြိမ်မြောက် တွေ့ဆုံညှိုနှိုင်းခဲ့ပြီးနောက် အပစ်ရပ်ရေးအတွက် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို လက်လွှတ်ရန် TNLA က သဘောတူခဲ့ရသည်။

လာမည့် နိုဝင်ဘာ၂၅ ရက်နေ့မတိုင်မီ TNLA တပ်ဖွဲ့ဝင်များက ထွက်ခွာကြမည်ဖြစ်သော်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ မိုးကုတ်အခြေစိုက်တပ်များက မြို့ကိုလက်မလွှတ်ဟု ဆိုထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်သလို တော်လှန်ရေးကို ထောက်ခံအားပေးသည့် မြို့ဖြစ်သဖြင့် မြို့ခံအများစုက တိမ်းရှောင်နေကြခြင်းဖြစ်သည်။

ယခင်က လမ်းခရီးအခက်အခဲနှင့် လမ်းစရိတ်ကြီးမြင့်မှုကြောင့် မြို့ခံအများစုက တိမ်းရှောင်ရန် တွန့်ဆုတ် ခဲ့ကြသော်လည်း ရက်သတ္တပတ် နှစ်ပတ်ရှိလာချိန်တွင် မြို့လူဦးရေထက်ဝက်ကျော် တိမ်းရှောင်သွားကြ ခြင်းဖြစ်သည်။

မြိုခံအများစုသည် မန္တလေးမြို့ဘက်သို့ တိမ်းရှောင်ကြခြင်းဖြစ်ရာ  မိုးကုတ်-မိုင်းလုံ-ကျောက်မဲ- နောင်ချို- ပြင်ဦးလွင် -မန္တလေးလမ်းနှင့် မိုးကုတ်-မိုးမိတ်-ကန့်ဘလူ-ခင်ဦး  လမ်းနှစ်သွယ်ကို အသုံးပြုကြရသည်။ 

ယခင်က သွားလာရလွယ်ကူသည့်မြို့အနောက်ဘက် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းကိုမူ တိုက်ပွဲအခြေအနေများကြောင့်  အသုံးမပြုကြပေ။

မိုးကုတ်မြို့ အထွက် တောင်ဘက်တစ်လျှောက်၌ စစ်တပ်က နေရာအများစုယူထားသလို မိုးကုတ်အနောက် သပိတ်ကျင်းဘက်အထွက် သပိတ်ကျင်း-ဖော့တောလမ်းဆုံအထိ စစ်တပ်က နေရာယူထားသည်။

ထို့ကြောင့် စစ်တပ်စစ်ဆေးရေးဂိတ်အများအပြား လမ်းခရီးတစ်လျှောက် ရှိနေကြသဖြင့် အခက်အခဲများ ကြုံကြိုက်နေကြရသည်ဟု စစ်ရှောင်လာသော မိုးကုတ်မြို့ခံများက ပြောသည်။

“အစစ်အဆေးက တအားကြမ်းတယ်။ အကုန်အိတ်တွေ ထိုးခွဲ လှန်လှောရှာတယ်။ မှတ်ပုံတင်တွေ စစ်တယ်။ လူငယ်တွေကို ပိုပစ်မှတ်ထားတယ်။ ကားပေါ်ကဆင်းပြီး တစ်ယောက်ချင်းစီကို ဘယ်က လာတယ် ဘယ်ကိုသွားမယ် အသေးစိတ်မေးမြန်းတယ်။ ဒါကတော့ သူတို့ (စစ်တပ်) ကျောက်မဲကနေစပြီး ပြင်ဦးလွင်အထိ ဂိတ်တိုင်းလိုလို လုပ်တယ်” ဟု မိုးကုတ်-ကျောက်မဲလမ်းပိုင်း ခရီးသွားကား မောင်းနှင်နေသော အသက် ၄၅ နှစ် အရွယ် ကားသမားတစ်ဦးက ပြောသည်။

မြို့ခံအချို့က လားရှိုး-မူဆယ်ဘက်သို့ တိမ်းရှောင်ကြသည်လည်းရှိရာ နောင်ချို- ကျောက်မဲ – သီပေါ- မူဆယ်လမ်းကို အသုံးပြုကြသည်။

