အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အခွန်အခနှင့် ဖမ်းဆီးမှုများကြား နာလန်မထူနိုင်သေးသည့် တရုတ်နယ်စပ်ကုန်သွယ်ရေး

စစ်ကော်မရှင်က နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပြန်ဖွင့်ရန် ကြိုးပမ်းနေရာ ထိုအထဲတွင် မန္တလေးမှ ရှမ်းမြောက် တရုတ်နယ်စပ် မူဆယ်မြို့အနီးရှိ ကုန်သွယ်ရေးလမ်းမကြီးလည်း အပါအဝင်ဖြစ်သည်။

စစ်ကော်မရှင်က သီပေါမြို့အား ပြန်လည်ထိန်းချုပ်ပြီးနောက် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်တော့မည် ဖြစ်ကြောင်း  အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြေညာထားသည်။

စစ်တပ်၏ တန်ပြန်ထိုးစစ်သည် နောင်ချိုမြို့အနီး တောင်ခမ်းရွာအနီးမှ အခြေပြုကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ထိုလမ်းကြောင်းအတိုင်း တရွေ့ရွေ့ ထိုးဖောက်နေသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ဆက်သွယ်ထားသော အဆိုပါကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်က စတင်သော ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိုလမ်းကြောင်းတစ်လျှောက်  တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်က ရှမ်းမြောက်ဒေသမြို့များသို့ ပြည်မဘက်မှ ဆေးဝါး ၊ စားသောက်ကုန်၊ စက်သုံးဆီနှင့် လျှပ်စစ်ပစ္စည်းများ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။ 

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ထွက်ပေါက်မြို့များအားလုံးနီးပါး တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ရာ စစ်တပ်က ရှမ်းမြောက်တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသည်။

ထို့နောက် စစ်မှုထမ်းနှင့်အင်အားပြန်စုစည်းကာ ရှမ်းမြောက်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့သည်။
ထိုသို့ ထိုးစစ်ဆင်နိုင်ရန်လည်း ဘက်ပေါင်းစုံမှ ဖိအားပေးခဲ့ရာ TNLA သည် ထိန်းချုပ်မြို့ သုံး မြို့ကို လက်လွှတ်ခဲ့ရသည်။

စစ်ကော်မရှင်ခေါင်းဆောင်သည်လည်း ယခုနှစ်အတွင်း တရုတ်သမ္မတနှင့်နှစ်ကြိမ် တွေ့ဆုံခွင့်ရထားသည်။

အလားတူ  ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်နင်းမြို့တွင် တွေ့ဆုံခဲ့စဉ်  မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ ပူးပေါင်း နှိမ်နင်းရန် ၊ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်  ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရှိရန်တို့ကို ဝမ်ယိက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေး၊ နိုင်ငံတည်ငြိမ်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက အားပေးထောက်ခံပါကြောင်း ဝမ်ယိက  ပြောခဲ့သည်။

ထိုအခြေအနေတွင် ရှမ်းမြောက်ကုန်သွယ်ရေးသည် မည်သည့်အတိုင်းအတာရောက်ရှိနေပြီလဲဆိုသည် ကို စောကြောရန်လိုအပ်လာသည်။ 

တော်လှန်ရေးတပ်ဖွဲ့များလက်ထဲမှ ကုန်သွယ်ရေးလုပ်ငန်းများ

ရှမ်းမြောက်ဒေသရှိ တော်လှန်ရေးအဖွဲ့များ၏ ကွဲပြားခြားနားသည့် အခွန်ကောက်ခံမှုစနစ်များနှင့် စစ်ကော်မရှင်တပ်ဖွဲ့၏ တရားမဝင်ကုန်စည် ဖမ်းဆီးမှုဆောင်ရွက်မှုများကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများသည် မျှော်လင့်ထားသလောက် အလုပ်မဖြစ်ဟု ဒေသခံများနှင့် ကုန်သည်များထံက သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သော တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို သိမ်းပိုက်ခဲ့ပြီး နှစ်နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အခွန်ကောက်ခံသည့်စနစ်ဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်မှာ သုံးလဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။

