တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် လေးမိုင်အကွာ အထိ စစ်တပ်စစ်ကြောင်း ရောက်လာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေချိန်၊ စစ်ကောင်စီ က ပြင်ဦးလွင်–နောင်ချိုလမ်းပိုင်းတွင် စားသောက်ကုန်နှင့် ဆေးဝါးသယ်ဆောင်ခွင့် ပိုမိုတင်းကြပ်လိုက် သည်ဟု ဒေသခံများထံက သိရသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ၁၃ မိုင်ခန့်အကွာ ဝက်ဝံ စစ်ဆေးရေးဂိတ်နှင့် ယင်းငူပင်ရွာ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုများ တင်းကြပ်နေသည်ဟု ကိုယ်တိုင်ကြုံခဲ့သည့် ဒေသခံများက ပြောကြသည်။
“ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြလာတာပါ ဆိုရင်တောင် ဆေးများလို့ဆိုပြီး ယူထားလိုက်တယ်။ သယ်လို့မရဘူးတဲ့။ အရင်က ဒီလောက်မစစ်ဘူး၊ အခုမှ ပိုကြပ်လာတာ” ဟု ဝက်ဝံ စစ်ဆေးရေးဂိတ်မှ ပုံမှန်ဖြတ်သန်းသွားလာနေသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
ဝက်ဝံစစ်ဆေးရေးဂိတ်နှင့် ၁၀ မိုင်ခန့်အကွာ ယင်းငူပင်စစ်ဆေးရေးဂိတ်တွင် စားသောက်ကုန်များ အပို ပါလာသည်ဟု ဆိုကာ သိမ်းယူခံရကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ခရီးသွားတစ်ဦးကလည်း ဆိုသည်။
“ခဏခဏ တိုက်ပွဲဖြစ်တော့ လမ်းမှာ ညအိပ်ရတတ်လို့ လိုရမယ်ရ ဆိုပြီး ခေါက်ဆွဲခြောက်တို့၊ ငါးသေတ္တာတို့ အပို ယူလာမိတာ သိမ်းသွားတာပဲ။ ဆန်၊ ဆီကတော့ မပြောနေနဲ့၊ ဘာမှကို သယ်လို့ မရဘူး “
အဆိုပါ စစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းမည့် ခရီးသည်နှင့် ကားသမားများအား ဓာတ်ပုံရိုက် မှတ်တမ်း တင်ပြီးမှ သွားလာခွင့်ပြုသည်ဟု ခရီးသွားများထံက သိရသည်။
“ခရီးသည်ရော ကားသမားရော အကုန်ဆင်းပြီး ကားရှေ့မှာ တရားခံတွေလိုပဲ ဓာတ်ပုံ ရိုက်ယူထားလိုက် တယ်” ဟု ကိုယ်တိုင် ကြုံခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ဆေးမှုတင်းကြပ်သည့် ယင်းငူပင်ရွာ စစ်ဆေးရေးဂိတ်နှင့် မိုင်အနည်းငယ်အကွာတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ဆေးရေးစခန်းများလည်းရှိသည်ဟု ခရီးသွားများက ဆိုသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ဆေးတာတွေရှိပါတယ်။ စစ်တပ်နဲ့တော့ ကွာတာပေါ့။ ကောင်း ကောင်းမွန်မွန်ပဲ ပြောပါတယ်။ ဘယ်သွားမလို့လဲ၊ ဘယ်ကလာလဲ။ လက်နက်ကြီးတွေ ပစ်နေလို့ သတိနဲ့ သွားကြပါ၊ ဒီလိုပြောပါတယ်။ ပိုက်ဆံတွေဘာတွေ တောင်းတာ၊ ပစ္စည်းနှိုက်ယူထားတာမျိုးတော့ မရှိပါ ဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ရှမ်းမြောက်နှင့်မန္တလေးတိုင်းနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့သည် ၃၅ မိုင်ကျော်ကွာဝေးပြီး ကားဖြင့် တစ်နာရီကျော်သာ သွားရသည့် ခရီးဖြစ်သည်။ ဝက်ဝံစစ်ဆေးရေးဂိတ်သည် နောင်ချိုနှင့် ပြင်ဦးလွင်မြို့ အကြား တည်ရှိပြီး ယခင်တိုက်ပွဲများ ပြင်းထန်စဉ်ကလည်း စစ်ကောင်စီက ကုန်စည် စီးဆင်းမှုကန့်သတ် ခဲ့သည်။
