အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ပြန်ဝင်လာမည့် မိုးကုတ်မြို့တွင် မြို့ခံများ တိမ်းရှောင်ရန် အခက်အခဲဖြစ်နေ

"ပတ္တမြားမြေ" မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်ရယူမည်ဖြစ်ရာ ယခုလကုန်တွင် TNLA က ထွက်ခွာ မည်ဖြစ်သဖြင့် မြို့ခံများက ထိတ်လန့်နေကြပြီး တိမ်းရှောင်ရန်လည်း အခက်အခဲ ရှိနေကြသည်ဟု ဆိုကြသည်။

 “ပတ္တမြားမြေ” ဟု နာမည်ကျော်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကော်မရှင် ပြန်လည်ဝင်ရောက် လာပါက နေအိမ်ချိပ်ပိတ်ခြင်းနှင့် လူဖမ်းပွဲများအတွက် စိုးရိမ်ပူပန်နေကြပြီး အများစုသည် လမ်းခရီးနှင့် ငွေကြေးကြောင့် တိမ်းရှောင်ရန် အခက်အခဲ ရှိနေကြသည်ဟု မြို့ခံများထံက သိရသည်။ 

တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကော်မရှင်နှင့် မကြာသေးခင်က အပစ်ရပ်သဘောတူညီမှု ရခဲ့ခြင်းကြောင့် တအာင်း (TNLA) တပ်ဖွဲ့ဝင်များသည် လာမည့် နိုဝင်ဘာလ၂၅ ရက်မတိုင်မီ မိုးကုတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု မိုးကုတ်မြို့ခံများနှင့်စစ်ရေးရင်းမြစ်များထံက သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့ပြန်လည်ထိန်းချုပ်ခဲ့သည့်မြို့များတွင် တော်လှန်ရေးထောက်ခံခဲ့သည့် ဒေသခံ ပြည်သူများ၏ နေအိမ်များ၊ လုပ်ငန်းများအား ချိပ်ပိတ်ခြင်းနှင့် လူဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည့် အတွက် တော်လှန်ရေးထောက်ခံသူအများစုဖြစ်သော မိုးကုတ်မြို့ခံများ စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။ 

မိုးကုတ်မြို့တောင်ဘက်နှင့် အနောက်ဘက်တွင် တိုက်ပွဲများဖြစ်နေသဖြင့် မန္တလေးမြို့သို့ သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသလို အဓိက အခက်အခဲမှာလည်း ငွေကြေးဖြစ်သည်ဟု မြို့ခံအချို့က ဆိုသည်။

“ပြောင်းချင်ကြတယ်။ ဒါပေမယ့် ပြဿနာက စစ်လို့ပြောရင် စစ်က တစ်နေရာတည်း မဟုတ်ဘူး။ တောက်လျှောက် ဖြစ်နေမှာလေ။ နောက်ပြီးတော့ မန္တလေးဘက်ကိုဆိုရင်လည်း လုံခြုံရေးအရ စိုးရိမ်ရတယ်။ မိုးကုတ်မှာက တော်လှန်ရေးတပ်တွေက တစ်နှစ်ကျော်လောက်ထိန်းချုပ်ထားတော့ ဘယ်သူပဲဖြစ်ဖြစ် ဒီအဖွဲ့တွေက ထိစပ်ထားသူချည်းပဲ” ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်၍ “အဓိကကတော့ စရိတ်ပေါ့။ သွားမယ်ဆိုရင် စရိတ်က ငါးယောက်ရှိတဲ့ မိသားစုတစ်စုဆိုရင် တစ်ယောက်ကို ငါးသိန်းလောက် ကျတယ်ပေါ့နော်။ မိသားစုငါးယောက်သွားမယ်ဆိုရင် လမ်းမှာ စားစရိတ်နဲ့ ဆိုရင် သိန်း ၃၀ မှ မရှိရင် မန္တလေးကို မရောက်ဘူး။ဟိုမှာက နေဖို့အတွက် ဘာမှမပါသေးဘူး” ဟု ၎င်းကဆက်ပြောသည်။

“ အကြမ်းဖက်ပီပီ လုပ်ဆောင်နေတဲ့ စစ်တပ်အောက်မှာတော့ ၉၅ ရာခိုင်နှုန်းလောက်က ဘယ်သူမှ မနေချင်ကြဘူးလေ”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ တိုက်ပွဲများမရှိစဉ်က မိုးကုတ်နှင့်မန္တလေးသည် နေ့ချင်းရောက်နိုင်သည့် ခရီးတစ်ခုဖြစ်ပြီး ယခုအခါပြင်းထန်နေသောတိုက်ပွဲများ၊ လမ်းပန်းအခြေအနေများကြောင့် သွားလာရေး ခက်ခဲနေသည်။ 

ကွင်းလမ်းများမှ သွားလျှင်ပင် ရက်အတန်ကြာခရီးသွားနေရပြီး လမ်းစရိတ် သိန်းချီကုန်ကျနေသည်ဟု Myanmar Now က ဒေသခံများထံက စုံစမ်းသိရှိရသည်။