“အခွန်ကိစ္စကြောင့်လည်းဖြစ်တယ်၊ ဖမ်းဆီးမှုတွေလည်းရှိလို့ပေါ့ဗျာ။ စဖွင့်တုန်းကတော့ အတော် စည်တယ်။ ငါး မိုင် ပြန်ဖွင့်ပြီဆိုတော့ အလုပ်သမားတွေ ပြန်လာကြတာ။ ဒါပေမဲ့ အခုတော့ အေးသွားပြီ။ ကားအစီးရေတောင် ဆယ်စီးမပြည့်တော့ဘူး” ဟု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။

အရောင်းအဝယ် မဖြစ်သဖြင့် မြန်မာပြည်ဘက်မှလာသည့် အလုပ်သမားအများစု နေရပ်ပြန်သွားကြရာ ရောင်းရေးဝယ်ရေးလုပ်ငန်းလည်း အေးစက်နေသည်ဟု ကုန်သွယ်ရေးဇုန်အတွင်း ဈေးရောင်းချနေသူများထံက သိရသည်။

တရုတ်နယ်စပ် မူဆယ်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင်ရှိသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် လစဉ် အမေရိ ကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်သွယ်မှုရှိခဲ့သော နယ်စပ်ဂိတ်ကြီးတစ်ခုဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုမတိုင်မီက နေ့စဉ် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲနှင့် သခွား စသည့် ကုန်စည်များကို ကား အစီးရေ ၃၀၀ ကျော် တရုတ်သို့တင်ပို့နိုင်ခဲ့သည်ဟု ကုန်သည်များက ဆိုသည်။

မူဆယ်မြို့တွင် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ် စသည့် တရုတ်နှင့် ဆက်စပ်သည့် နယ်စပ်ဂိတ် သုံးခုရှိသည်။ 

မန့်ဝိန်းဂိတ်မှာ နှစ်နိုင်ငံကြား ကုန်ကားများ ကုန်ဖလှယ်မှုအတွက် အဓိက အသုံးပြုသည့်နေရာဖြစ်ပြီး ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်များသည် တစ်ပိုင်တစ်နိုင်ကုန်သယ်ခွင့်နှင့် လူဝင်လူထွက်အတွက်သာ ခွင့်ပြုသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မူဆယ်မြို့ကို စစ်ကော်မရှင်က ဆက်ထိန်းချုပ်နိုင်ခဲ့သော်လည်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။ 

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကုန်တင်ရပ်နားစခန်း။ (Myanmar Now)

လက်ရှိတွင် တရုတ်ဘက်မှ ဆင်ဖြူဂိတ်တစ်ခုတည်းမှ နိုင်ငံခြားကုန်သယ်ခွင့်ပြုထားပြီး မန့်ဝိန်းဂိတ် မှ တရုတ်အတွင်းသို့ ကုန်ဖလှယ်မှုများ ပြန်မစတင်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

“အရင်က မန့်ဝိန်းဂိတ်ကနေ  ကုန်ကားအများဆုံး ဝင်လာတာ။ အခုတော့ တရုတ်ဘက်က ပိတ်ထားတာ။ ဆင်ဖြူဂိတ်ဘက်ကနေ တစ်ပိုင်တစ်နိုင် ဆိုင်ကယ်လေးတွေနဲ့ပဲ သယ်နေကြတာ” ဟု မူဆယ် ဒေသခံတစ်ဦး က ပြောသည်။

မန့်ဝိန်းဂိတ်မှ ကုန်သွယ်ခွင့်မရ၍ တရုတ်နှင့် ကုန်သွယ်လိုသည့် ကုန်သည်များအနေဖြင့် ညီနောင်သုံးဖွဲ့ ပူးတွဲ ထိန်းချုပ်ထားသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ခုနစ်မိုင်အကွာရှိ ကျင်စန်းကျော့ဂိတ်နှင့် ကိုးကန့်ဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်များကိုသာ အဓိက အသုံးပြုနေကြသည်။