“ ၁၀၂၇ စစ်ဆင်ရေး” စတင်သည့် ၂၀၂၃ ခုနှစ်ကတည်းက စစ်တပ်က အဆိုပါ ပြည်ထောင်စုလမ်းမကြီး အား ဘန့်ဘွေးရွာမှပိတ်ဆို့ထားသဖြင့် ခရီးသွားလိုသူများသည် ကျေးရွာကွင်းလမ်းများ တစ်ဆင့် ၅ နာရီ ကျော်ကြာ အချိန်ပေး၍ သွားလာနေရသည်။
မိုးရွာသွန်းသည့်အချိန်များတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ကာ လမ်းတွင် ညအိပ်ကြရသည်ဟု ကိုယ်တိုင် ကြုံခဲ့သူများက ပြောကြသည်။
ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) ၊ ရခိုင် (AA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်ကောင်စီတပ်က ရှမ်းမြောက်ဒေသမြို့များသို့ ဆေးဝါး၊စားသောက်ကုန်၊ စက်သုံးဆီနှင့် လျှပ်စစ်ပစ္စည်းများ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း ပင်လုံစစ်ဆေးရေးဂိတ်၊ ရပ်စောက်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်စစ်ဆေးရေးဂိတ် များမှ ရှမ်းပြည်မြောက်ပိုင်းသို့ အဆိုပါ ကုန်ပစ္စည်းများ တင်ပို့မှုကို တင်းကြပ်ခဲ့ကြောင်း ကုန်သည်များက ဆိုသည်။
အလားတူ၊ တရုတ်နိုင်ငံဘက်ကမှ တော်လှန်ရေးတပ်ဖွဲ့များအား စစ်ပွဲရပ်ရန် ဖိအားပေးသည့်အနေဖြင့် ၂၀၂၄ ဩဂုတ်မှ စတင်ကာ တရုတ်နယ်စပ်ဂိတ်များမှ စားသောက် ကုန်၊ ဆေးဝါး၊ လျှပ်စစ်၊ စက်သုံးဆီ နှင့် လူဝင်ထွက်ခွင့်ကို ပိတ်ပင်ခဲ့သည်။
MNDAA နှင့် စစ်ကောင်စီတပ်တို့ အပစ်ရပ်ရေး သဘောတူညီပြီးနောက်ပိုင်း တရုတ်နိုင်ငံမှ MNDAA ထိန်းချုပ်ဒေသသို့ စားသောက်ကုန်၊ စက်သုံးဆီနှင့် ဆေးဝါး သယ်ဆောင်ခွင့်ကို ပြန်လည် ခွင့်ပြုခဲ့သည်။
သို့ရာတွင် TNLA ထိန်းချုပ်သည့် ဒေသနှင့် ဆက်စပ်သည့် နယ်မြေများအား ကန့်သတ်မှုများ ဆက်လက် လုပ်ဆောင်ထားသည်။
MNDAA ထိန်းချုပ်ရာ လားရှိုးကို စစ်တပ်ပြန်လည် ရရှိပြီးနောက် ၂၀၂၅ ဧပြီမှ စတင်ကာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်ပစ္စည်းများ လားရှိုးသို့ သယ်ဆောင်ခွင့် အနည်းငယ် ဖြေလျော့မှု ရှိသော်လည်း တိုက်ပွဲ မဖြစ်မီကာလကဲ့သို့ ပုံမှန်မဖြစ်သေးကြောင်း၊ TNLA ထိန်းချုပ်နယ်မြေများအား ဆက်လက် ကန့်သတ် ထားကြောင်း ကုန်သည်များက ဆိုသည်။
TNLA ထိန်းချုပ်မြို့များအနက် ၅ မြို့ကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သော်လည်း သဘောတူ ညီမှု မရသေးသောကြောင့် TNLA နှင့် စစ်ကောင်စီတို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ရှမ်းမြောက်ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရရှိရန်အပြင်းအထန် ထိုးစစ်ဆင်နေသည်။
ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော TNLA သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက တိုက်ပွဲများရပ်တန့် ရန် စစ်ကောင်စီနှင့် တအောင်းတပ်တို့ကို မကြာသေးခင်က သီးခြားစီတွေ့ဆုံ စကားပြောခဲ့ပြီး နှစ်ဖက် လုံးကိုအပစ်ရပ်ရန် ပြောခဲ့ကြောင်း TNLA မှ လွေးယေဦးက မီဒီယာများကိုပြောခဲ့သည်။



