ခရစ်ယာန် ဘုရားကျောင်းဝန်းအတွင်း ဧည့်ဂေဟာအဆောက်အအုံရှိ စားဖိုဆောင်တွင် အမျိုးသမီးတစ်ဦးက ထင်းရှူးသားစဖြင့် မီးမွှေးနေပြီး ကျန်တစ်ဦးက ဟင်းရွက် ခြွေနေသည်။
ညစာ ချက်ပြုတ်နေသည့်အဆိုပါ အမျိုးသမီးတို့သည် အာဏာသိမ်းစစ်တပ်၏ရန်ကြောင့် နေရပ်စွန့်ခွာလာသူများ ဖြစ်ကြသည်။
၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်တပ်က ချင်းတောင်ပေါ်သို့ တက်လာရာ ကလေး- သိုင်းငင်းလမ်းမဘေး တစ်လျှောက်ရှိ မွာလ်ပီး၊ ထေးဇန်၊ ဟဲန်ဇိန်၊ ဗွန်ဆမ် နှင့် သိုင်းငင်း စသည့်ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။
မေလ ၂၁ ရက်နေ့က စတင်သည့် တိုက်ပွဲသည် ၄၅ ရက်ခန့်ကြာ တရစပ် ပြင်းထန်ခဲ့သည်။ ယင်းနောက် ချင်းကာကွယ်ရေး တပ်များသည် ၎င်းတို့ထက် လက်နက်အင်အားသာသည့် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ရာ စစ်တပ်သည် နိုင်ငံ၏ အခြားဒေသများတွင် ပြုမူနေသလို မွှာပီးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း အပါအ၀င် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးလိုက်ရာ ဘုရားကျောင်းတွင် ခိုလှုံနေကြသော အမျိုးသမီးတို့၏ နေအိမ်များလည်း မီးထဲပါသွားပြီဖြစ်သည်။
ယခု တိုက်ပွဲ မရှိသော်လည်း နေရပ်ရင်းသို့ပြန်ရန် အခြေအနေ မပေးသေးကြောင်း အသက် ၄၀ အရွယ် ဒေါ် ကျင်ခေါ်ပေါင်က ပြောပြသည်။
“ကျွန်မတို့က ဖြစ်နိုင်ရင် ကိုယ့်အိမ်ကိုယ့်ယာမှာ ပြန်ချင်ကြပြီ၊ အခုက ပြန်ဖို့အိမ်တောင် မရှိတော့ဘူး” ဟု သူက ချဉ်ပေါင်ရွက်ခြွေရင်း ပြောပြသည်။
စစ်တပ်က တောလှန်ရေးသမားများကို တိုက်ခိုက်သလို ထိုသူများ ဝင်ထွက်သွားလာနေသည့် ရပ်ကွက်ကျေးရွာများကိုပါ ဖျက်ဆီးသည့် ဗျူဟာကို ချင်းပြည်နယ်တွင်လည်း ကျင့်သုံးနေသဖြင့် ဒေသခံအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည်။ သို့သော်လည်း စစ်ဘေးဒဏ်သင့်နေသူများသည် ရပ်နီးရပ်ဝေး မိတ်ဆွေများ၊ ဘာသာရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ပိုမိုလုံခြုံမည့်နေရာတွင် ခိုလှုံနေကြသည်၊ ဝမ်းနည်းကြေကွဲစရာများ ရှိနေလင့်ကစား ရှင်သန်ရေးအတွက် ရုန်းကန်နေကြသလို ကြုံတွေ့ရသည့် အခက်အခဲများအကြောင်း ရယ်ပွဲဖွဲ့သည့်နည်းဖြင့်လည်း ပေါ့ပေါ့ပါးပါး နေထိုင်နိုင်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။
အစမပြုနိုင်သေးသော တောင်ယာလုပ်ငန်း
စစ်တပ်၏ မီးရှို့မှုကြောင့် ချင်းပြည်နယ်တွင် လူနေအိမ် အဆောက်အအုံ ၃၅၀၀ နီးပါး ပျက်စီးခဲ့သည်၊ ထိုအရေအတွက်သည် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များကို ထည့်သွင်း တွက်ချက်မထားဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ထားသည်။