ကွဲပြားသည့် အခွန်ကောက်ခနှုန်းများ

သို့သော် ကျင်စန်းကျော့လမ်းကြောင်းတွင် တော်လှန်ရေးအဖွဲ့များ၏ အခွန်ကောက်ခံမှုများကြောင့် လုပ်ငန်းများ အဆင်မပြေဟု ကုန်သည်များထံက သိရသည်။ 

ရှမ်းမြောက်ဒေသ သီပေါမြို့မှ မူဆယ် ၁၀၅ မိုင်သို့  ပြောင်း တင်ပို့လိုသည့် ကုန်သည်များအနေဖြင့် သီပေါမြို့နယ် နမ့်လမ်မြို့၌ SSPP/SSA တပ်ဖွဲ့အား ကားတစ်စီးလျှင် ငွေကျပ်သိန်းဂဏန်း အခွန်ပေးဆောင်ရသည်ဟု ကုန်သည်များက ဆိုသည်။

လားရှိုးမြို့အထွက် မယ်ဟန်ဂိတ်တွင် MNDAA တပ်ဖွဲ့အား ပြောင်းတစ်တန်လျှင် ယွမ် ၄၀ အခွန်ပေးရပြီး ကွတ်ခိုင်အရောက်တွင် TNLA တပ်ဖွဲ့အား ပြောင်းတစ်တန်လျှင် ယွမ် ၅၀ ထပ်မံပေးရသည်။ နမ့်ဖတ်ကာ ရွာတွင် KIA တပ်ဖွဲ့အား ထပ်မံအခွန်ပေးရပြီး ၁၀၅ မိုင် အရောက်တွင် AA တပ်ဖွဲ့အား ပြောင်းတစ်တန် လျှင် ယွမ် ၂၀ ဖြင့် ထပ်မံအခွန်ပေးရသည်။ 

ထို့ကြောင့် ကုန်သယ်မှုအတွက် အခွန်နှုန်းမြင့်ခြင်းကြောင့် အမြတ်ထက် အရှုံးပိုကြောင်း ကုန်သည်များ က ဆိုသည်။

“ငါးမိုင်မှာ သုံးဖွဲ့ပေါင်းဆောင်ရမယ်ဆိုရင် တစ်ဖွဲ့ကို နှစ်ဆယ်နှုန်းနဲ့ ယွမ် ၆၀ ကျမယ်။ သီပေါကလာရင် လမ်းမှာ ကိုးကန့်နဲ့ ပလောင်အဖွဲ့တွေကိုဆောင်ခဲ့ရင် ဒီမှာ AA ကို ယွမ် ၂၀ ထပ်ပေးရတယ်။ ဆိုတော့ သုံးဖွဲ့ ပေါင်းပြန်တွက်ရင် ပြောင်းတစ်တန်ကို ယွမ် ၁၁၀ ထိ ကျသွားတယ်။ ဒီလိုဆိုရင် ကုန်ကျစရိတ်များလို့ တစ်ခါတလေ ရှုံးတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်သို့ ပြောင်းတင်ပို့ရာတွင် ၁၂ ဘီးကားတစ်စီးလျှင် ပြောင်းအိတ် ၆၈၀ ခန့် သယ်ဆောင်နိုင်ပြီး တစ်စီးလျှင် ပြောင်းအလေးချိန် ၃၄ တန်ခန့် ရှိကြောင်း ကုန်ကားမောင်းသူများက ဆိုသည်။

ယခုအချိန်တွင် တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၅၆၀ ကျော်ရှိနေသဖြင့် ကုန်ကား တစ်စီးလျှင် အခွန်ငွေ အနည်းဆုံးကျပ်သိန်း ၂၀ ခန့်ပေးဆောင်ရကြောင်း သိရသည်။