“ပြေးတဲ့သူတွေကတော့ ပြေးကုန်ပြီ။ ကျန်တဲ့သူလည်း ကျန်သေးတယ်။ အဆင်မပြေတဲ့သူတွေ အများစုပေါ့။ မိုးကုတ်ကလည်း ဒီစစ်ကြီးဖြစ်ပြီးတဲ့နောက်မှ အဆင်မပြေတဲ့သူက များတယ်။ ဘာလို့ ဆိုတော့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း တအားခက်ခဲကုန်တော့  ကုန်ဈေးနှုန်းတွေကလည်း အဆမတန် ကြီးတယ်လေ”ဟု မိုးကုတ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ 

“ပြေးနိုင်တဲ့သူတွေကတော့ ပြေးကြပြီ။ မပြေးနိုင်တဲ့သူတွေကျန်ခဲ့ပြီ။ မိုးကုတ်သူမိုးကုတ်သားစစ်စစ်တွေကတော့ ပြန်ခံချမှာပဲ”ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။

နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ချိန်တွင်လည်း အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ၊ ဂေါ်ရခါးလူမျိုးများ၏ ဓမ္မသာလတည်းခိုရိပ်သာ၊ အရပ်သား နေအိမ် ၂၀ ကျော်ကို ချိပ်ပိတ်ထားခဲ့ပြီး လူ ၂၀ ကျော်ဖမ်းဆီးခံရသည်။ သီပေါနှင့် ကျောက်မဲမြို့တို့တွင်လည်း TNLA ဆက်စပ်သံသယဖြင့် ရှစ်ဦးထက်မနည်းနှင့် ကျောင်း၊ နေအိမ် ၂၀ ကျော် ချိပ်ပိတ်ခံထားရသည်။ 

နိုဝင်ဘာလကုန်တွင် TNLA မိုးကုတ်မြို့မှ ထွက်ခွာမည်

တရုတ်ကိုယ်စားလှယ်၏ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်တပ်နှင့်TNLA တို့ ၉ ကြိမ်မြောက်တွေ့ဆုံညှိနှိုင်းခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အပစ်ရပ်သဘောတူညီမှုရခဲ့ကာ မန္တလေးတိုင်း မိုးကုတ်မြို့နှင့် မြောက်ဘက် ကပ်လျက် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့မှ  TNLA တပ်များ ထွက်ခွာပေးရမည် ဖြစ်သည်။

ယခုလ ၁ ရက်နေ့တွင် မိုးကုတ်မြို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် TNLAတို့ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ပြီးနောက် လာမည့်နိုဝင်ဘာလ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့အတွင်း မြို့မှထွက်ခွာမည့်အကြောင်း ပြောဆိုခဲ့ ကြသည်ဟု ထိုအခြေအနေကိုသိသူ ဒေသခံအမျိုးသား နောက်တစ်ဦးကလည်း Myanmar Now ကို ပြောသည်။

“ဟုတ်ပါတယ်။ နိုဝင်ဘာ၂၀ ကနေ ၂၅ အတွင်းပေါ့နော်။ ပြင်ဆင်မှုတွေကတော့ သူတို့ရုံးမှာ ပစ္စည်းတွေ သိမ်းတာတို့ ၊သူတို့ ဒီ ရဲမေတွေအကုန်လုံးထွက်ဖို့၊ ရွှေ့ဖို့ ကားတွေပြင်ဆင်နေတာတွေ ဒါတွေ တွေ့ပါတယ် ”ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၄ ခုနှစ် နှစ်လယ်မှ စတင်သော “ ၁၀၂၇စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းမြောက် မိုးမိတ်မြို့တို့ကို TNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)၊ မိုးကုတ်ဗျူဟာနှင့် မဟာမိတ်ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်များထွက်ရှိရာ မိုးကုတ်မြို့ကို TNLA က ဦးဆောင် အုပ်ချုပ်နေခြင်းဖြစ်သည်။

TNLA အုပ်ချုပ်မှု၏လက်အောက်တွင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များချထားခြင်းနှင့် ပတ်သက်၍ မြို့ခံအများစုက ဝေဖန်မှုများလည်းရှိခဲ့ကြသလို TNLA ဆုတ်ခွာမှုအတွက် မြို့ခံအများစုက မကျေနပ်မှုများ ရှိနေကြသည်ဟု ဆိုသည်။ 

မိုးကုတ်မြို့ကို စစ်ကော်မရှင်ထံ ပြန်ပေးလိုက်ခြင်း အပေါ် မကျေနပ်သလို ၎င်းတို့မိသားစုအနေဖြင့် မြို့ကို စွန့်ခွာလိုခြင်းမရှိဟု အထက်ပါ မိုးကုတ်မြို့ခံအမျိုးသမီးက ပြောသည်။