နေအိမ်မီးရှို့ခံရသူများထဲတွင် ဒေါ်ကျင်ခေါ်ပေါင်ရင်ဆိုင်ခဲ့ရသည့် ဒုက္ခများမှာ အခြားသူများနှင့် မတူပေ။
သူ့ခင်ပွန်းသည်မှာ ၂၀၂၃ ခုနှစ်က ခိုင်ကမ်းမြို့တွင် ပစ်ခတ်ခံရပြီးနောက် အာဏာသိမ်းတပ်က ရုပ်အလောင်းနှင့် ဆိုင်ကယ်ကို ပြန်မပေးခဲ့သဖြင့် နာရေးကို ရုပ်အလောင်းမရှိဘဲ သူတို့ စီစဉ်ခဲ့ရသည်။
ခင်ပွန်းသည် မရှိသည့်နောက် ဒေါ်ကျင်ခေါ်ပေါင်သည် ကလေးသုံးဦး၊ မိခင်၊ ယောက္ခမနှစ်ဦးတို့ကို လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေရသည်။
“သားသမီးတွေကို မွေးထားပေမယ့် သူတို့အတွက် ကျောင်းမထားနိုင်ဘူး။ ကျောင်းကို သူများလို မြို့တွေမှာ မထားနိုင်ဘူးပေါ့။ ရွာမှာရော စစ်ရှောင်တဲ့နေရာမှာပါ ကျောင်းမဖွင့်တော့ ခက်တယ်။ ပညာတတ်တော့ ဖြစ်စေချင်တာပေါ့” ဟု ဒေါ်ကျင်ခေါ်ပေါင်က ပြောသည်။
ဘုရားကျောင်းက သူတို့ကို နေစရာ ပေးသလို၊ ရံဖန်ရံခါ ထောက်ပံ့ကူငွေနှင့် ရိက္ခာဆန် ပေးသည်။
ချင်းပြည်နယ်ဒေသခံ အများအပြား ပြည်ပတွင် ရှိနေကြရာ အခက်အခဲကြုံနေရသူများ နေရာသစ် ရောက်ခါစတွင် ဆက်သွယ်ထောက်ပံ့ကြသည်ဟု ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူတို့ကို ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။
“စစ်ဘေး စရှောင်ချိန်မှာတော့ နိုင်ငံခြားရောက် ရွာခံတွေက လှူကြတယ်၊ ထည့်ကြတယ်ပေါ့နော်၊ အဲဒီအလှူငွေတွေက သူတို့ (စစ်ဘေးရှောင်တွေ) အခြေချနိုင်ဖို့ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ အသုံးအဆောင်တွေအတွက်တော့ လောက်ငပါတယ်” ဟု ၎င်းက ဆိုသည်။

“နောက်ပိုင်းမှာတော့ အလှူငွေထည့်၀င်မှုတွေကလဲ နည်း နည်းလာပြီး၊ မရှိသလောက်ဖြစ်လာတော့ သူတို့ဘာသာရပ်တည်ဖို့ လိုအပ်လာတာပေါ့”
ဒေသခံများသည် တိမ်းရှောင်နေရသောကြောင့် ယခုနှစ်အတွက် စပါးနှင့် အခြား သီးနှံများ စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ချေ။
စစ်တပ်က ၎င်းတို့ရောက်ခဲ့သည့်နေရာအချို့တွင် မြေမြှုပ်မိုင်း ထောင်ထားတတ်ခြင်း၊ မပေါက်ကွဲသေးသော စစ်ကျန်လက်နက်များ ရှိနေတတ်ခြင်းကြောင့် ဒေသခံတို့က တောင်ယာသို့ သွားရန်လည်း တွန့်ဆုတ်နေသည်။
ဒေါ်ကျင်ခေါ်ပေါင်တို့က မီးလောင်ပြင်တွင် ယာယီတဲထိုး၍ နေထိုင်ရန် ကနဦး စဉ်းစားခဲ့သော်လည်း မိုင်းအန္တရာယ်ကြောင့် လက်လျှော့ထားသည်။
မြန်မာနိုင်ငံသည် ဆီးရီးယား၊ ယူကရိန်းနှင့် အာဖဂန်နစ္စတန် တို့ကို ကျော်လွန်၍ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာသည်ဟု International Campaign to Ban Landmine ၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဏာသိမ်းသည့်နေ့မှ မှ ၂၀၂၅ မေလ ၃၁ ရက်နေ့ ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၃၅ ဦး ကျော်ရှိသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က လက်လှမ်းမီသမျှ စုဆောင်းထားသည့် စာရင်းအရ သိရသည်။
