မြန်မာပြည်တောင်ပိုင်းဒေသတွင် မေ ၅ မှ ယမန်နေ့ (မေ ၂၆) အတွင်း တိုက်ပွဲ ၁၉၃ ကြိမ်ဖြစ်ပွားရာ စစ်တပ်ဘက်မှ ၁၂၈ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။
သေဆုံးသူများထဲတွင် ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးလည်း ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၁၈၀ ရှိပြီး ၎င်းတို့ ရိက္ခာသယ်ဆောင်သော မြင်း ၁၂ ကောင် သေ၍ ကား ၉ စီး ပျက်စီးသွားကြောင်း KNU ထံမှ သိရသည်။
KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရကြောင်း၊ အရပ်သား ၁ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
KNU ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တပ်ပြန်ကြားရေးအရာရှိကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုလှုပ်ရှားမှုများကို ကူညီ၊ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း KNU က သဘောထားထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ ပါဝင် လက်မှတ်ထိုးထားကြသော်လည်း ဖာပွန်ခရိုင်တွင် စစ်တပ်က လမ်းဖောက်လုပ်မှုနှင့် ပတ်သက်ပြီး ပစ်ခတ်မှုပြန်ဖြစ်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်သည်။
ဖေဖော်ဝါရီ ၁ နှင့် ဧပြီ ၈ ကြားတွင်လည်း တိုက်ပွဲ အကြိမ် ၂၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ရေးလှုပ်ရှား၊ နယ်မြေကျော်လွန်ခြင်းကြောင့်ဖြစ်ကြောင်း KNU က စွပ်စွဲထားသည်။ စစ်တပ်က ထိုစွပ်စွဲချက်ကို ပယ်ချထားသည်။
ဧပြီလအတွင်း ထိုင်း − မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို KNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မတ် ၂၇ တွင် သီးမူထာစခန်းကို KNU ဝင်တိုက်ရာ ဗိုလ်ကြီး ၁ဦး အပါအဝင် စစ်သည် ၈ ဦး အရှင်ဖမ်းမိခဲ့သည်။
ဤအတောအတွင်း မူတရော်ခရိုင် (ဖာပွန်) ၊ တပ်မဟာ(၅) နယ်မြအတွင်း KNLA နှင့် စစ်တပ် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်။ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေရာ ကျေးရွာများ၊ အရပ်သားတို့၏ လုပ်ငန်းခွင်များ ထိခိုက်ရသည်ဟု KNU က ပြောသည်။
ယခုရက်ပိုင်းအတွင်း၌လည်း ကရင်ပြည်နယ်အတွင်းရှိ KNU တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေ ဖာပွန်ခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မတ်လအတွင်းကလည်း တပ်မဟာ ၅ (ဖာပွန်) နှင့် တပ်မဟာ ၃ (ညောင်လေးပင်) တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ အရပ်သား ၂၀ သေဆုံးခဲ့ပြီး ဒေသခံသောင်းချီ စစ်ရှောင်ခဲ့ရသည်။ ၎င်းတပ်မဟာ ၂ ခုတွင် စစ်လေယာဉ်များ မကြာခဏ ရောက်ရှိလာနေကြောင်း KNU က ပြောထားသည်။
စစ်တပ်ဘက်မှလည်း KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၁)၊ (၂)နှင့် (၇) နယ်မြေများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်နွှယ်နေသူများအား စစ်သင်တန်းပို့ချနေကြောင်း စွပ်စွဲခဲ့ပြီး ယင်းအပေါ် KNU က ငြင်းဆိုထားသည်။
ယမန်နှစ်ကမူ ဖာပွန်ဒေသတွင် စစ်တပ်နှင့် KNU တပ်မဟာ ၅ တို့၏ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၊ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S ကရင်) တို့မှတစ်ဆင့် ဖြေရှင်းမည်ဟု စစ်တပ်က တုံ့ပြန်ခဲ့ဖူးသည်။
သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်တပ်က တစ်စုံတစ်ရာတုံ့ပြန်ချက်မပေးထားပေ။
လက်ရှိအချိန်တွင် စစ်တပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကယား(ကရင်နီ)ပြည်နယ်တွင်လည်း ကရင်နီတပ်မတော်နှင့်ပါ တိုက်ပွဲဖြစ်ပွားနေသည်။
ထို့ပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့တွင်လည်း စစ်အာဏာရှင်ကို လက်မခံသည့် ဒေသခံများဖြင့် စုဖွဲ့ထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို ခုံခံတိုက်ခိုက်နေသည်။