
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် တိုက်ပွဲများ ပြန်ဖြစ်နေ၍ ထွက်ပြေးနေရသည့် ဒေသခံအရေအတွက် တစ်သောင်းကျော် ရှိလာသည်။
ကနီမြို့နယ်တွင် ဧပြီလဆန်းပိုင်း၌ အစပြုခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုများ မေ ၂၂ ရက်တွင် ပိုမိုဆိုးရွား ပြင်းထန်လာသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်သားတွေလာတယ်ဆိုတာနဲ့ ကိုယ့်ရွာများဝင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အကုန်လုံးက ပြေးနေရတာ။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရော၊ ဘေးမှာရော အတွင်းဘက်ပိုင်းက ကျတဲ့ရွာတွေပါ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲ ရှာဖွေတာတွေကြောင့် နီးစပ်တဲ့နေရာတွေ၊ တပ်နဲ့ လွတ်ကင်းမယ့်နေရာတွေကို သွားပြီးတော့ စစ်ဘေးခိုလှုံနေရတာ အခုထိပဲ။ နေ့ရော ညပါ အသံကြားတာနဲ့ကို ရွှေ့နေရတဲ့အနေအထား ဖြစ်နေတယ်” ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ဧပြီလဆန်းမှစ၍ မေ ၂၇ ရက်နေ့အထိ မြို့နယ်အတွင်း ရွာပေါင်း ၄၀ ဝန်းကျင်မှ လူတစ်သောင်းခွဲနီးပါး နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၆ တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တောင်ကိုးလုံးရွာနှင့် ပဲကင်းရွာကြား၊ ကင်းရွာအောက်ဘက် ချင်းတွင်းမြစ်အနီး တိုက်ပွဲဖြစ်ပြီး ကင်းရွာတွင် စစ်တပ်က တပ်စွဲထားလိုက်၍ အိမ်ခြေတစ်ထောင်ကျော်ရှိသော ၎င်းရွာမှ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။
၎င်းတို့ နေရပ်မပြန်နိုင်ခင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားလာ၍ လက်ရှိ တိမ်းရှောင်နေသောနေရာမှ ပိုဝေးသောနေရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ရွာမှာ စစ်တပ်က လာပြီးတပ်စွဲတော့ ရွာကလူတွေ အစက (မူလ) ရှောင်နေရတဲ့နေရာကနေ ပိုဝေးတဲ့နေရာကို ရှောင်ရတယ်။ ကျွန်တော်တို့မှာ အိပ်ကောင်းခြင်းလည်းမအိပ်ရဘူး။ ဘယ်သူမှ ကောင်းကောင်းမနေရဲဘူး” ဟု ကင်းရွာဒေသခံတစ်ဦးက ပြောသည်။
ကနီဒေသခံများသည် ဆွေမျိုးရှိသော နီးစပ်ရာကျေးရွာများနှင့် တောတောင်များထဲတွင် ပုန်းအောင်းခိုလှုံနေရသည် မှာ မေလဆန်းကတည်းကဖြစ်သည်။
လက်ရှိ စစ်ရှောင်နေရသူများထဲတွင် ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အိုများပါဝင်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဧပြီလဆန်း၌ စစ်တပ်နှင့် ဒေသခံတပ်ဖွဲ့များသည် ကနီမြို့နယ် မုံရွာ – ယာကြီး – ကလေးဝလမ်းတစ်လျှောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မေလဆန်း၌ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင်ပါ တိုက်ပွဲများဖြစ်ပွားလာသည်။
မေ ၂၂ ၌ ကနီ – မင်းကင်းလမ်း မျှိုင်းရွာအနီးတွင် ဖြတ်သန်းသွားသည့် စစ်ကားများကို ဒေသခံတို့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများသော်လည်း အရေအတွက် အတိအကျမသိရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။
ထို့နောက် မေ ၂၅ တွင် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း လက်ပံစုကျေးရွာအနီး စစ်တပ်နှင့် ဒေသခံအဖွဲ့များ တိုက်ပွဲဖြစ်ကာ စစ်တပ်က ထူးပေါက်ကျေးရွာတွင် တပ်စွဲလိုက်သည်။
ယင်းနောက် အနီးအနားရှိ ကျွန်းမကြား၊ ဝယာ၊ ကျွဲတက်ရွာစသည့် ကျေးရွာများ၌ စစ်တပ်က ဝင်ရောက်စီးနင်းကာ ဆိုင်ကယ်အပါအဝင် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်။
ယမန်နေ့ (မေ ၂၇ ) ရက်နေ့ မနက်ပိုင်းကလည်း ကနီမြို့နယ်အတွင်းရှိ ကျော်ရွာ၊ ဇီးဖြူကုန်းရွာနှင့် ရှမ်းမြောင်းရွာတို့ကို နေအိမ်များ၊ စျေးဆိုင်များမှ စားသောက်ကုန်များ၊ ဆိုင်ကယ်များ ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ကနီမြို့နယ်တွင် မေ ၂၂ မှ ၂၇ အထိ ၅ ရက်အတွင်း စစ်တပ်နှင့် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရခဲ့ကာ အများစုမှာ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
စစ်တပ်ဘက်ကမူ ကနီမြို့နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
ကယားပြည်နယ်တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်သောင်းကျန်းသူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ကနီမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့ပြီး ဧပြီလဆန်းမှစ၍ စစ်တပ်၏ ဖိနှိပ်မှုများကို ကာကွယ်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ တူမီးအပါအဝင် လက်နက်များဖြင့် ခုခံနေသော ဒေသဖြစ်သည်။