တောင်ယာကိုသာ အဓိထား စိုက်ပျိုးလုပ်ကိုင်ပြီး အသက်မွေး၀မ်းကျောင်းပြုရသည့် ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရခြင်း၊ မိုင်းအန္တရာယ် ကြီးမားခြင်း ယခုနှစ်အတွက် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိပေ။
ရိက္ခာပြတ်ပြီး ဆာလောင်မွတ်သိပ်မှုဒဏ်ကို အပြင်းထန်ဆုံး ရင်ဆိုင်ခံစားနေရသည့် နိုင်ငံများတွင် မြန်မာသည် လူဦးရေ ပဉ္စမမြောက် အများဆုံးရှိသည့်နိုင်ငံ ဖြစ်လာသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က မကြာသေးမီက ထုတ်ပြန်သည်။
လူဦးရေ ၂ ဒသမ ၈ သန်းသည် ထမင်းတစ်နပ်အတွက် ရုန်းကန်နေရပြီး လူဦးရေ ၁၆ ဒသမ ၇ သန်းသည် ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာငန်းဖမ်းနေသော စစ်အုပ်စုသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တော်လှန်သူ အပေါင်းကို ရက်ရက်စက်စက်ဖြိုခွဲနေပြီး ပြည်သူလူထု၏ အိုးအိမ်များ၊ အလုပ်အကိုင်များ၊ မိသားစု ဘဝများ၊ လူငယ်များ၏ အနာဂတ်များ ပျက်စီးကြရသည်။ (ဓာတ်ပုံ – ကေတီခွါခွန်ပို)
အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူများသည် စစ်ကြောင်းလာတိုင်း တိမ်းရှောင်နေရသည်။ ထိုသို့ မရှောင်တိမ်းနိုင်လျင် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်သည်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရနိုင်သည်။ စစ်အာဏာသိမ်းပြီးကာလမှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၂၀၂ ဦး ရှိပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၁ ဦး ရှိသည်ဟု Institute of Chin Affairs ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူဦးရေ ငါးသိန်းရှိသည့် ချင်းပြည်နယ်တွင် နှစ်သိန်းခွဲခန့်သည် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားသည်။
အကြိမ်ကြိမ်ထွက်ပြေးရသူတို့၏ မျှော်လင့်ချက်
ဘုရားကျောင်းနယ်မြေအတွင်း ခိုလှုံနေသူများထံသို့ ရွာခံ အမျိုးသမီးများအပြင် ဘ၀တူ စစ်ဘေးရှောင် အမျိုးသမီးများလည်း အလည်လာတတ်ကြသည်။
ထိုအခါ အမျိုးသမီးတို့သည် ရှေးဟောင်းနှောင်းဖြစ်များကိုပြောရင်း ရယ်မောကာ ဝိုင်းဝန်း ချက်ပြုတ်တတ်သည်။
ထိုအထဲတွင် ဘုရားကျောင်းနယ်မြေသို့ လာရောက်လည်ပတ်သည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်နွမ်ခမ်ကျိန်လည်း ပါသည်။
“အခုကတိုက်ပွဲမရှိတော့ပေမဲ့ ပြန်ဖို့က မဖြစ်နိုင်သေးဘူး။ ရွာကိုတော့ ကိုယ့်အိမ်ကဘယ်လိုရှိလဲ သွားကြည့်တာက နှစ်ခါလောက်သွားဖြစ်တယ်။ ပြန်နေမယ်ဆိုပြန်တော့လည်း အိမ်က မီးလောင်ထဲပါသွားတယ်” ဟု ဒေါ်နွမ်ခမ်ကျိန်က ရွာအပြန်လမ်းကို မျှော်ငေးရင်း ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်ကျော်အတွင်း စစ်ကြောင်းလာတိုင်း တိမ်းရှောင်နေရသည်ဟု သူတို့က ဆိုကြသည်။