“ဒီတော်လှန်ရေးမှာ စိတ်ထဲမှာ တအားထက်သန်တာမို့လေ။ (မိုးကုတ်) ပြန်ပေးလိုက်ရတာကို လုံးဝလည်း မကျေနပ်ဘူး။ ရှောင်ပြေးဖို့လည်းစိတ်ကူးမရှိဘူး။ မိသားစုလိုက်ကို ဒီလိုပေးဆပ်တဲ့သူတွေလည်း အများကြီးပါ”ဟု သူက ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က မိုးကုတ်မြို့အနောက်ပိုင်းတွင် တွေ့ရသော PDF တပ်ဖွဲ့ဝင် အချို့။ (ဓာတ်ပုံ-Myanmar Now) 

မိုးကုတ်၊ မိုးမိတ်မြို့ကို ကာကွယ်မည်ဟု တော်လှန်ရေးတပ်များဆို

စစ်တပ်က ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မိုးကုတ်၊ မိုးမိတ်မြို့တို့ကို MDY-PDF ၊ မိုးကုတ် ပကဖ၊ မိုးကုတ်ဗျူဟာ အပါအဝင်  NUG တပ်ဖွဲ့များ၊ ကျောင်းသားတပ် (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ကာကွယ်သွားမည်ဟု အသီးသီး ထုတ်ပြန်ထားကြသည်။

လက်ရှိ မိုးကုတ်စစ်ရေးအခြေအနေမှာ တပ်ရင်းတပ်ဖွဲ့များ လုပ်ဆောင်ရမည့်အပိုင်း ဖြစ်လာသည့်အတွက် ထုတ်ပြောရန် စောသေးသည်ဟု မိုးကုတ်မြို့ခံစစ်ရေးရင်းမြစ်တစ်ဦးက ယနေ့ (နိုဝင်ဘာလ ၅ ရက်နေ့) နံနက်တွင် Myanmar Now ကို ပြောသည်။

မိုးကုတ်မြို့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့တပ်ဖွဲ့အနေဖြင့် အသက်ပေးကာကွယ်သွား မည်ဖြစ်သလို TNLA ၏ တိုက်ပွဲဝင်ခဲ့မှုများအပေါ် အသိအမှတ်ပြုကြောင်း  ပြီးခဲ့သည့်ရက်များက ပြော ထားသည်။

“နွေဦးတော်လှန်ရေးမှာ TNLA တိုက်ပွဲဝင်ခဲ့တာတွေကိုလည်း လေးစားအသိအမှတ်ပြုပါတယ် ။ ဒီဟာကလည်း တော်လှန်ရေးရဲ့အဆုံးသတ်မဟုတ်ပါဘူး။TNLA ကလည်း တော်လှန်ရေးကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။

မိုးကုတ်မြို့တွင် မကြာမီကာလများ၌ တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိုးကုတ်မြို့ခံများအနေဖြင့် လေကြောင်းရန် အထူးဂရုစိုက်ကြရန်လည်း သူက သတိပေးသည်။

မြေပြန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ရာလမ်းကြောင်းပေါ်တွင်ရှိသော မိုးကုတ်မြို့သည် ဝင်ငွေရ လမ်းကြောင်းတစ်ခုလည်းဖြစ်ရာ စစ်ကော်မရှင်တပ်က ပြန်လည်ရယူရန် အပြင်းအထန် ကြိုးစားနေပြီး မိုးကုတ်မြို့ကို ဝင်ရောက်နိုင်ရေး လမ်းနှစ်သွယ်မှ ထိုးစစ်ဆင်နေသည်။

စစ်တပ် ပြန်လည်သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုက ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းမှတဆင့် မြောက်ဘက် မိုးကုတ်မြို့ကို ဦးတည်ကာ တဖြည်းဖြည်း ထိုးဖောက်နေသည်။

အလားတူ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ စစ်တပ်စစ်ကြောင်းများကလည်း မန္တလေး- စစ်ကိုင်း- ရှမ်းမြောက် ဆက်သွယ်ရာ ဖော့တောလမ်းဆုံ အထိ ထိုးဖောက်နိုင်ခဲ့ပြီး မန္တလေး-မိုးကုတ် လမ်းမကြီးပေါ်ခြေချ၍ မိုးကုတ်မြို့ အနောက်ဘက်မှ ထိုးဖောက်ရန် ကြိုးပမ်းနေသည်။

ယခုနှစ်အတွင်း TNLA ထိန်းချုပ်မြို့ နောင်ချို၊ ကျောက်မဲ၊ သီပေါကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထားသလို NUG သိမ်းထားသည့် သပိတ်ကျင်းမြို့ကို စစ်တပ်က ပြန်ရယူထားသည်။ မတ္တရာနယ်အများစုကိုလည်း စစ်တပ်က ပြန်ထိန်းချုပ်ထားရာ ဧရာဝတီမြစ်အရှေ့ခြမ်း မန္တလေးတိုင်းနှင့် ရှမ်းမြောက်ထိစပ် နေရာအချို့ကို တော်လှန်ရေးဘက်မှ လက်လွှတ်လိုက်ရသည်။ 

Related Articles

Back to top button