စစ်တပ်နှင့်ပြည်သူ့စစ်များ ဝင်ရောက်စီးနင်းထားသော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်း ရွာမှ ဓားစာခံ လေးဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
မူးမြစ်အနောက်ဘက်ခြမ်း အရာတော်မြို့နယ်အခြေစိုက် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် ငွေတွင်း၊ စပါးတွင်း၊ သလဲဘာစသည့် ကျေးရွာများမှ ပြည်သူ့စစ်များ ပါဝင်သောအင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက မြစ်ဖြတ်ကူးပြီး အရှေ့ဘက်ခြမ်းရှိ ဝက်လက်နယ်၊ ကျောက်ကုန်းရွာကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်က ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံများ ဖမ်းဆီးခံရသည်။
ထို့နောက် ကျောက်ကုန်းကျေးရွာမှ စားနပ်ရိက္ခာ၊ နွားနှင့် ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်နေသည့် ထို စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုရိုင်တပ်ရင်းများ၊ ဝက်လက် ပကဖ၊ ဒရုန်း တပ်များပါဝင်သည့် တော်လှန်ရေးတပ်များက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြ သည်ဟု နွေဦးအောင်ပွဲတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မူးချောင်းကနေ စက်လှေနဲ့ရော တံတားကနေရော (စစ်တပ်က) တပြိုင်တည်းဝင်တာ။ ထွက်မပြေးနိုင်တဲ့သူ တွေက မိတာ။ သူတို့ကို ရွာထဲမှာပဲ ချုပ်ထားတာ။ ထိတွေ့တိုက်ပွဲက နှစ်ရက်ဖြစ်တာ။ သူတို့နားမှာ ထားပြီး လူသားဒိုင်းအနေနဲ့ သုံးတာ”ဟု နွေဦးအောင်ပွဲတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်က ရွာထဲရှိ နေအိမ်များတွင် ဖြန့်ခွဲတပ်စွဲပြီး နေရာယူထားသဖြင့် တော်လှန်ရေးအင်အားစုများ က အောက်တိုဘာလ ၂၁ ရက်နေ့က စပြီး တဖြည်းဖြည်းချဉ်းကပ်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့၌ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ညနေတွင် စစ်ကောင်စီတပ်ဖွဲ့က မြစ်ကူးပြီး ဆုတ်ခွာသွားသည်။
တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းရေးဝင်ချိန် ကျေးရွာအနောက်ဘက်နေအိမ်များတွင် လက် ပြန်ကြိုးတုပ် ချုပ်နှောင်ထားသည့် ဓားစာခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့က ရွာထဲတစ်ရွာလုံးနီးပါးကိုဖြန့်ပြီးတော့ နေအိမ်တွေထဲတပ်စွဲထားတာ။ ကျွန်တော်တို့က အဲ့ဒါကို တစ်လက်မချင်း တိုးပြီးတိုက်ထုတ်ရတာ။ နယ်မြေရှင်းလင်းရေးဝင်တော့ ရွာရဲ့ အနောက်ဖျားနေအိမ်တွေမှာ (ဓါးစာခံတွေကို) တွေ့ရတာ”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။
ဖမ်းဆီးခံထားရစဉ် ရိုက်နှက်နှက်စက်ခံထားရသဖြင့် ဆေးကုသမှုပေးထားပြီး စိုးရိမ်ရသည့်အခြေအနေ မရှိကြောင်း ၎င်းကဆိုသည်။
ဝက်လက် အနောက်တောင်ဘက် မိုင် ၂၀ကျော်ဝေးသည့် ကျောက်ကုန်းရွာမှာ အရာတော်နှင့် ဝက်လက် နယ်စပ် မူးမြစ်ကမ်းဘေးတွင်ရှိပြီး မြစ်တစ်ဘက်ကမ်း အရာတော်မြို့နယ်ဘက်ခြမ်း သလဲဘာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ခြေကုပ်ယူထားသည်။ ယခင်ကလည်း ကျောက်ကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ရိက္ခာများလုယက်ရန် စစ်ကြောင်းထိုးလာခြင်းဖြစ် ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
ကျောက်ကုန်းရွာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး ရုပ်အလောင်းနှင့် သေနတ် ၁ လက် အပါဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁) တပ်ရင်းဖြစ်သည့် နွေဦး အောင်ပွဲတော်လှန်ရေးအင်အားစုက ထုတ်ပြန်သည်။
စစ်တပ် ရွာထဲတပ်စွဲစဉ် ထောင်ထားခဲ့သည့်နင်းမိုင်းများကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေရဆဲ ဖြစ်သည့်အတွက် ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ကျောက်ကုန်းရွာနှင့် ၁၄ မိုင်ခန့်အကွာ ရွာသာကြီးတွင် တပ်စွဲထားသည့် စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများအောက်တိုဘာဒုတိယပတ်က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာသာကြီး ကို စစ်တပ်က လေကြောင်းမှ အင်အားဖြည့်တင်းခဲ့သည်။
မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ဝက်လက်မြို့နယ်သည် ရွှေဘို၊ စစ်ကိုင်း၊ အရာတော် တို့နှင့် နယ်နိမိတ် ချင်း ထိစပ်နေပြီး စစ်တပ်က မြို့ပေါ်ရပ်ကွက်များ၊ ရှိန်းမကား၊ စိုင်နိုင်ကွေ့၊ လှတော၊ ရွာသာကြီး၊ ဟန်လင်းစသည့် ကျေးရွာများတွင်ခြေကုပ်ယူထားပြီး တော်လှန်ရေးအင်အားစုများက ကျေးလက် ဒေသအများစုကိုထိန်းချုပ်ထားသည်။
ရွေးကောက်ပွဲနီးလာချိန်တွင် စစ်တပ်က မြေပြန့်ဒေသ စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များနှင့် လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျသည့် နေရာများကို ဦးတည်ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။