“အဆိုးဆုံးက ကျောက်မဲဂိတ်ပဲ။ ကျောက်မဲမြို့အဝင်မှာတော်တော်လည်း အစစ်အဆေးကြမ်းတယ်။ နောက် စစ်ကိုင်းဘက်လမ်းကို သွားမယ်ဆိုရင် စစ်ကိုင်းတံတားပေါ်ကတော့ အတော်  အစစ်အဆေးကြမ်းတယ်”ဟု ထိုကားသမားက ဆိုသည်။

မိုးကုတ်-မန္တလေးကားခ တစ်ဦးလျှင် ယခုလဆန်းက ကျပ် ငါးသိန်းရှိရာမှ ယခုရက်ပိုင်းအတွင်း  ရှစ်သိန်းမှ  ၁၀ သိန်း အထိရှိနေပြီး လူတစ်ဦးလျင် ကျောပိုးအိတ်တစ်လုံးသာ ယူဆောင်ခွင့်ပြုကြောင်း၊ မိုးကုတ်- ကျောက်မဲ ကားခ တစ်ဦးလျှင် ကျပ် နှစ်သိန်းကနေ လေးသိန်းအထိ ရှိကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။ 

မိုးကုတ်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့အထိ TNLA အုပ်ချုပ်ရေးရှိမည်ဖြစ်ပြီး  လက်ရှိတွင် ဒေသခံများအား နေရာအချို့၌ တနိုင်တပိုင် ကျောက်တူးဖော်ခွင့် ပေးထားကြောင်း ရွှေဖီမြေ သတင်းနှင့် မိုးကုတ် ဒေသခံအချို့ထံက သိရသည်။

TNLA ထွက်ခွာသွားသော်လည်း မိုးကုတ်မြို့တွင် TNLA ဆက်ဆံရေးရုံး ဖွင့်လှစ်မည်ဟု TNLA နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို နိုဝင်ဘာ ၁၀ ရက်က ပြောထားသည်။လားရှိုးမြို့အား ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံမှ ပြန်လွှဲယူသည့်ပုံစံအတိုင်း ဌာနဆိုင်ရာဝန်ထမ်းများအား မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ ပြန်ပို့ရန် ပြင်ဆင်နေသည်ဟု စစ်ကော်မရှင် ဌာနဆိုင်ရာများနှင့် နီးစပ်သူများ ထံကလည်း Myanmar Now က သိထားရသည်။

မိုးကုတ်မြို့အဝင်ကို ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

စစ်ကော်မရှင်သည် လက်နက်ကိုင်အဖွဲ့အစည်းများ အားကောင်းရာ ရှမ်းမြောက်မှ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ဝင်ရောက်ရာ လမ်းဆုံလမ်းခွဖြစ်သော ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းကို ယခင်ကတည်းက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်။ 

မိုးကုတ်မြို့ခံ ၆၀ ရာခိုင်နှုန်းကျော် မြို့မှ တိမ်းရှောင်သွားကြရာ လမ်းခရီးတွင် ငွေကြေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများအပြင် လူငယ်များဆိုပါက စစ်မှုထမ်းခေါ်ဆောင်ခံရခြင်းအထိ ဖြစ်ပွားနေသည်ကို ကြားသိ ရကြောင်း မိုးကုတ်မြို့မှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“အစစ်အဆေးကြမ်းနေတဲ့အနေအထားတွေလည်း ကျွန်တော်တို့ပြန်ကြားရတယ်။ နောက် အသက် ၁၈ ကနေ ၃၅ အတွင်း အမျိုးသားတွေဆိုရင် စစ်မှုထမ်းခေါ်သွားတာတွေအထိ ကျွန်တော်တို့ကြားရတယ်”ဟု ၎င်းက ဆိုသည်။

မိုးကုတ်စစ်ရှောင်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲသည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်၍ သီးခြား အတည်မပြုနိုင်သေးပေ။ 