ဒေါ်ဒိမ်ပုန့်ဟွဲ အမည်ရှိ အမျိုးသမီးငယ်က အငယ်ဆုံးသား ကျန်းမာရေးမကောင်းခြင်း၊ ကားခ မတတ်နိုင်ခြင်းတို့ကြောင့် ရပ်ဝေးသို့ တိမ်းရှောင်ရန် အခြေအနေ မပေးခဲ့ဟု ပြောပြသည်။
“ဒီတစ်ခါနဲ့ဆို ငါး ကြိမ်မြောက် စစ်ရှောင်ရတာ၊ တောင်ယာ လုပ်တာဆိုတော့ တောင်ယာမှာ ရှောင်ပြေးဖို့ စီစဉ်တယ်။ တချို့လူတွေဆိုရင် သူတို့ ဆိုင်ကယ်နဲ့ တခြားနေရာကို ရှောင်ဖို့သွားကြတယ်။ ကျွန်မတို့က ငွေရေးကြေးရေး အခက်ခဲကြောင့် မရှောင်နိုင်သေးဘူး။ သေနတ်သံတွေကလည်း ဆက်တိုက်ကြားနေရတယ်။ ကြောက်လည်းကြောက်တယ်” ဟု အသက် ၃၀ ကျော် အရွယ် ဒေါ်ဒိမ်ပုန့်ဟွဲက ထမင်းအိုးတည်ထားသည့် မီးဖိုတွင် ထင်းထပ်ထည့်နေရင်း ၀မ်းနည်းမျက်ရည်များကို အင်္ကျီစနှင့် သုတ်ကာ ပြောပြသည်။

“ကျွန်မသား အငယ်ဆုံးက ဝက်ရူးပြန် ရောဂါရှိတယ်။ သူများတွေ ထွက်ပြေးနိုင်ပေမဲ့ ကျွန်မတို့က မရှောင်နိုင်သေးဘူး၊ နှစ်ပတ်လောက်အထိတော့ ရွာက အိမ်မှာပဲ”
ရပ်ရွာအတွင်း နေထိုင်သူများ တိမ်းရှောင်သည့်နေရာသို့ သွားရောက်ပူးပေါင်းလိုသော်လည်း ခရီးစရိတ်အခက်အခဲကြောင့် ခင်ပွန်းသည်က မကြာခဏဆိုသလိုပင် တောင်ယာတဲသို့သာ သွားရောက်တိမ်းရှောင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနောက် ထမင်းချက်ပြုတ်နေကြသည့် ဒေါ် ကျင်ခေါ်ပေါင်၊ ဒေါ်ဒိမ်ပုန့်ဟွဲနှင့် အိမ်အလည်လာသည့် ဒေါ်နွမ်ခမ်ကျိန်တို့သည် စစ်ဘေးရှောင်စဉ်က အလွဲများကို ပြန်ပြောပြရင်း ရယ်မောနေကြပြန်သည်။
အမျိုးသမီးတစ်ယောက်က ကြိုတင် ပြင်ဆင်ထားသော၊ အရေးကြီးပစ္စည်းများ ထည့်ထားသောအထုပ်ကိုမယူဘဲ ထမင်းအိုးကိုသာ သယ်ပြေးခဲ့ကြောင်း၊ ဆိုင်ကယ်ပေါ်ရောက်မှ အထုပ်ကို ပြန်ယူခဲ့ရသည့်အကြောင်း ပြောသဖြင့် ရယ်နေကြပြန်သည်။
အာဏာသိမ်းစစ်တပ်ကို အနယ်နယ် အရပ်ရပ်မှ တော်လှန်ရေးအဖွဲ့များက အသက်ပေါင်းများစွာ ရင်းပြီး ခုခံစစ်ဆင်နွှဲနေကြသည်မှာ ငါးနှစ်ထဲဝင်လာပြီ ဖြစ်သော်လည်း ဒေါ်ဒိမ်ပုန့်ဟွဲက ၎င်းတို့အတွက် အဆင်ပြေသည့် အနာဂတ် ရှိမည်ဟု အကောင်းမြင်သူဖြစ်သည်။
၎င်းကိုယ်တိုင် အဆုံးအရှုံး ကြီးမားသော်လည်း အသက်ဆက်လက်ရှင်သန်ရဦးမည်ဟု ဆိုသည်။
“ဘုရားရဲ့ အလိုတော်အတိုင်းပဲလို့ စိတ်ထဲမှာ ရှိတယ်။ ကျွန်မတို့အိမ် ပျက်စီးသွားပေမယ့် လူတွေ ကျန်းကျန်းမာမာရှိနေတာတင်ပဲ တော်သေးတယ်ပြောရမှာပေါ့။ အသက်ရှင်သမျှ ရုန်းကန်ဖို့၊ ရှင်သန်ဖို့ အခွင့်ရှိသေးတယ်လို့ ထင်တယ်။ တစ်ချိန်ချိန်တော့ ဒါတွေအကုန်လုံးအဆင်ပြေသွားမှာလို့တွေးပြီး ဖြတ်သန်းနေတယ်” ဟု ဒေါ်ဒိမ်ပုန့်ဟွဲက ပြောလိုက်သည်။