MNDAA တပ်ဖွဲ့ထိန်းချုပ်သည့် လားရှိုးမြို့အထွက်မှ မူဆယ် ၁၀၅ မိုင်အထိ မိုင် ၁၀၀ ကျော် ခရီးအတွင်း TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ပေါင်း ခုနစ်ဂိတ်ရှိပြီး MNDAA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် သုံးဂိတ်ကို ဖြတ်သန်းရသည်။

ကွတ်ခိုင်-မူဆယ်လမ်းပိုင်းမှ TNLA စစ်ဆေးရေးဂိတ်တစ်ခုကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now )

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် မူဆယ်မြို့နယ် နမ့်အွမ်ရွာများတွင် KIA နှင့် SSPP/SSA တပ်ဖွဲ့ဂိတ်များအား ထပ်မံဖြတ်သန်းရသည်ဟု ကုန်တင်ကားဆရာများက ဆိုသည်။

နမ့်ဖတ်ကာ၊ နမ့်အွန်ကျေးရွာများတွင် KIA၊ SSPP/SSA နှင့် TNLA တို့၏ စစ်ရေးဂိတ်များသည် တစ်ဖာလုံ နီးပါးမျှသာ ခြားသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ပြောင်း စသည့် လယ်ယာ ထွက်ကုန်များ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ လျှပ်စစ်ပစ္စည်း၊ သံ၊ သွပ်၊ လယ်ယာသုံး စက်ပစ္စည်း၊ အထည်အလိပ်နှင့် စားသောက်ကုန်များ အဓိက တင်သွင်းသည်။

ယခင်က ယခုကဲ့သို့ ပြောင်းပေါ်ရာသီရောက်လျှင် ၁၀၅ မိုင်ဂိတ်မှ တရုတ်သို့ ပြောင်းတန်ချိန် ထောင်နှင့်ချီ ကုန်သွယ်မှုပြုနိုင်သော်လည်း လက်ရှိတွင် တစ်ရက် ပြောင်းတန်ချိန် တစ်ရာတောင် ပြည့်မီအောင် တင်ပို့ နိုင်ခြင်းမရှိဟု ကုန်သည်များက ပြောသည်။

တရုတ်သို့ ကုန်တင်ပို့ရာတွင် လမ်းခရီးအခွန်အခများကြောင့် အခက်အခဲဖြစ်ရသလို တရုတ်သွင်းကုန်များအား ညီနောင်သုံးဖွဲ့ဘက်မှ အခွန်ကောက်ခံရာတွင် စနစ်ကျသည့် တန်ဖိုးသတ်မှတ်ချက် မရှိ၍ အခွန်နှုန်းထားများ ပိုပေးနေရသည်ဟု ဆိုကြသည်။

“အရင်အစိုးရလက်ထက်မှာ တရုတ်ကနေ ခြင်ရိုက်ဘက်တံ သွင်းမယ်ဆိုရင် တစ်ဖာကို ဘယ်လောက် ဈေးဆိုပြီး သူသတ်မှတ်ချက်အတိုင်း ပေးလိုက်ရင် ရှင်းတယ်။ အမျိုးအစား နည်းနည်းကွဲလည်း ရတာ။ အခုဟာက တစ်ခုချင်းဈေးကို အလီဘာဘာဝက်ဘ်ဆိုက်ကနေ လက်လီရောင်းတဲ့ဈေးကို ကြည့်ပြီး ကောက်တာ။ ပြန်ရောင်းဖို့ မဖြစ်နိုင်ဘူး” ဟု သွင်းကုန်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

စနစ်မကျသည့် အခွန်စနစ်များကြောင့် ကုန်သည်များကြား ဈေးကွက်ယှဉ်ပြိုင်ရာတွင် မမျှတမှုများနှင့် ကြုံရသည်ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ကျွမ်းကျင်သူများက ထောက်ပြသည်။