၉/ နှင့် တိုင်းရင်းသားများကို ပစ်မှတ်ထားခြိမ်းခြောက်

မိုးကုတ်-ကျောက်မဲ-ပြင်ဦးလွင်လမ်းပိုင်းဆိုလျှင် မှတ်ပုံတင်စစ်ဆေးပါက မန္တလေးတိုင်းမှတ်ပုံတင်အမှတ် ဖြစ်သော ၉/များဆိုလျှင်  အစစ်အဆေးများခြင်း၊ တအာင်းပလောင်လူမျိုးများဖြစ်ပါက ပြန်လှည့်ခိုင်းခြင်းများရှိကြောင်း၊ ခြိမ်းခြောက်မှုများပြုလုပ်သည်ကို ပြန်ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“မင်းတို့တချိန်တုန်းက သပြေပန်းနဲ့ကြိုခဲ့ကြတဲ့သူတွေပါသလား။ ညမှာ သံပုံးတီးတဲ့ထဲမှာပါသလား ။ မင်းတို့ တချိန်ကတော့ စစ်တပ်အလိုမရှိဘူးဆိုပြီး ခုကြ စစ်တပ်အောက်ကိုပဲ ပြန်ဝင်လာကြရတာမလား ဆိုတဲ့ပြောဆိုမှု တွေရှိတယ်”ဟု အထက်ပါစစ်ရေးရင်းမြစ် အမျိုးသားက ဆိုသည်။

“မင်းတို့ မိုးကုတ်မြို့ကိုတော့ ရှောင်တာကောင်းတယ်။ ငါတို့ အမှုန့်ချေမယ်ဆိုတဲ့ ပြောဆိုမှုတွေအထိ ကျွန်တော်တို့ပြန်ကြားရပါတယ်”

ထိုကဲ့သို့ တိုင်းရင်းသားများ၊ တော်လှန်ရေးအားကောင်းသောဒေသများ ဖြစ်ပါက ပစ်မှတ်ထားစစ်ဆေး ငွေညှစ်ခြင်းကို အာဏာသိမ်းစစ်တပ်က အမြဲတစေပြုလုပ်လေ့ရှိသည်။ 

ပြင်ဦးလွင်–နောင်ချို ပြည်ထောင်စုလမ်းပေါ်ရှိ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်နှင့် ခြောက်မိုင်သာ ကွာဝေးသော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အဝင် X-ray ဂိတ်အဟောင်းတွင် စစ်တပ်အရာရှိများကိုယ်တိုင် ဦးစီးကာ  ရှမ်းပြည်နယ်မြောက်ပိုင်းမှလာသူများကို ပစ်မှတ်ထားစစ်ဆေး၊ ငွေညှစ်နေသည် ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက စက်တင်ဘာလအတွင်း Myanmar Now ကို ပြောထားသည်။

ခရီးသည်ကား၊ အိမ်စီးကားများတွင် ဗမာစကား ကောင်းစွာ မပြောတတ်သူများပါလာပါက ကားပေါ်မှ ဆင်းခိုင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးသည်။ အထူးသဖြင့် ကိုးကန့်၊ ဝ နှင့် ပလောင်လူမျိုးများ ပါလာပါက ငွေညှစ်တတ်သည်ဟု ဆိုကြသည်။ 

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်များ၊ သတ္တုများထွက်ရှိသော မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို တအာင်းတပ် (TNLA)၊ NUG တပ်များ၊ PLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး TNLA က ဦးဆောင်အုပ်ချုပ်ခဲ့သည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ဆက်သွယ်ထားပြီး ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ -သိန္နီ- ကွတ်ခိုင်-လားရှိုး-မူဆယ်မြို့များကို ဖြတ်သန်းသွားသော ကုန်သွယ်ရေးပြည်ထောင်စုလမ်းမကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်မှ စတင်သော ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိုလမ်းတစ်လျှောက်  တော်လှန်ရေးတပ်များက နယ်မြေစိုးမိုး ထားခဲ့ကြသည်။

ထိုကုန်သွယ်ရေးလမ်း ပြန်ဖွင့်နိုင်ရန် စစ်ကော်မရှင်က ကြိုးပမ်းခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို ပြန်လည်တိုက်ခိုက်ယူခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင်က သီပေါမြို့အား ပြန်လည်ထိန်းချုပ်ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်လှစ်ထားပြီး စစ်တပ်ဂိတ်များက နေရာယူထားသည်။
သို့သော်လည်း စစ်ကော်မရှင်၏ တရားမဝင်ကုန်စည် ဖမ်းဆီးမှုဆောင်ရွက်မှုများနှင့် ရှမ်းမြောက်ဒေသရှိ တော်လှန်ရေးအဖွဲ့များ၏ ကွဲပြားသည့် အခွန်ကောက်ခံမှုစနစ်များကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများသည် မျှော်လင့်ထားသလောက် အလုပ်မဖြစ်ဟု ဒေသခံများနှင့် ကုန်သည်များက ပြောထားကြသည်။

Related Articles

Back to top button