“ပြောင်းက ဒေသထွက်ကုန်ဗျာ။ သီပေါကလာတဲ့သူက ယွမ် ၁၀၀ ကျော် အခွန်ဆောင်ရပေမဲ့ မူဆယ် နားနေတဲ့သူတွေကြတော့ ငါးမိုင်မှာ သုံးဖွဲ့ကို ၆၀ ပေးလိုက်ရင် ရပြီ။ အဲဒီမှာတင်သူက တရုတ်ကို ဈေးလျှော့ ရောင်းလို့ ရပြီ။ သွင်းကုန်လည်း အဲ့ဒီအတိုင်းပဲ။ ချင်းရွှေဟော်ဘက်က မြေဩဇာသယ်တဲ့သူက ကိုးကန့် တစ်ဖွဲ့ကိုပဲ ဆောင်လိုက်ရင် သူက ဈေးလျှော့ရောင်းလို့ ရပြီ။ ဒီဘက်မှာက သုံးဖွဲ့ မကဘူး။ အဲဒီလိုတွေ ဖြစ်နေတာ” ဟု မူဆယ်မြို့ခံ ကုန်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ထို့ကြောင့် ကုန်သည်အများစုက အခွန်သက်သာရန် MNDAA တစ်ဖွဲ့တည်းသာ ထိန်းချုပ်သည့် ချင်းရွှေဟော် လမ်းကြောင်းအား ပိုရွေးချယ်လာကြသဖြင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ အလုပ်မဖြစ်တော့ ဟု ဒေသခံ များနှင့် ကုန်သည်များထံက သိရသည်။

 အောက်တိုဘာလအတွင်း MNDAA  ထိန်းချုပ်ထားသည့် ချင်းရွှေဟော်-ကွမ်းလုံ လမ်းပိုင်း။ (ဓာတ်ပုံ- Myanmar Now ) 

ကုန်သည်များ ပိုရွေးချယ်လာသည့် ချင်းရွှေဟော်လမ်းကြောင်း

MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်းနယ်စပ်ဂိတ်များရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့နှင့် အဓိက ကုန်သွယ်မှုပြုသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် မန္တလေးမြို့မှ  ၂၈၂ မိုင် အကွာတွင်ရှိပြီး လားရှိုးမြို့နှင့် ၈၅ မိုင် အကွာတွင်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်မှ ကုန်တင်ပို့မှုအား တရုတ်အစိုးရဘက်မှ ကန့်သတ်ခဲ့သော်လည်း MNDAA နှင့် စစ်ကော်မရှင်တို့ အပစ်ရပ်ပြီးနောက် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ တရုတ်ဘက်မှ ကုန်သွယ်မှုများ ပြန်လည်ခွင့်ပြုထားသည်ဟု ကွမ်လုံဒေသခံများထံက သိရသည်။

အဆိုပါလမ်းကြောင်းတစ်လျှောက် MNDAA ဂိတ်များသာရှိပြီး လားရှိုးတွင် အခွန်ဆောင်လာသည့် ကုန်ကားများ လမ်းကြောင်းတစ်လျှောက် ကိုးကန့်တပ်ဖွဲ့အား အခွန်ထပ်ပေးရန် မလိုဟု ကုန်ကားဆရာများထံက သိရသည်။

ယခုရက်ပိုင်း ချင်းရွှေဟော်ဂိတ်မှ တရုတ်နိုင်ငံသို့ ပဲ၊ ပြောင်း၊ ကြံ၊ သတ္တု၊ ကျောက်မီးသွေး စသည့် ကုန်များအား အဓိကတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်များအား တင်သွင်းသည်ဟု သိရသည်။

ချင်းရွှေဟော်နယ်စပ်တွင်လည်း တရုတ်ဘက်မှ တင်သွင်းလာသည့် သွင်းကုန်အတွက် အခွန်ကောက်ခံမှုမှာ စနစ်မကျသေးဟု ကုန်သည်များက ပြောသည်။

“တရုတ်မှာ ဘယ်ဈေးရောင်းသလဲ အဲအတိုင်းပဲ ကောက်နေတာပါ။ လက်လီဈေးနဲ့ပဲ ကောက်နေတာ။ သိပ်တော့ အဆင်မပြေသေးဘူး။ လမ်း (အခွန်) ပေးရတာ သက်သာတာပဲရှိတယ်” ဟု ကုန်သည်တစ်ဦးက ဆိုသည်။

သို့ရာတွင် မူဆယ် ၁၀၅ မိုင်လမ်းထက် ချင်းရွှေဟော်လမ်းသည် ကုန်ကားများ သွားလာမှု နှစ်ဆကျော် ပိုများသည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ၂၀၂၃ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်အတွင်း ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၈၃၇ သန်းခန့် ပို့ကုန် တင်ပို့နိုင်ခဲ့သည်။

တရုတ်သွင်းကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၁၁၁ သန်း တန်ဖိုးရှိခဲ့သည်ဟု စစ်ကော်မရှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနစာရင်းများတွင် ဖော်ပြထားသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၁၃၁ သန်း တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ တင်သွင်းကုန် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၅၃ သန်းရှိခဲ့သည်။

ကုန်သွယ်ရေးစခန်းများအား ညီနောင်သုံးဖွဲ့က ထိန်းချုပ်ပြီးနောက်ပိုင်း အဆိုပါ ဂိတ်များမှ ကုန်သွယ်မှု တန်ဖိုးအား စစ်ကော်မရှင်က ထုတ်ပြန်ခြင်း မရှိတော့ပေ။

တော်လှန်ရေးအဖွဲ့များဘက်မှလည်း ကုန်သွယ်မှုတန်ဖိုးနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။

အခွန်ကောက်ခံမှုဈေးနှုန်းမြင့်နေသည့် ကိစ္စနှင့်ပတ်သက်၍ ညီနောင်သုံးဖွဲ့ကြာ ဆွေးနွေးမှုများ ရှိနေသော်လည်း အဆင်မပြေသေးဟု ညီနောင်သုံးဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိရှမ်းမြောက်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းတွင် ကိုးကန့်တပ်ဖွဲ့က ချင်းရွှေဟော်ဒေသ အပြင် မူဆယ် ၁၀၅ မိုင်တွင်လည်း ဝေစုရနေသည်။

ညီနောင် သုံး ဖွဲ့ ထိန်းချုပ်သည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် AA, TNLA တို့က ကုန်စည်များအား စစ်ဆေးနေသည်ကို ယခုနှစ် ဇူလိုင်လက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ရှမ်းမြောက်မှလာသော သွင်းကုန်များကို စစ်ကော်မရှင် စောင့်ဆိုင်းဖမ်းဆီး 

ရှမ်းမြောက်ဒေသ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများအား ဖြတ်သန်းလာသည့် တရုတ်ထုတ် ကုန်စည်များအား တရားမဝင်ကုန်စည်များအဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားပြီး ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ကုန်သည်များက ပြောသည်။

“ရှမ်းမြောက်ကုန်စည်တွေက ရှမ်းတောင်ပိုင်းကို ဖြတ်ရင် မိုင်းပွန်ဂိတ်ကို မကျော်နိုင်ဘူး။ နောက်ပြီး ကျွဲတပ်ဆုံဂိတ်မှာလည်း အဖမ်းအဆီးက ရှိနေတော့ မလွယ်ဘူး” ဟု ရှမ်းမြောက်ဒေသ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုသည်။

ဖမ်းဆီးမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သည့် ရှမ်းမြောက်ဒေသအတွင်းသာ ကုန်သွယ်မှု ပိုများပြီး ပြည်မသို့ ကုန်တင်ပို့မှု အကန့်အသတ်နှင့်သာရှိသည်ဟု သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သည့် တရားမဝင်ကုန်စည် တိုက်ဖျက်ရေးကော်မတီအား ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသများမှ ဝင်ရောက်လာသည့် ကုန်စည်များအား ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

၂၀၂၅ ခုနှစ် မတ်လအထိ သုံးနှစ်အတွင်း ဖမ်းဆီးရမိသည့် အမှုတွဲပေါင်း ၂၂,၁၉၈ မှုရှိပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ယခုလအတွင်း TNLA သိမ်းပိုက်ထားသည့် သီပေါမြို့အား စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲကြောင့် နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေး–လားရှိုး ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်ဖွင့်ပေးခဲ့သည်။

ထို့ကြောင့် မန္တလေး–လားရှိုး–မူဆယ်–ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ပွင့်သွားခဲ့သည်။ 

ခရီးသွားများအတွက် အဆိုပါလမ်းကြောင်းသည် အဆင်ပြေသော်လည်း ဖရဲ၊ သခွားနှင့် ရေထွက်ကုန် တင်ပို့သည့် ကုန်သည်များအပါအဝင် ပို့ကုန်၊ သွင်းကုန်တင်ပို့သည့် ကုန်သည်အများစုအတွက် အလုပ် မဖြစ်သေးဟု ကုန်သည်အချို့က ဆိုသည်။

“ရေထွက်ကုန်တွေက တာရှည်မရဘူး။ ဖရဲ၊ သခွားလည်း ဒီလိုပဲ။ ဆိုတော့ အခုအခြေအနေအရ မလွယ် သေးပါဘူး။ လမ်းအခြေအနေက မလွယ်သေးဘူး။ အခွန်ကိစ္စတွေ ညှိရမှာ ရှိသေးတယ်။ နယ်စပ်ကုန် သွယ်ရေးက နာလန်ထူဖို့ မဖြစ်နိုင်သေးဘူး” ဟု ရေထွက်ကုန် လုပ်ငန်းလုပ်ကိုင်သည့် ကုန်သည်တစ်ဦးကလည်း ပြောသည်။

ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်အားကောင်းရန်  ကုန်သည်များ လက်ခံနိုင်သည့် ဘုံအခွန်စနစ်တစ်ခုအား တော်လှန်ရေးအစုအဖွဲ့များက ဆောင်ရွက်ပေးရန် လိုနေပြီး စစ်ကော်မရှင်ဘက်တွင်လည်း ဖြေလျှော့မှုများရှိမှသာ တရုတ်နယ်စပ်ကုန်သွယ်ရေး နာလန်ထူနိုင်မည်ဟု နယ်စပ်ကုန်သည်များက မှတ်ချက်ပြုသည်။ 

TNLA ထိန်းချုပ်ရာ  သီပေါမြို့အား စစ်ကော်မရှင်တပ်က သိမ်းပိုက်ခဲ့သော်လည်း သီပေါ-လားရှိုး ကုန်သွယ်ရေးလမ်းအား ထိန်းချုပ်ထားသည့် MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေ။

စစ်ကော်မရှင်တပ်သည် လက်ရှိတွင် TNLA  ထိန်းချုပ်ရာ နမ္မတူမြို့အား  ဆက်လက်ထိုးစစ်ဆင်နေ သည်။

ကုန်သွယ်ရေးဝေစု အများဆုံးရထားသည့် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကော်မရှင်ကြား ညှိနှိုင်းမှုများ ရှိခဲ့လျှင် ချင်းရွှေဟော် -မန္တလေးကုန်သွယ်ရေးလမ်းပိုင်း ပြန်ပွင့်လာနိုင်သော်လည်း ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်မှာ လနှင့်ချီကြာနိုင်သေးသည်ဟု နယ်စပ်ကုန်သည်များနှင့် ဒေသခံများကဆိုသည်။

၂၀၂၄ အောက်တိုဘာလ ဒုတိယပတ်က တွေ့ရသော မူဆယ်မြို့အဝင်။ (ဓာတ်ပုံ-AFP) 

Related Articles

Back to top button